၂၀၁၇ ခုနှစ်အတွင်း HMD Global ကနေ မိတ်ဆက်သွားခဲ့တဲ့ mid-range ဖုန်းတွေထဲမှာ လူကြိုက်များခဲ့တဲ့ Nokia 6 ကို ဒီနှစ်မှာ ဗားရှင်းသစ်အနေနဲ့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အဆင့်မြှင့်ထားတဲ့ processor ၊ display စွမ်းရည်များနဲ့ အပြင် ဈေးနှုန်းအားဖြင့်လည်း သင့်တင့်လို့ ဒီဖုန်းဟာ ၂၀၁၈ မှာလည်း လူကြိုက်များဖို့ ရှိနေပါတယ်။

play

 

ဒုတိယမျိုးဆက် Nokia 6 မှာ အသိသာဆုံး ပြောင်းလဲလိုက်တာက processor ပါ။ အရင်က Snapdragon 430 လို ခပ်နိမ့်နိမ့် chipset သုံးခဲ့တဲ့ Nokia 6 ဟာ ဒီနှစ်မှာတော့ mid-range ဖုန်းတစ်လုံးနဲ့ အလိုက်ဖက်ဆုံး Snapdragon 630 chipset ကို အဆင့်မြှင့်တင် သုံးစွဲထားပါတယ်။

တစ်ခုကောင်းတာက ဈေးနှုန်းကတော့ အရင်ဈေးပဲ ဖြစ်လို့ Nokia ချစ်သူများအတွက် ရင်ခုန်စရာ ဖြစ်မှာပါ။ ဒီဇိုင်းပိုင်းမှာတော့ သိပ်အပြောင်းအလဲမရှိပါဘူး။ မျက်နှာပြင် ၅.၅ လက်မ 1080p ရုပ်ထွက်ပါ screen ကိုမှ RAM ဗားရှင်းနှစ်မျိုး ထုတ်ထားပါတယ်။ fingerprint ကိုတော့ အရင်က home button မှာ ထည့်ထားရာကနေ အခုတော့ ကျောဘက်ကို ပို့ ထားတာ တွေ့ ရပါတယ်။

 

Nokia 6 ဗားရှင်းသစ်မှာ နောက်ထပ် အပြောင်းအလဲတစ်ခုက micro USB ကနေ ကြိုက်သလို ပြောင်းပြန် ထိုးသုံးနိုင်တဲ့ USB Type C ကို ပြောင်းသုံးလာပါတယ်။ ပြောစရာတစ်ခုက စပီကာကတော့ အရင်လို နှစ်ခုမဟုတ်တော့ဘဲ တစ်လုံးတည်း သုံးထားတယ်လို့ ဆိုပါတယ်။

အသံစနစ်မှာ အရင်လောက် ကောင်းမကောင်းတော့ ပြောလို့ မရသေးပါဘူး။ OS ပိုင်းမှာလည်း Android 7.1.1 Nougat နဲ့ ပဲ ထွက်လာပါတယ်။ Android ဗားရှင်းကိုတော့ 8.0 Oreo ကို upgrade လုပ်သွားမယ်လို့ တော့ ပြောထားပါတယ်။

ဒုတိယမျိုးဆက် Nokia 6 မှာ နောက်ထပ် မပြောင်းလဲသေးတဲ့ specs တစ်ခုက ကင်မရာပါ။ ကျောဘက်မှာ 16MP ကင်မရာနဲ့ ရှေ့ ခြမ်းမှာ 8MP ကင်မရာနှစ်လုံးသုံးထားတာကတော့ အရင်တိုင်းပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

ကောင်းတာလေးတစ်ခုကတော့ Nokia 8 လို high-end ဖုန်းတစ်လုံးမှာ ပါတဲ့ ရှေ့ နောက် ကင်မရာနှစ်လုံးစလုံးကို တစ်ချိန်တည်း သုံးပြီး ဓါတ်ပုံရိုက်နိုင်တဲ့ Dual View စနစ် ပါရှိတာတွေ့ ရပါတယ်။

play

 

တစ်ခြားအပြောင်းအလဲရယ်လို့  သိပ်ပြောစရာမရှိပေမယ့် ခလုတ်တွေ ၊ navigation buttons ဒီဇိုင်းလေးတွေ ပြောင်းထားတာကလည်း သတိပြုစရာပါ။

Nokia 6 စမတ်ဖုန်းသစ်မှာ အနိမ့်ဗားရှင်းကတော့ RAM 4GB/storage 32 GB ဖြစ်ပြီး တရုတ်ဈေးကွက်မှာ ၁၄၉၉ ယွမ် (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ 64GB storage ဗားရှင်းကို ၁၆၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲခန့် ) ဈေးနဲ့  ဇန်နဝါရီလ ၁၀ ရက်နေ့ ကစပြီး ရောင်းချသွားမယ်လို့ ဆိုပါတယ်။ တခြားဈေးကွက်တွေကိုတော့ ဘယ်တော့ ဖြန့် ချိသွားမလဲ မသိရသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video