တစ်ချို့မိန်းကလေးတွေမှာ မျက်နှာ၊ လည်ပင်းစတဲ့နေရာတွေမှာ ထင်ရှားတဲ့ မှဲ့တွေ ရှိနေတတ်ကြပါတယ်။

ကျမ်းစာအုပ်တွေထဲမှာတော့ အဓိက မဲှ့တွေလို့ ခေါ်ပါတယ်။ ဒီလို အဓိကမှဲ့က (၇) မျိုးရှပြီးတော့ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတာကိုု ဖော်ပြပေးလိုက်ပါတယ်။

 

ရတနာဆီမီးထွန်း

သင့်နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ရှိနေမယ်ဆိုရင် သင်ဟာ အလွန်ကံကောင်းတဲ့ အမျိုးသမီးဖြစ်တယ်။ ဒီမှဲ့ကို ရတနာဆီမီးထွန်းလို့ခေါ်တယ်။ ဒီမှဲ့ရှိတဲ့ အမျိုးသမီးတွေက အိမ်ထောင်ရေးကံအလွန်ကောင်းတဲ့အပြင် သားလိမ္မာ သမီးလိမ္မာတွေ ထွန်းကားကြတယ်။ ဘာသာရေးလိုက်စားပြီး ဘုရားတရားလုပ်တယ်။ တရားထူး တရားမြတ် ရတတ်ပါတယ်။

 

ရတနာရွှေအိုး

သင့်ရင်ဘတ်အလယ်တည့်တည့်မှာ ထင်ထင်ရှားရှား မှဲ့ တစ်လုံးတည်း ရှိနေမယ်ဆိုရင်တော့ သင်ဟာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒီမှဲ့ကို ရတနာရွှေအိုးမှဲ့လို့ ခေါ်ပြီး ဒီမှဲ့တစ်လုံးတည်း ရှိတဲ့သူတွေဟာ အရမ်းကို ချမ်းသာကြွယ်ဝကြတယ်။ သင်ဟာ နာမည်ကြီးပြီးထင်ပေါ်ကျော်ကြားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။ ဆင်းရဲတဲ့ဒဏ်ကို ခံရလည်း တစ်ခဏပဲ။ ပြန်ပြီး ချမ်းသာကြွယ်ဝတဲ့ ကံရှိပါတယ်။

 

နှုတ်တဆိတ်

ဒီမှဲ့ ပိုင်ရှင်တွေဟာ မူယာမာယာ များတယ်၊ စကားအရမ်းတတ်တယ်၊ စကားပြော ပရိယာယ် ကြွယ်ဝသူများဖြစ်ကြတယ်။ ယောကျ်ားများကို လှည့်ဖြားတတ်တဲ့သူတွေဖြစ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှားရှိနေမယ့် တစ်လုံးတည်းသောမှဲ့ဖြစ်ပါတယ်။

 

ရွှေပိတုန်းစုပ်

ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေမယ့် ရွှေပိတုန်းစုပ်မှဲ့ပိုင်ရှင်တွေက အလွန်စန်းပွင့်ပြီး ချစ်သူများတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အလွန်ပေါများတယ်။အိမ်ထောင်ရေးအလွန်ကောင်းပြီး  ယောကျ်ားချစ်တာခံရတယ်။

 

စံပယ်တင်မှဲ့

အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ နှစ်ယောက်ကြုံရတတ်တဲ့သူတွေမှာ ရှိတတ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ထင်ရှားကျော်ကြားမှုရှိပြီး အလွယ်တကူ ချစ်ကြိုက်လွယ်တယ်။  အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတတ်ကြတယ်။

 

မျက်ရည်ခံမှဲ့

မျက်ရည်ခံမှဲ့ဆိုတာကတော့ ဘယ်ဘက်မျက်ခမ်းနဲ့ အပေါ်နှုတ်ခမ်းကြားမှာ ရှိနေတဲ့ မှဲ့ထင်းထင်းကြီးကို ခေါ်တာပါ။ ဒီမှဲ့ ရှိနေတယ်ဆိုရင်တော့ အိမ်ထောင်ဆက်လဲ များတတ်တယ်။ ကလေးဘဝမှာ ပင်ပန်းဆင်းရဲတဲ့ ဒဏ်ကို အလွန်ခံလို့ စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ အနက်ရောင်နဲ့ ကျောက်စိမ်းကို လုံးဝမဝတ်သင့်ဘူးလို့ ဆိုပါတယ်။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။

 

မျက်ရည်ခံမှဲ့ကြီး

ဒီမှဲ့ကိုကျတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အပေါ်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံမှဲ့ကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။

Source : မြန်မာ့ရိုးရာဗေဒင်ပညာ

Share

Loading Next Article...
က္က