In partnership with  logo
ဒီမေးခွန်းတွေအားလုံးဖြေနိုင်မှ သူ့အလိုကိုလိုက်လျောဖို့ စဉ်းစားရမယ်နော်။

မိန်းကလေးတစ်ယောက်အနေနဲ့ အိမ်ထောင်မပြုမီမှာ ချစ်သူရဲ့ဆန္ဒကို လိုက်လျောတယ်ဆိုတာ ခုခေတ်မှ ပေါ်လာတဲ့အရာတော့ မဟုတ်ပါဘူး။ ဟိုးအရင်ကတည်းက ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတွေပါ။ ဒါပေမဲ့ ဒီခေတ်မှာတော့ များသထက်များလာတာကို တွေ့နေ၊ သိနေရပါတယ်။ မတော်တဆမှားသွားလို့ဖြစ်ဖြစ် အပျိုစင်မဟုတ်တော့တာက ဘဝကို ပြောင်းလဲသွားစေမှာတော့ မဟုတ်ပေမဲ့ လွယ်လင့်တကူလိုက်လျောရဖို့လည်း မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ချစ်သူရဲ့ဆန္ဒကို လိုက်လျောတော့မယ်လို့ တွေးမိပြီဆို ဒါတွေကို အရင်ဆုံးပြန်ဆန်းစစ်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။

၁။ သူနဲ့အတူရှိရတာ စိတ်ချမ်းသာလား

50.jpg 

တချို့တွေက ချစ်သူနဲ့ ခဏခဏ ရန်ဖြစ်ကြလို့ သံသယပွားနေလို့ ဒီလိုနေလိုက်ရင် အဆင်ပြေသွားမယ်ထင်မိကြတယ်။ ချစ်သူက ကိုယ့်ကိုသိပ်ဂရုစိုက်လို့ ပိုချစ်လာမလားဆိုပြီး သူ့ဆန္ဒကိုလိုက်လျောဖို့ တွေးမိတတ်ကြတယ်။ ဒါဟာ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စကြီးပါ။ သူရောကိုယ်ပါ အပြန်အလှန်ချစ်တယ်၊ နှစ်ယောက်လုံးဆန္ဒရှိမှ ဖြစ်သင့်ပါတယ်။ သူနဲ့အတူ ဘယ်နေရာ ဘယ်လိုအချိန်မှာမဆို သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင် ရှိနိုင်တယ်ဆိုတာ သေချာမှ ရှေ့ဆက်စဉ်းစားပါ။

၂။ အတင်းအကျပ်ဖိအားပေးခံရတာလား

သူက အတင်းအကျပ်တောင်းဆိုလို့ စိတ်ညစ်ပြီး မလိုက်လျောပါနဲ့။ ဒါကိုမလိုက်လျောရင် မချစ်ဘူးလို့ပြောလာရင်လည်း လမ်းခွဲလိုက်ပါ။ ဒီလိုလူမျိုးနဲ့ ဝေးရတာ ကိုယ့်အတွက်ကောင်းပါတယ်။ ဒါမှမဟုတ် ဘေးလူတွေအတင်းအကျပ်တိုက်တွန်းလွန်းလို့ ဆိုတာလည်း မဖြစ်သင့်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ရပါမယ်။

၃။ ရင့်ကျက်ပြီလား

အသက် ၁၈ နှစ် ပြည့်ပြီမို့လို့ လွတ်လပ်ပြီ၊ လူကြီးဖြစ်ပြီလို့ သတ်မှတ်လို့မရပါဘူး။ အသက် ၂၀ ကျော်တာတောင် နှစ်ယောက်လုံးက ကလေးစိတ်တွေနဲ့ဆို မဖြစ်သေးဘူး။ လိင်ပညာပေးစာတွေရော ဖတ်ပြီးပြီလား၊ နောက်ဆက်တွဲဆိုးကျိုးတွေကိုရော သိရဲ့လား။ ဒါတွေသိပြီဆိုရင်တောင်မှ တစ်ခုခုဖြစ်လာခဲ့ရင် တာဝန်ခံနိုင်မယ့်စိတ် နှစ်ယောက်လုံးမှာ ရှိနေဖို့ လိုပါတယ်။

၄။ သူနဲ့ပြတ်သွားခဲ့မယ်ဆိုရင် နောင်တရမှာလား

5.jpg 

သမီးရည်းစားနှစ်ယောက် အတူနေလိုက်ရုံနဲ့ လက်ထပ်ရမယ်ဆိုတာဟာ ရာခိုင်နှုန်းအားဖြင့် သိပ်ကိုနည်းပါးတယ်ဆိုတာ တွေးထားသင့်တယ်နော်။ ကိုယ်နဲ့အတူတူနေလိုက်ပြီး နောက်တော့ ပြတ်သွားမယ်ဆိုရင် ကိုယ့်အနေနဲ့ လက်ခံနိုင်ပါ့မလား။ အဆိုးဆုံးကို ကြိုတွေးဖို့လိုပါတယ်။ ပြတ်သွားမှ ယူကျုံးမရဖြစ်နေရမယ့် လုပ်ရပ်မျိုးတွေ မကျူးလွန်စေချင်ပါဘူး။ နောင် ဘာဖြစ်ဖြစ် လက်ရှိမှာ ချစ်သူဆန္ဒကိုလိုက်လျောဖို့ ဆန္ဒရှိတယ်၊ ဖြစ်လာသမျှကို ကောင်းကောင်းဆိုးဆိုး လက်ခံရင်ဆိုင်နိုင်မယ်ဆိုမှသာ ဆက်ပြီးစဉ်းစားသင့်ပါတယ်။

 

၅။ တကယ်ပဲ သူ့ကိုအလိုလိုက်ချင်တာလား

အပေါ်ကမေးခွန်းတွေ အားလုံးကို ဖြေခဲ့ပြီးပြီ ၊ ရှေ့ဆက်ဖို့ ဆန္ဒရှိသေးတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးချိန်ရောက်ပါပြီ။ ကိုယ့်အနေနဲ့ ချစ်တင်းနှောဖို့ကို စိတ်မဝင်စားဘူးဆိုရင် ရှေ့ဆက်စရာအကြောင်း လုံးဝမရှိဘူးနော်။ ငြင်းပစ်လိုက်ပါ။ ငြင်းဆန်နိုင်တဲ့သတ္တိက မိန်းကလေးတစ်ယောက်ကို ပိုပြီးရဲရင့်လာစေတယ်၊ ပိုပြီး ထက်မြက်လာစေပါလိမ့်မယ်။ ကိုယ့်အသက်က ငယ်ငယ်လေးရှိသေးတာ ဒါကို စောစောစီးစီးလုပ်ဖို့ မလိုသေးဘူး။ သူ့ဆန္ဒကို မလိုက်လျောလို့ လမ်းခွဲရမယ်ဆိုလည်း ကိုယ့်ဖူးစာရှင်အစစ်အမှန်က ပေါ်လာဦးမှာ။ ကိုယ့်နှလုံးသားက ဆန္ဒရှိ၊ ကိုယ်ကလည်း အသက်အရွယ်၊ ရင့်ကျက်မှု၊ အသိဉာဏ်တွေ အပြည့်အဝရှိနေမှသာ လက်ခံစဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်။

Share

Loading Next Article...
က္က