အနုပညာနယ်ပယ်ရဲ့ နာမည်ကျော်ဆုပေးပွဲတစ်ခုဖြစ်တဲ့ Emmy Awards ကို တနင်္ဂနွေညက လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ယခုနှစ်နဲ့ဆိုရင် အမ်မီဆုပေးပွဲဟာ ၆၉ ကြိမ်မြောက် ဖြစ်ပါတယ်။ တနင်္ဂနွေည အမ်မီဆုပေးပွဲကို တက်ရောက်လာတဲ့ ဆယ်လီတွေထဲက အလှဆုံးဖက်ရှင်တွေကို ထုတ်နုတ်ဖော်ပြလိုက်ပါတယ်နော်။



 

ခေတ်ဟောင်းဖက်ရှင်လို ရေသူမအမြီးသဏ္ဍန် ဝတ်စုံက ဆိုဖီယာ ဗဂါရာရဲ့အလှကို တစ်မူထူးသွားစေတယ်။ ကျစ်လျစ်တင်းရင်းနေဆဲ ဖြစ်တာမို့လို့လည်း သူမနဲ့ အတော်လိုက်ဖက်ပါတယ်။ ဒီပွဲကို သူမက သားဖြစ်သူကိုပါ ခေါ်ပြီး အတူတက်ရောက်ခဲ့တာပါ။

 

ငွေမှုန်လေးတွေကြဲပက်ထားသလို တလက်လက် တောက်ပနေတဲ့ ဂျက်စီကာ ဘေးလ်ရဲ့အလှက တနင်္ဂနွေညကို ပြည့်စုံသွားစေတယ်။ ဝတ်စုံက တောက်ပလင်းလက်နေတာမို့လို့ မျက်နှာကိုတော့ သဘာဝကျကျလေးပဲ ပြင်ဆင်ထားတာတွေ့ရပါတယ်။

 

စူပါမော်ဒယ်ကြီး ဟေဒီကလမ်းကတော့ အနီရောင်ဖက်ရှင်ကို ရွေးချယ်ကာ ပွဲတက်လာပါတယ်။ အသက် ၄၄ နှစ်အရွယ် ကလေး ၄ ယောက် မိခင် ဆိုပေမဲ့ ဟေဒီရဲ့ဂုဏ်သတင်းက မှေးမှိန်သွားခြင်းတော့မရှိဘူး။ Dress က ရိုးသလိုဖြစ်နေတော့ acessories တွေနဲ့ ဖြည့်စွက်ထားကာ သူမကို အာရုံစိုက်အောင်လုပ်ထားသလိုပါပဲ။

 

ဒီနှစ်အမ်မီဆုပေးပွဲမှာ အလှဆုံးအဖြစ် အားလုံးက ထောက်ခံကြတာကတော့ မင်းသမီးကြီး နစ်ကိုးကဒ်မင်းဖြစ်ပါတယ်။ ရွှန်းစိုတဲ့အနီရောင်က သူမရဲ့ ဖြူဖွေးတဲ့အသားရောင်ပေါ်မှာ လှလှပပလေး နေရာယူထားတယ်။ လည်ဆွဲဆင်မြန်းဖို့ မလိုလောက်အောင်ပဲ လည်ပင်းအနားကွပ် ငွေကြိုးလေးက သူမကို နုပျိုသွားစေပြန်တယ်လေ။ ရွှေဝါရောင်ဆံနွယ်တွေနဲ့နစ်ကိုးဟာ အမ်မီဆုကိုလည်း သိမ်းပိုက်ခဲ့ပါသေးတယ်။

 

ရီးစ် ဝှစ်သာစပွန်းကတော့ ကုတ်အကျႌဆန်ဆန် dress လက်ရှည်နဲ့ ခပ်ရိုးရိုးပါပဲ။ ဒါပေမဲ့ ဒီဒီဇိုင်းမျိုးဟာ ပွဲတက်ဖက်ရှင်အနေနဲ့ဆိုရင် နေ့ပွဲရော ညပွဲပါ တက်လို့ရတဲ့ ဒီဇိုင်းမျိုးပါ။

 

Divergent ဇာတ်လမ်းတွေနဲ့ လူကြိုက်များခဲ့တဲ့ မင်းသမီး ရှိင်းလင်း ဝုဒ်လေရဲ့ မြသားရောင် ကတ္တီပါဂါဝန်ရှည်က သူမကို သိမ်မွေ့နူးညံ့တဲ့အသွင်လေး ဖြစ်စေတယ်။ နန်းဆန်တယ်ဆိုတာ ဒါမျိုး။

 

Westworld ရုပ်သံဇာတ်လမ်းတွဲရဲ့သရုပ်ဆောင် သန်ဒီး နျူတန်ကလည်း တည်ငြိမ်တဲ့အရောင်ကိုရွေးထားပြန်တယ်။ ဇာဂါဝန်ဖားဖားကြီးနဲ့ ဆုတွေကို သိမ်းပိုက်သွားတာ။

 

ပါးလွှာလွန်းတဲ့ အနက်ရောင်ဇာသားပေါ်မှာ ပန်းပွင့်၊ ပွင့်ခက် ပွင့်ဖတ်လေးတွေနဲ့ တန်ဆာဆင်ထားတဲ့ ဝတ်စုံပိုင်ရှင်ကတော့ ဂျူလီယန်ဟော့ ဖြစ်ပါတယ်။ ထူးထူးခြားခြား လှနေတာမျိုး မဟုတ်ပေမဲ့ သူမကိုတော့ ယဉ်ယဉ်လေးနဲ့လှနေစေတဲ့ဝတ်စုံပါ။

 

Photos : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က