ဥရောပမှာ ပထမဆုံး Bitcoin ATMဖွင့်တဲ့ လေဆိပ်ပါ

ဥရောပလေဆိပ်တွေထဲမှာ ပထမဆုံး Bitcoin ATM စက်တစ်လုံးကို နယ်သာလန်နိုင်ငံကလေဆိပ်တစ်ခုမှာ တပ်ဆင်အသုံးပြုနေပြီလို့ဆိုပါတယ်။ Bitcoin ATM လို့အလွယ်ခေါ်နေကြပေမယ့် ဒီ ATM စက်ဟာ Ehereum အပါအဝင် cryptocurrency အားလုံးကို ဥရောပသုံး ယူရိုငွေကြေးနဲ့ပြန်လဲပေးနိုင်မှာပါ။

 

အမ်စတာဒမ်နိုင်ငံတကာလေဆိပ် Schiphol မှာ တပ်ဆင်ထားတဲ့ ATM စက်ဟာ ခရီးသွားများ တောင်းဆိုချက်အရ ၆ လအစမ်းသဘော တပ်ဆင်အသုံးပြုထားတာ ဖြစ်ပြီး ဒါဟာ ဥရောပလေဆိပ်များထဲမှာ ပထမဆုံး Bitcoin ATM လို့လည်း ဆိုပါတယ်။ လေဆိပ်ရဲ့ ဖောက်သည် ထုတ်ကုန်နဲ့ဝန်ဆောင်မှုများဆိုင်ရာ ဒါရိုက်တာ တန်ဂျာဒစ်ကတော့ Shiphol လေဆိပ်အနေနဲ့ခရီးသွားများအတွက် ဆန်းသစ်ပြီး အဆင့်မြင့်တဲ့ ဝန်ဆောင်မှုပေးဖို့နည်းလမ်းများကို အစဉ်အမြဲ ရှာဖွေနေပြီး ဒီ Bitcoin ATM ကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသွားများဟာ ကမ္ဘာသုံး cryptocurrency တွေ ဖြစ်တဲ့ Bitcoin ၊ Ehereum တို့ကို ဒေသသုံး ယူရိုငွေကြေးနဲ့လွယ်လင့်တကူ လဲလှယ်နိုင်မယ်လို့ပြောပါတယ်။

ယခု ဝန်ဆောင်မှုအတွက် cryptocurrency ငွေချေမှုစနစ်လုပ်ဆောင်နေတဲ့ ဒတ်ချ်ကုမ္ပဏီ ByeleX Data Solutions BV နဲ့ပေါင်းပြီး မိတ်ဆက်ထားတာပါ။ Bitcoin ATM ဝန်ဆောင်မှုဟာ ဥရောပဈေးကွက်မှာ တစ်နေ့တစ်ခြား များပြားလာနေပြီး အခုဆို ဥရောပအတွင်း Bitcoin ATM စက်အရေအတွက်ဟာ တစ်ကမ္ဘာလုံးရဲ့ ၅ ပုံ ၁ ပုံဝန်းကျင် ရှိနေပြီလို့ဆိုပါတယ်။ နယ်သာလန်တစ်နိုင်ငံတည်းမှာကိုပဲ Bitcoin ATMs ပေါင်း ၂၀ ရှိထားပြီး cryptocurrency exchange ဝန်ဆောင်မှု ပေးထားတာပါ။

 

ကမ္ဘာပေါ်မှာ ပထမဆုံး Bitcoin ATM ဝန်ဆောင်မှုပေးတဲ့ လေဆိပ်ကတော့ သြစတြေးလျမှ Brisbane နိုင်ငံတကာ လေဆိပ်ဖြစ်ပြီး Bitcoin အပြင် Ethereum ၊ Litecoin ၊ Dash နဲ့XEM တို့လိုမျိုး cryptocurrency အစုံကို လဲလှယ်ပေးနေပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က