သြဂုတ်လလယ်က ပြည်တွင်းမှာ မိတ်ဆက်ထားတဲ့ ဖုန်းပါ

ဒီဘက်ခေတ်မှာ မြန်မာငွေ ၂ သိန်းအောက်ဖုန်းကို ဘက်ဂျက်ဖုန်းလို့ပြောနေပြီး ၆ သိန်း ၇ သိန်းနဲ့အထက်ဖုန်းတွေဆို flagship ဆိုပြီး မိတ်ဆက်နေတာပါ။ Honor 9 Lite ကတော့ ဘက်ဂျက်ဖုန်းထဲမှာ ပါပါတယ်။

Huawei ရဲ့ sub-brand တစ်ခု ဖြစ်တဲ့ Honor 9 Lite ကို သြဂုတ်လလယ်က မြန်မာပြည်ဈေးကွက်ထဲ မိတ်ဆက်တာပါ။ ဒီဖုန်းကို မဝယ်ခင် ဘာတွေ သိထားသင့်သလဲ။ ဒီဖုန်းရဲ့ အားနည်းချက် အားသာချက်တွေက ဘာတွေလဲဆိုတာကို ကျွန်တော်တို့ကြည့်လို့ရအောင်ပါ။

ဒီဇိုင်း

honor-9-lite-review-5.jpg

Photo: Android Central

 

တကယ်လို့အရင်က Honor series တွေဖြစ်တဲ့ Honor 6X/7X တို့ကိုင်ဖူးရင် မေ့သွားလောက်တဲ့ ဒီဇိုင်းကို Honor 8 Lite မှာ တွေ့ရပါတယ်။ Honor ဟာ glass body ၊ Full View ကို ဒီဖုန်းမှာ ကောင်းကောင်း အသုံးချသွားပါတယ်။ သူနဲ့အနီးစပ်ဆုံးတူတဲ့ Honor ဖုန်းတစ်လုံးက Honor 7C ပါ။ မတူတာက Honor 9 Lite က တကယ့် budget ဖုန်း။

၅.၆၅ လက်မ အရွယ်အစား ဒီဖုန်းဟာ ရိုးရှင်းတဲ့ အထက်အောက် ဘေးဘောင်ပါးစတိုင်နဲ့လာပြီး resolution ပိုင်းမှာ 2160 x 1080 pixel ပါလာတာက စိတ်ကျေနပ်စရာပါ။ ကျောဘက်မှာ LED flash နဲ့တွဲလျက် အလျားလိုက် dual cameras နဲ့အတူ fingerprint scanner တစ်ခုထားရှိထားပါတယ်။ ဒီဇိုင်းပိုင်းမှာ ပြောစရာ မရှိပါဘူး။ mirror panel ဒီဇိုင်းကို ကျောဘက်မှာသုံးထားလို့ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိပါတယ်။

နာမည်ကြီး 18:9 screen အချိုးသုံးထားလို့သေးသွယ်တယ်။ ကျစ်လျစ်သားနားတယ်။ မှန်ကိုယ်ထည်ဖြစ်တာကြောင့် အကိုင်အတွယ်တော့ ဂရုစိုက်ရမှာပါ။  ဒီတော့ ဒီဇိုင်းပိုင်းမှာ Honor 9 Lite ဟာ တကယ် ဝယ်ပျော်တဲ့ ဖုန်းလို့ပြောနိုင်ပါတယ်။

 

ကင်မရာ

honor9lite_fullreview_proscons_coverimage-750x430.jpg

Photo: gadget2buy

 

Honor 9 Lite မှာ ဒီဇိုင်းနဲ့display ရုပ်ထွက်ပြီးရင် ထူးခြားတာက quad cameras လို့ခေါ်ရမယ့် ရှေ့ကင်မရာ ၂ လုံး ၊ နောက် ကင်မရာ ၂ လုံး သုံးသွားတဲ့ အချက်ပါ။ Huawei ရဲ့ Nova နောက်ထွက် စီးရီးတွေမှာ ကင်မရာ ၄ လုံး ဖုန်းတွေ မြင်ဖူးလို့သိပ်စိတ်လှုပ်ရှားစရာ မဟုတ်ပေမယ့် ဒီဖုန်းက Nova 3 ထက် တစ်ဝက်နီးပါး ဈေးသက်သာတဲ့ ဘက်ဂျက်ဖုန်းဆိုတာ မမေ့စေချင်ပါဘူး။

ပြဿနာက ကင်မရာစွမ်းဆောင်ရည်ကို lens အရေအတွက်တို့MP ပမာဏတို့နဲ့တင် ပြောလို့မရတာပါ။ ဖုန်းမှာ ကင်မရာကို တကယ့် စမတ်ကျကျ သုံးတတ်သူတွေကတော့ multiple lens လို့ခေါ်တဲ့ ကင်မရာများများ သုံးမှ ကောင်းမယ်ဆိုတဲ့အချက်ကို ငြင်းကြပါတယ်။ဒါပေမယ့်လည်း အခုစမတ်ဖုန်းခေတ်မှာ ကုမ္ပဏီတိုင်းက ကင်မရာ များနိုင်သမျှ များအောင် လုပ်လာတာက trend တစ်ခုလို ဖြစ်လာပါပြီ။

Honor 9 Lite မှာ သုံးထားတဲ့ ရှေ့နောက် ကင်မရာအားလုံးဟာ 13MP+2MP အတွဲတွေပါပဲ။ ကောင်းတာတစ်ခုက PDAF လို့ခေါ်တဲ့ Phase Detection Autofocus စနစ်ကို ဒီဖုန်းမှာ သုံးထားလို့ကင်မရာချိန်ကွက်တွေမှာ အမြန်ဖမ်းရိုက်နိုင်တာက မဆိုးပါဘူး။ အခန်းတွင်း ရိုက်ချက်မျိုးနဲ့နည်းနည်း မှောင်တဲ့ ရိုက်ချက်တွေမှာတော့ စိတ်ကျေနပ်လောက်အောင် မဖြစ်ပါဘူး။

ဒီတစ်ခုကိုတော့ Honor 9 Lite ဝယ်မယ်ဆိုရင် ချိန်ရမယ့် အချက်ပါ။ တကယ်လို့ကင်မရာမှ ကင်မရာရယ်ဆိုရင်တော့ အရမ်းကြီး မမျှော်လင့်စေချင်ပါဘူး။

Portrait shot တွေ ရိုက်မယ်ဆိုရင် တစ်ခုရှိတာက ဆော့ဖ်ဝဲလ်က တစ်ခါတည်း bokeh effect သွားဖမ်းတာ မဟုတ်ဘဲ လူကနေ ဝင်ပြီး ညှိပေးရတဲ့ အချက်လေးတွေ ရှိပါတယ်။ နာမည်ကြီး ဖုန်းတွေ အထူးသဖြင့် high-end ဖုန်း ကင်မရာတွေမှာဆို portrait mode ရွေးထားတာနဲ့ဓါတ်ပုံရိုက်လိုက်ရင် ချက်ချင်း portrait mode တက်တော့တာပါ။Honor 9 Lite ကတော့  ကင်မရာရိုက်ရင်း ပညာတော့ ရမယ်လို့ပြောရင် ရပါတယ်။

 

performance

honor-9-lite-review-4.jpg

Photo: Android Central

 

အရင်ဆုံး ဘက်ထရီကနေ စကြည့်ရအောင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောရင် အရင်က Honor 7A မှာ ဘက်ထရီမခံတဲ့ ပြဿနာကြုံပြီးနောက် လန့်ခဲ့ဖူးပါတယ်။ Honor 9 Lite မှာလည်း 3000 mAh ဘက်ထရီသုံးထားတာကို နည်းတယ်လို့ထင်ပါတယ်။ glass ကိုယ်ထည်ဖြစ်ပေမယ့် wireless charging မရတာကို မပြောလိုပေမယ့် fast charging မပါတာ ၊ Type C မဟုတ်တာကတော့ မကြိုက်ပါဘူး။

processor မှာ Huawei ရဲ့ ကိုယ်ပိုင် chip ဖြစ်တဲ့ HiSilicon Kirin 659 သုံးထားပါတယ်။ တကယ်ပြောရရင် Snapdragon ဆိုရင် ပိုပြီး သဘောကျမိမှာပါ။ ကုမ္ပဏီကတော့ Kirin 659 ဟာ 2.3GHz octa-core ရှိတယ်ဆိုပါတယ်။ ဘက်ဂျက်ဖုန်းတစ်လုံးအတွက် အဆင်ပြေမယ့် သဘောမှာ ရှိပါတယ်။

အခုချိန်ထိတော့ သုံးပျော်ပေမယ့် ထပ်ပြီး စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်ကတော့ ဖုန်းကို အကြီးအကျယ် ခိုင်းတာတွေ မလုပ်တော့ ပြဿနာမရှိပေမယ့် ဂိမ်းတွေ app အကြီးစားတွေ သုံးမယ် ဆော့မယ်ဆိုရင်တော့ အဆင်ပြေပါ့မလား စဉ်းစားစရာပါ။

တစ်ဘက်ကပြန်ကြည့်ရင် Huawei ဟာ တလောက GPU Turbo ဂရပ်ဖစ်နည်းပညာကို ဖုန်းတွေမှာ ထည့်သွင်းပေးသွားမယ်လို့ကြေငြာထားလို့HDR Gaming စနစ်ကို ဘက်ဂျက်ဖုန်းတွေမှာ ကစားနိုင်ဖို့မျှော်လင့်ရပါတယ်။

RAM/storage ပိုင်းမှာ 3GB/32GB ကတော့ ဒီဘက်ခေတ်အမြင်နဲ့ဆို နည်းတယ်ဆိုနိုင်ပေမယ့် microSD card ထပ်စိုက်လို့ရတာ ကောင်းကွက်တစ်ခုပါ။

 

ဆော့ဖ်ဝဲလ် ၊ အသံ နဲ့ဈေးနှုန်း

Capture.PNG

Photo: Honor Myanmar

 

EMUI 8.0 အုပ်ထားတဲ့ Android 8.0 Oreo ပါလာတာက တိုးတက်မှုတစ်ခုပါ။ အမြန်လော့ဖွင့်နိုင်တဲ့ fingerprint စနစ် ၊ ကျယ်လောင်တဲ့ စပီကာတို့ကလည်း ဘက်ဂျက်ဖုန်းတစ်လုံးကို ဝယ်ချင်သူတွေအတွက် သဘောကျမယ့်အချက်ပါ။

တကယ်တမ်း ကျွန်တော်အကြိုက်ဆုံးတစ်ခုကို ပြောပါဆိုရင် ဈေးနှုန်းကိုပဲ ညွှန်းရမှာပါ။မြန်မာငွေ ၂ သိန်းအောက်ဖုန်း သင့်သင့်ဝယ်ဖို့စဉ်းစားနေသလား။ Honor 9 Lite အနိမ့်ဆုံးဗားရှင်းကို ပြည်တွင်းမှာ ၁၉၉၀၀၀ ကျပ်နဲ့မိတ်ဆက်ထားလို့တန်တယ်လို့ဆိုနိုင်ပါတယ်။ ၂ နှစ် တစ်ခါ ၃ နှစ်တစ်ခါလောက် ဖုန်းအသစ် ဝယ်ကိုင်နေရသူတွေကတော့ ဒီ Honor 9 Lite လို feature စုံ ဈေးနည်းတဲ့ မော်ဒယ်ကို စိတ်ဝင်စားကြမှာပါ။

ပြဿနာက 4GB/64GB storage ဈေးမှာတော့ နောက်ထပ် ၁ သိန်း ထပ်စိုက်ရတာပါ။ ဒါကြောင့် Honor 9 Lite ကို အများကြီး မျှော်လင့်မထားစေချင်ပါဘူး။ ဈေးကွက်ထဲက ၃ သိန်းပတ်ချာလည် ဖုန်းတွေထဲမှာ အလားတူ RAM 4GB/64GB ဗားရှင်းနဲ့လာတဲ့ mid-range ဖုန်းတစ်ချို့မှာဆို ကင်မရာ ဒီလောက်မများပေမယ့် dual cameras စနစ်တွေ ဖြစ်သလို performance ပိုင်း ပိုအားရတဲ့ ဖုန်းတစ်ချို့လည်း ရှိပါတယ်။

 

ဒီတော့ Honor 9 Lite ကို quad cameras ၊ ဈေးနဲ့ဒီဇိုင်းကြိုက်တယ်ဆိုရင် ဝယ်သင့်ပါတယ်လို့ပြောချင်ပါတယ်။

Share

Loading Next Article...
က္က