Company News: လူအစား စက်ရုပ်များ သုံးလာသည့် ဂျပန်အသက်အာမခံကုမ္ပဏီ

ဝန်ထမ်း ၃၀ ကျော်ရဲ့ နေရာမှာ အစားထိုးသွားမှာပါ။

play

 

နည်းပညာနဲ့ လူသားဘဝ အလွဲလေးများလို့ ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဂျပန်အသက်အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Fukoku Mutual Life Insurance ဟာ လူသားဝန်ထမ်းများရဲ့ နေရာမှာ ဥာဏ်ရည်တုသုံး စက်ရုပ်များကို အသုံးချတော့မှာပါ။ ကုမ္ပဏီအနေနဲ့ ဆော့ဖ်ဝဲလ်ဟာ သာမန်ဝန်ထမ်းတွေထက် ထုတ်လုပ်မှုစွမ်းရည်သာလွန်တယ်လို့ ယူဆပြီး ၎င်းတို့ ရဲ့ ဝန်ထမ်း ၃၄ နေရာမှာ စက်ရုပ်များနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

စက်ရုပ်တွေဟာ အားလပ်ရက်မရှိအောင် အလုပ်လုပ်နိုင်ပါတယ်။ ပါဝါမကုန်မချင်း အဆက်မပြတ်ခိုင်းလို့ ရပြီး ဒီအတွက်လည်း လူသားများလို ဆန္ဒပြဆူပူကြမှာ မဟုတ်ပါဘူး။ နိုင်ငံရေးအကြောင်းလည်း မပြောသလို သူဌေးကွယ်ရာမှာလည်း အတင်းတုပ်မှာ မဟုတ်ပါဘူး။ စက်ရုပ်တွေဟာ ကော်လာဖြူ (white collar) လို့ ခေါ်တဲ့ ထိပ်တန်းအလုပ်အကိုင်တွေအတွက် ပြောစရာမလိုလောက်အောင်ပါပဲ။ ဒါ့ကြောင့်ပဲ ဂျပန်အသက်အာမခံကုမ္ပဏီဟာ လူသားဝန်ထမ်းများ နေရာမှာ AI သုံးစက်ရုပ်တွေနဲ့ အစားထိုးလိုက်တာ ဖြစ်ပါတယ်။

နှစ်ကုန်ပိုင်းလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Fukoku Mutual Life Insurance ကုမ္ပဏီဟာ ဥာဏ်ရည်တု AI  ဆော့ဖ်ဝဲလ်များကို သုံးခြင်းဖြင့် ထုတ်လုပ်မှု ၃၀ % တက်လာမယ်လို့  ပြောကြားခဲ့ပါတယ်။

 

 

ဒါ့ကြောင့်ပဲ ဝန်ထမ်း ၃၄ ယောက်ရဲ့ နေရာမှာ IBM Watson Explorer ဆိုတဲ့ AI ဆော့ဖ်ဝဲလ်နဲ့ ဇန်နဝါရီလထဲမှာ အစားထိုးသွားမှာဖြစ်တယ်လို့ ဂါးဒီးယန်းမဂ္ဂဇင်းရဲ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ AI တစ်ခုချင်းစီကနေ ထုတ်လုပ်မှု ၁ % စီ ပိုတိုးတက်လာမှာ ဖြစ်ပြီး ကုန်ကျစရိတ်လည်း အများကြီး သက်သာသွားမှာပါ။

ဒီဆော့ဖ်ဝဲလ်ဟာ ဖောက်သည်ဝန်ဆောင်မှုပိုင်းမှာ ငွေပေးငွေချေအကဲဖြတ်မှုကို ပိုမိုတိကျမှန်ကန်အောင်လုပ်ပြီး ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။

AI စနစ်သွင်းပြီးတာနဲ့ Fukoku ဟာ ကုန်ကျစရိတ်အနေနဲ့ ယန်းသန်း ၁၄၀ (ဒေါ်လာ ၁.၂ သန်း) သက်သာသွားမှာပါ။ ဒီစနစ်အတွက် ဒေါ်လာ ၁.၇ သန်းဝန်ကျင် ကုန်ကျမှာ ဖြစ်ပြီး နှစ်စဉ် ထိန်းသိမ်းပြုပြင်မှုအတွက် ဒေါ်လာ ၁၃၀၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။

အခုလို အပြောင်းအလဲနဲ့ ပတ်သတ်လို့ ဖောက်သည်များအနေနဲ့ နှစ်သက်မယ် မနှစ်သက်ဘူးဆိုတာကို မသိရပေမယ့် အလုပ်ဖြုတ်ခံရတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ဒီ AI စနစ်ကို ကျေးဇူးတင်စကားဆိုချင်မှာတော့ မဟုတ်ပါဘူး။ AI ဆော့ဖ်ဝဲလ်များကြောင့် အနာဂါတ်လူသားဘဝမှာ ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို မေးခွန်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

 

play

 

Source: cnet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ