ဗြိတိသျှဓာတ်ပုံဆရာ Cameron-James Wilson ကွန်ပြူတာ CGI နဲ့ ဖန်တီးထားတဲ့ ဒီဂျစ်တယ်မော်ဒယ်တစ်ဦးဖြစ်တယ်။
 

Shudu.gram ဆိုတဲ့ အင်စတာဂရမ်အကောင့် ပိုင်ရှင် အာဖရိကနွယ်ဝင်ကောင်မလေးမှာ follower ၉သောင်းကျော်ရှိပါတယ်။ ကြည်လင်နက်မှောင်တဲ့ သူ့အသားရောင်၊ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးစား နဲ့ Shudu ဟာ followers တွေကို ဆွဲဆောင်တဲ့ social influencer တစ်ဦးလည်းဖြစ်ပါတယ်။



ဒါ့အပြင် ၂၀၁၈ အစောပိုင်းက ကမ္ဘာကျော် ပေါ့ပ်တေးသံရှင် Rihanna က သူ့ရဲ့ကိုယ်ပိုင် မိတ်ကပ် အမှတ်တံဆိပ်ဖြစ်တဲ့ Fenty Beauty ကြော်ငြာမှာ နှုတ်ခမ်းနီလိမ္မော်ရောင်ဆိုးထားတဲ့ Shudu ရဲ့ပုံက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး လူပြောခဲ့ပါတယ်။

 

ဒီလောက်နာမည်ကြီးတဲ့ Shudu ဆိုတဲ့ ကောင်မလေးက ဘယ်သူပါလဲ။ ကမ္ဘာကျော် Harper’s Bazzar မဂ္ဂဇင်းမှာ Shudu ဟာ ဗြိတိသျှဓာတ်ပုံဆရာ Cameron-James Wilson ကွန်ပြူတာ CGI နဲ့ ဖန်တီးထားတဲ့ ဒီဂျစ်တယ်မော်ဒယ်တစ်ဦးဖြစ်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။ သူက ကမ္ဘာကျော် အာဖရိကန် မော်ဒယ်တွေဖြစ်တဲ့  Alek Wek နဲ့ Duckie Thot တို့လို အလှမျိုးရှိတဲ့ မော်ဒယ်တစ်ဦး ဖန်တီးချင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

 

Shudu ဟာ ကမ္ဘာ့ပထမဆုံး ဒီဂျစ်တယ်စူပါမော်ဒယ်တစ်ယောက်ဖြစ်ပေမယ့် ပထမဆုံး VR Influencer တစ်ယောက်တော့ မဟုတ်ပါဘူး။ အင်စတာဂရမ် က @lilmiquela ဆိုတဲ့ မျက်နှာမှာ မှဲ့ခြောက်လေးတွေနဲ့ ခပ်လန်းလန်းကောင်မလေးကတော့ follower ၈သိန်းကျော်ရှိပါတယ်။ Miquela ဟာ သူ့အင်စတာရမ်ပေါ်က ကမ္ဘာကျော် ဖက်ရှင် brand တွေဖြစ်တဲ့ Prada၊ Chanel၊ Supreme၊ Vans စတဲ့ တံဆိပ်တွေကို ဝတ်စားထားတဲ့ ပုံတွေကြောင့် ဖက်ရှင်လောကမှာ နာမည်ကြီးတဲ့ ဆယ်လီတစ်ဦးဖြစ်လာပါတယ်။

 

ဒီလို ဒီဂျစ်တယ်မော်ဒယ်တွေဟာ ဒီဇိုင်နာ ဖက်ရှင် တံဆိပ်တွေအတွက် ကွန်ပြူတာနည်းပညာနဲ့ ဖန်တီးထားတဲ့ အရုပ်မတွေ ဖြစ်ပါတယ်။ သူတို့ကို ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ အဝတ်အစား ဝတ်ပေးနိုင်ပါတယ်။

Shudu ကို ဖန်တီးတဲ့ ဓာတ်ပုံဆရာဆိုရင် လက်ဝတ်ရတနာ  ကြော်ငြာရိုက်ဖို့ အခုဆို လက်ခံထားပြီဖြစ်ပါတယ်။ နည်းပညာတွေ အဆင့်မြင့်လာတာနဲ့ အမျှ ဒီလို ဒီဂျစ်တယ်မော်ဒယ်တွေဟာ လူအစစ်နဲ့ ခွဲလို့မရအောင်တူလာတဲ့အပေါ် တချို့ကလည်း ဝေဖန်မှုတွေရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က