ဒရုန်းတွေဟာ အနာဂါတ် သယ်ယူပို့ ဆောင်ရေးအတွက် အလေးထားရမယ့် နည်းပညာတစ်ခုဖြစ်ဖို့ ရှိပါတယ်။ အထူးသဖြင့် ခရီးသွားလာရေးနဲ့ ပစ္စည်းသယ်ယူပို့ ဆောင်ရေးကဏ္ဍများမှာပါ ဒရုန်းယာဉ်များ အသုံးတွင်ကျယ်လာဖို့ ရှိနေပါတယ်။

 

ကမ္ဘာကျော်လေယာဉ်ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Boeing ကတော့ လူလိုက်ပါစီးနင်းခြင်းမရှိဘဲ ထောင်လိုက်အတက်အဆင်းလုပ်နိုင်တဲ့ လျှပ်စစ်ကုန်တင်ယာဉ်ပျံအကြီးစားတစ်မျိုးကို ထုတ်ဖော်မိတ်ဆက်ခဲ့တာပါ။ ဒီယာဉ်ဟာ အနာဂါတ်မောင်းသူမဲ့ မိုးပျံယာဉ်များအတွက် ရှေ့ ပြေးနမူနာတစ်ခုဖြစ်ပြီး အလေးချိန် ပေါင် ၅၀၀ အထိ သယ်ပို့ လုပ်နိုင်တာကြောင့် ပစ္စည်းပို့ ဆောင်ရေးချန်နယ်သစ်ကို လာမယ့်နှစ်များမှာ မြင်ရဖို့ ရှိနေပါတယ်။

ယခုဒရုန်ယာဉ်ကြီးကို Boeing မှ အင်ဂျင်နီယာများဟာ အချိန် ၃ လအတွင်း ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာ ဖြစ်ပြီး မစ်ဆိုရီမှာ ရှိတဲ့ Boeing ရဲ့ သုတေသနဌာနမှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းပြနိုင်ခဲ့ပါတယ်။ ဒီယာဉ်ပျံနဲ့ ပတ်သတ်ပြီး Boeing ကုမ္ပဏီ နည်းပညာအကြီးအကဲချုပ် ဂရက်ဟိုက်စလော့မှ "ဒီမိုးပျံသယ်ပို့ ယာဉ်ဟာ ကျွန်တော်တို့ Boeing ရဲ့ ထောင်လိုက်အတက်အဆင်းနည်းပညာ eVTOL အတွက် ဗျူဟာမြောက်တို့ အရေးပါ ခြေတစ်လှမ်းကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ အနေနဲ့ လေကြောင်း ခရီးသွားလာရေးနဲ့ သယ်ယူပို့ ဆောင်ရေးပိုင်းမှာ တကယ့်ကို ပြောင်းလဲနိုင်တဲ့ အခွင့်အလမ်းတစ်ခု ရလိုက်တာပါ။ ဒီနေ့ ဒီအချိန်ကို လေကြောင်းခရီးသမိုင်းအတွက် အရေးပါတဲ့ အဆင့်တစ်ရပ်အဖြစ် ပြန်ပြီး စောင့်ငဲ့ကြည့်ရတော့မှာပါ။ "လို့ ဆိုပါတယ်။

play
နမူနာဒရုန်းယာဉ်

 

Boeing ရဲ့ဒီယာဉ်ပျံဟာ ထောင်လိုက်ပျံသန်းဖို့ rotors ၈ ခုနဲ့ ဆင်ထားပြီး ၁၅ ပေအရှည် ၊ ၁၈ ပေအကျယ် နဲ့  ၄ ပေအမြင့်ရှိပါတယ်။ စုစုပေါင်း အလေးချိန်အားဖြင့် ၇၄၇ ပေါင် ရှိပြီး လျှပ်စစ်ပါဝါနဲ့ ပျံသန်းတာပါ။ ဒီယာဉ်မှာ သုံးထားတဲ့ ဘက်ထရီပါဝါ ၊ ပျံသန်းနိုင်တဲ့ အချိန်ကာလ စတဲ့ တစ်ခြားအသေးစိတ်အချက်အလက်တွေကိုတော့ Boeing မှ မထုတ်ပြန်ထားပါဘူး။

 

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတော့ Boeing ဟာ GoFly နာမည်နဲ့ တစ်ကိုယ်ရေသုံး မိုးပျံထုတ်ကုန်ဒီဇိုင်းပြိုင်ပွဲတစ်ရပ်အတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ထားပါတယ်။ ဆုကြေး ဒေါ်လာ ၂ သန်းအထိ ပေးသွားမယ့် ဒီပြိုင်ပွဲရဲ့ ဆုရပြိုင်ပွဲဝင်ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်မှာ မြင်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video