အကောင့်တစ်ခုကို ဒေါ်လာ ၁၀ ဆင့်နဲ့ရောင်းစားနေတာပါ

ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကို Facebook မှာ ပြောဖြစ်တဲ့သူတွေဟာ ဟက်ကာတွေအတွက် ပစ်မှတ်အသစ်ဖြစ်လာပါတယ်။

zuAj8ZpcaQ6UohFgN6dz2V-970-80.jpg

Photo: Tech Radar

 

လူမှုကွန်ရက်မှာ တစ်ခြားသူတွေနဲ့ပြောထားတဲ့ သီးသန့်မက်ဆေ့ချ်ပိုင်ရှင်တွေရဲ့ အကောင့်ပေါင်း ၈၁၀၀၀ ကျော်ဟာ အွန်လိုင်းမှာ ရောင်းကုန်တစ်ရပ်အနေနဲ့တွေ့နေရတယ်လို့ဆိုုပါတယ်။ ဒီဖြစ်ရပ်ကို  ပြီးခဲ့တဲ့ စက်တင်ဘာလက စတင် သိရှိခဲ့တာ ဖြစ်ပြီး အကောင့်တွေ ခိုးထားတဲ့ ဟက်ကာတစ်ယောက်ကနေ ဖိုရမ်တစ်ခုမှာ သူခိုးထားတဲ့ အချက်အလက်တွေ ရောင်းမယ်လို့ကြေငြာခဲ့တာပါ။

ဟက်ကာတွေဟာ အကောင့်တစ်ခုကို ဒေါ်လာ ၁၀ ဆင့်နှုန်းနဲ့ရောင်းချနေကြတာ ဖြစ်ပြီး အကောင့်ထဲက ပြောထားတဲ့ မက်ဆေ့ချ်အသေးစိတ်တွေကို browser extension တစ်ခုကနေ ဒေါင်းလုပ်ဆွဲပြီး ဝင်ကြည့်နိုင်မယ်လို့ဆိုပါတယ်။ Facebook ကုမ္ပဏီဘက်မှ browser ကုမ္ပဏီတွေနဲ့ဆက်သွယ်ပြီး အန္တရာယ်ရှိတဲ့ extension တွေကို ဒေါင်းလုပ်ဆွဲခွင့်မပေးဖို့အကြောင်းကြားထားပါတယ်။

BBC ကို ဟက်ကာတစ်ဖွဲ့က ပြောကြားရာမှာတော့ သူတို့မှာ အပြင်ကို ထုတ်ရောင်းဖို့လုပ်နေတဲ့ အကောင့်ပေါင်း သန်း ၁၂၀ ရှိတယ်လို့ဆိုပါတယ်။ ဒီအကြောင်းကို BBC မှ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Digital Shadows ကို မေးမြန်းချိန်မှာတော့ အကောင့်ပေါင်း ၈၁၀၀၀ ကျော်ထဲက private message တွေပဲ ရှာတွေ့ထားတယ်လို့အကြောင်းပြန်ထားပါတယ်။

အခိုးခံလိုက်ရတဲ့ အကောင့်တွေထဲက အများစုဟာ ယူကရိန်းနဲ့ရုရှားက အကောင့်တွေ ဖြစ်ပြီး တစ်ခြားနိုင်ငံတွေ ဖြစ်တဲ့ US ၊ ယူကေနဲ့ဘရာဇီးတို့မှ အကောင့်တွေလည်း ပါဝင်နေတယ်လို့သတင်းမှာ ဖော်ပြထားပါတယ်။ Digital Shadows ရဲ့ အဆိုအရ ဟက်ကာတွေ လက်ထဲ မရောက်သေးတဲ့ နောက်ထပ် အကောင့်ပေါင်း ၁၇၆၀၀၀ မှာလည်း ဖုန်းနံပါတ်နဲ့အီးမေးလ်လိပ်စာလို ကိုယ်ရေးအချက်အလက်တွေ ပါဝင်နေတယ်လို့ဆိုပါတယ်။

Photo: BBC

 

စက်တင်ဘာလကုန်ပိုင်းက Facebook အကောင့်ပေါင်း သန်း ၅၀ ပေါက်ကြားခဲ့ပြီးနောက် အကောင့်ပေါင်း ၂၉ သန်းခန့်ဟာ ဟက်ကာများ လက်ထဲ ရောက်ခဲ့တယ်လို့ကြေငြာခဲ့ပါတယ်။ တစ်ခုရှိတာက အခု အခိုးခံလိုက်ရတဲ့ အချက်အလက်တွေကတော့ browser add-on ကနေ တစ်ဆင့် ခိုးယူသွားခဲ့တာပါ။

Share

Loading Next Article...
က္က