ဒီနှစ်ရဲ့ မှတ်တိုင်တွေပါပဲ

နှစ်တစ်နှစ်ရဲ့ နောက်ဆုံး ပြက္ခဒိန်ကာလကို ရောက်ခဲ့ပါပြီ။ နည်းပညာနယ်ပယ်ဟာ ဒီနှစ်ထဲမှာ ပြန်ပြောင်း ပြောပြစရာ အတက်အကျ ၊ လှုပ်ခတ်မှု များခဲ့ပါတယ်။



 

(၁) Facebook user ၈၇ သန်း ရဲ့ Cambridge Analytica ဒေတာပေါက်ကြားမှု

mark-zuckerberg-congress.jpg

Photo: BGR

 

တစ်ကမ္ဘာလုံးက လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာ ထင်ရှားခဲ့တဲ့ ဖြစ်ရပ်တစ်ခုက Cambridge Analytica ဖြစ်ရပ်ပါ။ ကမ်းဘရစ်တက္ကသိုလ်ပါမောက္ခ အလက်ဆန်ဒါကိုဂန်ဟာ thisisyourdigitallife ဆိုတဲ့ quiz app တစ်ခုကနေ ယူသွားတာဖြစ်ပြီး ဒီအချက်အလက်တွေကို ၂၀၁၆ ခုနှစ် ကန်သမ္မတရွေကောက်ပွဲမှာ ဒေါ်နယ်ထရမ့်အောင်နိုင်ရေးအတွက် အသုံးချခဲ့ပါတယ်။

New York Times ကနေ ဒီသတင်းကို ပထမဆုံး ဖော်ပြခဲ့တာ ဖြစ်ပြီး ဒီအမှုကိုစစ်ဆေးဖို့ အီးယူနဲ့အမေရိကန်လွှတ်တော်အမတ်တွေဟာ Facebook CEO မတ်ခ်ဇူကာဘတ်ခ်ကို ဆင့်ခေါ်မေးမြန်းခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ဥရောပ အထွေထွေ ဒေတာကာကွယ်ရေး GDPR စည်းမျဉ်းလည်း အသက်ဝင်ပြီဖြစ်လို့Facebook ဟာ ဥပဒေနဲ့ငြိစွန်းကြောင်း ထင်ရှားရင် ကုမ္ပဏီနှစ်စဉ်ဝင်ငွေရဲ့ ၄% ဒဏ်ရိုက်ခံရဖို့ရှိပါတယ်။

ဒီပြဿနာကြောင့် မတ်ခ်ဇူကာဘတ်ခ်ရဲံ နေရာကို ခြိမ်းခြောက်ခံထားရသလို ကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးလည်း ထိုးကျခဲ့ပါတယ်။ Facebook နဲ့ဆက်စပ်တဲ့ သတင်းတစ်ခုကတော့ Facebook ဟာ ၆ လအတွင်း စည်းမျဉ်းချိုးဖောက်ထားတဲ့ အကောင့်တုပေါင်း သန်း ၁၅၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပါတယ်။

 

(၂) Huawei နဲ့အမေရိကန်အစိုးရတို့ငြိကြခြင်း

huawei-s-cfo-arrested-in-canada-faces-us-extradition-524133-2.jpg

Photo: Softpedia News

 

တရုတ်နဲ့အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး အားပြိုင်မှုဟာ ၂၀၁၈ ကမ္ဘာ့နိုင်ငံရေး ၊ စီးပွားရေးနဲ့နည်းပညာဇာတ်ခုံကို အကြီးအကျယ် ကိုင်လှုပ်ခဲ့တဲ့ ဖြစ်ရပ်ပါ။

 ဒီဖြစ်ရပ်မတိုင်ခင်ကတည်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်နည်းပညာကုမ္ပဏီတွေ ဖြစ်တဲ့ Huawei နဲ့ZTE ပေါ် ပိတ်ဆို့အရေးယူနိုင်မယ့် NDAA မှ လက်မှတ်ရေးထိုးခဲ့သလို အမေရိကန်စစ်အခြေစိုက်စခန်းတွေ တည်ရှိရာ စခန်းတွေမှာလည်း Huawei ဖုန်းတွေ ရောင်းဝယ်မှု ပိတ်ပင်ခဲ့ပါတယ်။

ဒီဖိအားအပြင် Huawei ရဲ့ 5G ကွန်ရက်ပစ္စည်းတွေကိုလည်း ဝယ်မသုံးကြဖို့ကန်အစိုးရဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။ Huawei နဲ့ကန်အစိုးရ ထိပ်တိုက်တွေ့တဲ့ အချက်တွေထဲမှာ အပြင်းထန်ဆုံးတစ်ခုက Huawei တည်ထောင်သူ ရန်ဇီဖိန်းသမီး ဖြစ်တဲ့ မန်ဝမ်ဇောင်ကို အမေရိကန်သမ္မတရဲ့ တောင်းဆိုချက်နဲ့ကနေဒါနိုင်ငံ ဗန်ကူးပါးမှာ ဖမ်းဆီးလိုက်တာပါပဲ။

ဒီဇင်ဘာ ၁ ရက်နေ့က Huawei ရဲ့ CFO မန်ဝမ်ဇောင် အဖမ်းခံရပြီးနောက် ရက် ၉၀ ကုန်သွယ်ခွန်သစ် ဆိုင်းငံ့ထားတဲ့ တရုတ်နဲ့အမေရိကန်အကြား သဘောထား တင်းမာမှု ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။

Huawei ရဲ့ ထိပ်တန်းခေါင်းဆောင်အဖမ်းခံရမှုနဲ့ဆက်စပ်ပြီး လက်ရှိမှာ တစ်ကမ္ဘာလုံးက chip makers တွေရဲ့ ရှယ်ယာပါ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ Huawei ဟာ ကန်အစိုးရရဲ့ ဖိအားကြောင့် သြစတြေးလျ ၊ နယူးဇီလန်တို့ရဲ့ 5G ကွန်ရက်ဈေးကွက်ကို လက်လွှတ်ဆုံးရှုံးထားရပါတယ်။ သတင်းကောင်းတစ်ခုက Huawei ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ဒီနှစ်ထဲမှာ ရောက်လာခဲ့တာပါ။

 

(၃) စမတ်ဖုန်းတွေအကြားက specs wars

mNBf5qK62cSscYEeCnXB4F_1280x720.jpg

Photo: iBlog

 

ကမ္ဘာပေါ်မှာ ပထမဆုံးလို့တံဆိပ်တပ်နိုင်တဲ့ နည်းပညာတွေကို ဒီနှစ် စမတ်ဖုန်းတွေမှာ သုံးလာခြင်းဟာ specs war တွေကို ဇာတ်ရှိန်မြင့်စေတဲ့ အကြောင်းတစ်ခုပါ။ BBK Electronics ပိုင် တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo ကနေ in-display လက်ဗွေနည်းပညာကို CES 2018 ပွဲမှာ ပထမဆုံး မိတ်ဆက်ပြသခဲ့ပြီးနောက် Vivo X21 UD ၊ Vivo NEX ၊ Vivo V11 စသည်ဖြင့် ဒီနည်းပညာကို သုံးတဲ့ဖုန်းတွေ ဆက်တိုက် ပေါ်လာပါတယ်။

နောက်ပိုင်းမှာ in-display လက်ဗွေနည်းပညာကို တရုတ်ဖုန်းတိုင်းလိုလို သုံးလာကြပါတယ်။အခုဆို in-screen ဆယ်လ်ဖီနည်းပညာကိုလည်း ဈေးကွက်ထဲ မိတ်ဆက်ဖို့တာစူနေကြပြီ ဖြစ်ပါတယ်။

specs war မှာ ထည့်ပြောစရာနောက်တစ်ခုက ဘက်ထရီနည်းပညာတွေပါ။ OPPO Find X Lamborghini Edition မှာ ပါတဲ့ Super VOOC အားသွင်းစနစ်ဆိုရင် ဖုန်းတစ်လုံး အားလုံးဝ မရှိတဲ့ အနေအထားကနေ ၁၀၀% အားပြည့်ဖို့၃၅မိနစ်ပဲ ကြာတယ်လို့ဆိုပါတယ်။ Huawei ရဲ့ Reverse Wireless charging ကတော့ တစ်မျိုးပါ။ wireless charging ရတဲ့ ဘယ်ဖုန်းကိုမဆို ပြန်ပြီး အားသွင်းပေးနိုင်တဲ့ နည်းပညာဖြစ်ပြီး Huawei Mate 20 Pro မှာ အသုံးပြုခဲ့ပါတယ်။

ဒီဇိုင်းပိုင်းမှာ slider camera ရဲ့ ရှေ့ပြေးဖြစ်တဲ့ ကိုယ်ထည်ကနေ အသွင်းအထုတ်လုပ်နိုင်တဲ့ pop up selfie ကင်မရာကို Vivo Apex က ပထမဆုံး မိတ်ဆက်ခဲ့ပါတယ်။ Xiaomi ကတော့ ကုမ္ပဏီရဲ့ ၈ နှစ်ပြည့်အထူးထုတ် မော်ဒယ် Xiaomi Mi 8 Explorer Edition မှာ dual GPS စနစ်ကို ပထမဆုံး သုံးသွားပါတယ်။ ဒီနည်းပညာကတော့ တည်နေရာကို ၄ လက်မအထိ အနီးစပ်ဆုံး ညွှန်ပြနိုင်မယ့် GPS စနစ်ပါ။

ထူးခြားတဲ့ specs war တစ်ခုကတော့ display ကို ပိုက်ဆံအိတ်တစ်လုံးလို ခေါက်သိမ်းနိုင်တဲ့ foldable ဖုန်းကို Royole Corporation ဆိုတဲ့ ကုမ္ပဏီတစ်ခုက ကမ္ဘာပေါ်မှာ ပထမဆုံး ဖြန့်ချိလိုက်တာပါ။ foldable ဖုန်းအတွက် ၅ နှစ်ကျော် ၆ နှစ်နီးပါး ကြိုးပမ်းနေတဲ့ Samsung ကတော့ Royole FlexPai ဖုန်းထက် နောက်ကျပြီးမှ နမူနာ မိတ်ဆက်ပြသနိုင်ခဲ့ပါတယ်။

 

(၄) လက်တွေ့သုံးနိုင်ပြီ ဖြစ်တဲ့ 5G ဝန်ဆောင်မှုတွေ

restmb_idxmake_1280x859.jpg

Photo: the investor

 

နည်းပညာလောကအတွက် သတင်းကောင်းတစ်ခုက ဒီနှစ် ကုန်ခါနီးလေးမှာ တောင်ကိုရီးယားက ထိပ်တန်း တယ်လီကွန်း ၃ ခုပူးပေါင်းပြီး 5G ဝန်ဆောင်မှုတွေ မိတ်ဆက်လိုက်တာပါ။ SK Telecom ၊ LG Uplus နဲ့KT တို့ဟာ မြို့ပေါင်း ၁ မြို့မှာ 5G ဝန်ဆောင်မှုပေးနေတာပါ။

တောင်ကိုရီးယား တယ်လီကွန်းတွေဟာ 5G ဝန်ဆောင်မှုမှာ နာမည်ကြီး အမေရိကန် carrier တွေ ဖြစ်တဲ့ AT&T ၊ Verizon ၊ T-Mobile နဲ့Sprint တို့ကို ကျော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၈ တစ်နှစ်လုံး အိုင်တီနယ်ပယ်မှာ ပွက်ပွက်ဆူနေခဲ့တဲ့ 5G ဟာ စမတ်ဖုန်းတွေပေါ်ပါ သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒီနှစ်ထဲ စမတ်ဖုန်းတွေ ထုတ်နေတဲ့ OEM တွေရဲ့ တူညီတဲ့ အချက်က 5G demo ကို သူ့ထက်ငါ အပြိုင် စမ်းနေကြတာပါ။ iPhone တွေကတော့ 5G မှာ ချွင်းချက်လို့ပြောနိုင်ပါတယ်။

Qualcomm နဲ့ပြဿနာ တက်ထားတဲ့ Apple အနေနဲ့၂၀၂၀ နဲ့နောက်ပိုင်းရောက်မှ 5G ဖုန်းထုတ်နိုင်ဖို့ရှိပေမယ့် OPPO ၊ Samsung ၊ Vivo စတဲ့ အန်းဒရိုက်ဖုန်းကုမ္ပဏီတွေက နောက်နှစ်မှာ 5G ဖုန်းတွေ မိတ်ဆက်တော့မှာပါ။

 

(၅) နည်းပညာလောကရဲ့ အထင်ကရများ ကြွေလွင့်ခြင်း

stephen-hawking-95773900jpg.jpg

Photo: Famous Biographies

 

၂၀၁၈ အတွက် ဝမ်းနည်းစရာသတင်းစကားတစ်ခုက နည်းပညာနယ်ပယ်က ကမ္ဘာကျော်ပညာရှင်များကို ဆုံးရှုံးလိုက်ရတာပါ။ မတ်လ ၁၄ ရက်နေ့က မျိုးဆက်တစ်ခုရဲ့ အထူးချွန် အပြောင်မြောက်ဆုံး သိပ္ပံပညာရှင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံရတဲ့ စတီဖင်ဟော့ကင်းဟာ အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

စတီဖင်ဟော့ကင်းဟာ ALS လို့ခေါ်တဲ့ မသန်စွမ်းဝေဒနာတစ်မျိုးကို ခံစားနေရတာကြောင့် နှစ်ပေါင်း ၅၀ နီးပါး လက်တွန်းလှည်းပေါ်မှာပဲ အသက်ဆက်နေခဲ့ရင်းကနေ ကမ္ဘာကျော် စာတမ်းများ ပြုစုသွားခဲ့တာပါ။

မေလထဲမှာ တောင်ကိုရီးယားရဲ့ စတုတ္ထအကြီးဆုံးလုပ်ငန်းစုကြီးတစ်ခုဖြစ်လာအောင် ဦးဆောင်ခဲ့သူတစ်ဦး ဖြစ်တဲ့ LG ဥက္ကဌ Koo Bon-moo ဟာ အသက် ၇၂ နှစ်အရွယ်မှာ ဦးနှောက်အကြိတ်ဝေဒနာနဲ့ဆုံးပါးသွားခဲ့တာကလည်း အာရှကျားတွေအတွက် ဂန္တဝင်တစ်ဦး ဆုံးရှုံးသွားတာ လို့ပဲ ပြောရမှာပါ။

မကြာသေးခင်က ကွယ်လွန်သွားတဲ့ ပေါလ်အယ်လန်ဆိုရင် Microsoft ကို ဘီလ်ဂိတ်စ်နဲ့အတူ လက်တွဲပြီး တည်ထောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ၄၄ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ပေါလ်ဟာ ကာလရှည်ခံစားခဲ့ရတဲ့ သွေးကင်ဆာရောဂါကြောင့် အသက် ၆၅ နှစ်မှ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ နည်းပညာဇာတ်ခုံမှာ နောက်ဆုံး ကြွေလွင့်သွားသူကတော့ နည်းပညာထက်စာရင် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားတွေအဖြစ် ပေါင်းကူးပေးခဲ့တဲ့ Marvel Comic ရဲ့ comic ဟီးရိုး ဖန်တီးရှင် စတန်လီဖြစ်ပြီး အသက် ၉၅ နှစ်အရွယ် နိုဝင်ဘာ ၁၂ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။

 

၂၀၁၈ ဟာ မြစ်တစ်မြစ်လို စီးဆင်းရင်း နှစ်သစ်တစ်ခုဆီ လက်ဆင့်ကမ်းဖို့နီးသထက် နီးလာပြီ ဖြစ်ပါတယ်။ နောက်နှစ်မှာ ပိုကောင်းတဲ့ လူသားအကျိုးပြုနည်းပညာတွေ ပေါ်ပေါက်လာဖို့မျှော်လင့်ရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က