ခေါင်းလျှော်ပြီး တစ်ရက်၊ နှစ်ရက်လောက်ဆိုရင် ဆံပင်စည်းရတာပိုကောင်းပါတယ်။

ဆံပင်ပါးနေသူများအနေနဲ့ ဆံသားအိအိပွပွလေးဖြစ်စေပြီး အုံထူစေတဲ့ ခေါင်းလျှော်ရည် (Volumnizing Shampoo) နဲ့ လျှော်ပေးပါ။ ဒါဆိုရင် ဆံပင်ပုံသွင်းတဲ့အခါမှာလည်း ပြားပြားကပ်ကပ်ကြီးဖြစ်မနေတော့ဘဲ သဘာဝကျကျလှတဲ့ဆံပင်နဲ့ လှနေမှာပါ။

(၁) ပိုနီတေးလ်ပွပွလေးစည်းပါ

မျက်ခုံးမွှေးအစွန်နှစ်ဖက်ကနောက်စိထိ လက်နဲ့ အပေါ်ဆုံးဆံပင်အလွှာကို လွှာယူလိုက်ပါ။ ဆံပင်အလွှာအောက်ဖက်ကို ဘီးစိပ်စိပ်နဲ့ ခြစ်ပြီး ပွအောင်လုပ်ရပါမယ်။ ခေါင်းနောက်စိတည့်တည့်မှာ မစီးခင် ဆံပင်ကို လက်နဲ့စုလျက်သားလေးကိုင်ပြီး အပေါ်ကို ဖောင်းသွားအောင် နည်းနည်းတွန်းတင်လိုက်ပါ။ ဆံပင်ကို ချည်တဲ့အခါမှာ တင်းတင်းလေးဖြစ်အောင်ချည်ရပါမယ်။ ဒါဆိုရင် အရမ်းလှတဲ့ ပိုနီတေးလ်တင်းတင်းလေးရပြီပေါ့။ စည်းထားတာကို ထောင်ထောင်လေးဖြစ်နေချင်ရင် စည်းထားတဲ့သားရေပင်အောက်မှာ ဆံညှပ်တစ်ခုကို ပုံထဲကအတိုင်းပြောင်းပြန်လှန်ပြီး ထိုးလိုက်ပါ။ ဆံပင်ကို ထိန်းထားပေးသလိုဖြစ်ပြီး စည်းထားတာလျောကျပြီး ပုံပျက်တာမျိုးမဖြစ်စေပါဘူး။

 

(၂) သဘာဝကျကျ ဆံပင်လှိုင်းလေးတွေ

ခေါင်းလျှော်ပြီးစ ဆံပင်ကို ပုံထဲကအတိုင်း လိမ်လိုက်ပါ။  လေမှုတ်စက် (Hair Dryer) လေအပူနဲ့ အနီးကပ် အမြန်မှုတ်ပေးပါ။ မှုတ်ပြီးတာနဲ့ ဖြည်ချလိုက်ပြီး ဖွလိုက်ရင် ဆံပင်လိမ်လိမ်ပွပွလေး ရမှာပါ။ Hair Dryer သုံးရင် ဆံပင်ပျက်စီးစေတယ်လို့ ပြောကြပေမယ့် တစ်ခါတစ်လေ ဆံပင်ပုံသွင်းတာလောက်ကတော့ သုံးလို့ရပါတယ်။ အပူခံဆေးဖြန်းပေးပြီးမှ Hair Dryer မှုတ်ရင် ဆံသားမထိခိုက်ပါဘူး။ Dryer မသုံးချင်ရင် ဖြောင့်စက်နဲ့ အမြန်ဖိလိုက်လို့ရပါတယ်။ အရောင်ဆိုးထားတဲ့သူတွေ အရောင်တောက်ချင်ရင် Hair Coat လိမ်းပြီးမှ မှုတ်ပါ။ ဆံသားခြောက်သွေ့ခြင်းမှ ကာကွယ်ပြီး ဆံပင်ကာလာတောက်တောက်လေး ဖြစ်လာစေပါတယ်။

(၃) ကျစ်ဆံမြီးကို ပွပွလေးကျစ်ပါ

ရိုးရိုးကျစ်ဆံမြီးကျစ်ထားရင် ကျစ်ပြီးသားကျစ်ဆံမြီးကနေ ဘေးကို အမျှင်လေးတွေ ဆွဲထုတ်ပြီး ဖွလိုက်ပါ။ ငါးရိုးကျစ်ဆံမြီး၊ လေးပင်လိမ်ကျစ်ဆံမြီးတွေ ကျစ်တတ်ရင် ပိုကောင်းပါတယ်။ မကျစ်တတ်လည်း မပူပါနဲ့။ ဆံပင်ကျစ်တဲ့အခါမှာ လွယ်ကူသွားအောင် ထည့်ပြီးကျစ်တဲ့ အချောင်းလေးတွေ ဝယ်လို့ရပါပြီ။ တစ်ခုကို ဈေးနှုန်း ၁၀၀၀ကျပ်ကနေ ၂၅၀၀ ကျပ်အထိရှိပြီး ယုဇနပလာဇာရှိ အလှကုန်ရောင်းတဲ့စတိုးဆိုင်နဲ့ ရှော့ပင်းမောတွေမှာ ဝယ်လို့ရပါတယ်။ ဗီဒီယိုထဲကလို ဆံပင်ကို အဆင့်ဆင့် ထည့်သွားပေးရုံနဲ့ ကျစ်ဆံမြီးလှလှလေးတွေ ကျစ်လို့ရမှာပါ။

 

ဆံပင်ပါးနေသူများအနေနဲ့ ခေါင်းမလျှော်ဖြစ်ဘူးဆိုရင် ခေါင်းကထွက်တဲ့အဆီတွေကို ဖယ်ရှားပစ်ဖို့ Dry Shampoo ကိုသုံးပါ။ ဆံပင်အထူကြီး မဟုတ်တဲ့အတွက်  Dry Shampoo သုံးလို့ အဆင်ပြေစေပြီး တော်ရုံတန်ရုံ သိပ်ဖုန်မကပ်ဘဲ အလုပ်ရှှုပ်သက်သာစေတဲ့နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

Source : Prevention

Share

Loading Next Article...
က္က