In partnership with  logo
သူမအနေနဲ့ အမျိုးသမီး ဆူရှီစားဖိုမှူးလုပ်ရာမှာ အခက်အခဲတွေအများကြီး ကြုံခဲ့ရပြီး အဲဒီအခက်အခဲတွေထဲက အဓိကတစ်ခုကတော့ လိင်ခွဲခြားဆက်ဆံခြင်းပါပဲ။

ဂျပန်နိုင်ငံမှာတော့ အမျိုးသမီး ဆူရှီစားဖိုမှူးဆိုတာ အလွန်တရာရှားပါးတဲ့ အလုပ်အကိုင်မျိုး ဖြစ်ပါတယ်။ ရှေးရိုးစွဲရိုးရာ ယုံကြည်မှုအလွဲတွေ၊ အယူသီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ လုပ်ငန်းနယ်ပယ်ထဲမှာ အမျိုးသားတွေဟာ ယေဘုယျအားဖြင့် ဆူရှီကောင်တာကို အပိုင်စီးထားပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ဆူရှီစားဖိုမှူးတစ်ဦးဖြစ်တဲ့ Yumi Chiba ကတော့ လူအများယုံကြည်ထားတဲ့ ရိုးရာဓလေ့တွေကို ဆန့်ကျင်လိုက်ပါတယ်။

"ဆူရှီလုပ်ငန်းနဲ့ ပတ်သက်လာရင် လူတွေကပြောကြတယ်။ အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အပူချိန် မြင့်မားတယ်။ စိတ်မရှည် တတ်ကြဘူး။ ဒါကြောင့် ဆူရှီကောင်းကောင်း လုပ်နိုင်မှာမဟုတ်ဘူးတဲ့" လို့ သူမက CNN Travel ကိုပြောပါတယ်။ "ဒါကိုဘယ်သူက လာပြီးဆုံးဖြတ်နေတာလဲ" လို့လည်း သူမက မေးခွန်းပြန်ထုတ်ထားပါတယ်။

မိသားစုစီးပွားရေးလုပ်ငန်းကို ဆက်လက်ဦးစီးခဲ့တဲ့ Chiba ဟာ အခုဆိုရင် လွန်ခဲ့တဲ့ နှစ် (၅၀) လောက်က သူမရဲ့ဖခင်ဖွင့်လှစ်ခဲ့တဲ့ Anago no Uotake Sushi ဆိုတဲ့ စားသောက်ဆိုင်ကို ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ စားသောက်ဆိုင်လေးဟာ ဂျပန်နိုင်ငံ တောင်ဘက်ကျွန်းဆွယ်က Shizuoka ဆိုတဲ့ မြို့လေးမှာတည်ရှိပြီး တိုကျိုမြို့ကနေဆိုရင် ရထားနှစ်နာရီလောက်စီးရင် ရောက်ပါတယ်။ အခုဆိုရင် Chiba တစ်ယောက် ဆူရှီလုပ်လာတာ နှစ်နှစ်ဆယ်ကျော်ပါပြီ။ ဒါပေမယ့် သူမဟာ ဘယ်တုန်းကမှ သူမဖခင်ဖြစ်သူရဲ့ အမွေကို ဆက်ခံချင်စိတ် မရှိခဲ့ပါဘူး။

 

"အစတုန်းကတော့ ကျွန်မက မိသားစုစီးပွားရေးကို စွန့်လွှတ်ချင်ခဲ့တယ်။ ဒါကြောင့်လည်း အိမ်ကနေထွက်ပြီး တိုကျိုမှာ ဆယ်နှစ်လောက် လာနေခဲ့တာ" လို့သူမကဆိုပါတယ်။ "ကျွန်မ လက်ထပ်ပြီးတော့မှ Shizuoka ကိုပြန်တာ။ ပြီးတော့ အိမ်ကစားသောက်ဆိုင်မှာ အချိန်ပိုင်းဝင်ကူပေးတာပေါ့နော်။

အဲဒီမှာ ဆူရှီအကြောင်း များများသိလာလေလေ၊ ပိုပြီးစိတ်ဝင်စားလေလေ ဖြစ်လာတယ်။ ဒါနဲ့ကျွန်မလည်း အဖေ့ကိုမေးလိုက်မယ်။ ကျွန်မတော့ ဆူရှီကိုသေချာလုပ်ချင်တယ်။ အဖေသင်ပေးနိုင်မလား ဆိုပြီးတော့ပေါ့။ အဲဒီတုန်းကတော့ ကျွန်မအဖေက စားသောက်ဆိုင်ကို လက်လွှဲယူနိုင်လောက်တဲ့အထိ ကျွန်မ ကျွမ်းကျင်လာလိမ့်မယ်လို့ ထင်ထားပုံမရဘူး" လို့လည်း ဆိုပါတယ်။

Chiba ရဲ့ဖခင်က သူမအတွက်တော့ လက်ဦးဆရာကောင်းတစ်ဦးဖြစ်ခဲ့ပြီး သူမကို ဂျပန်နိုင်ငံမှာ အထင်ရှားဆုံး အမျိုးသမီး ဆူရှီစားဖိုမှူးတွေထဲက တစ်ဦးဖြစ်လာစေခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် သင်ပြမပေးနိုင်ခဲ့တဲ့ ဘဝသင်ခန်းစာတွေလည်း ရှိခဲ့ပါတယ်။ Chiba က သူမအနေနဲ့ အမျိုးသမီး ဆူရှီစားဖိုမှူးလုပ်ရာမှာ အခက်အခဲတွေအများကြီး ကြုံခဲ့ရပြီး အဲဒီအခက်အခဲတွေထဲက အဓိကတစ်ခုကတော့ လိင်ခွဲခြားဆက်ဆံခြင်းပါပဲ။

 

"ဆူရှီလောကထဲမှာ ကျွန်မရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကတော့ မျှော်လင့်ထားသလိုပါပဲ" လို့ သူမကပြန်တွေးပါတယ်။ "ဥပမာပြောရရင် အမျိုးသမီးဖြစ်နေလို့ ကျွန်မလက်တွေရဲ့ အပူချိန်က များနေတယ်တို့၊ မိတ်ကပ်လိမ်းထားတော့ ဆူရှီအရသာကို ထိခိုက်စေနိုင်တယ်တို့ ဘာတို့ပေါ့။ နောက်ပြီး လူတွေက ကျွန်မကို အမျိုးသမီး ဆူရှီစားဖိုမှူးဘဝနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးကြပါတယ်" လို့လည်း သူမကဆိုပါတယ်။

"လူတွေက ကျွန်မကိုပြောတယ်။ ကျွန်မက မိန်းမတစ်ယောက်ဖြစ်နေလို့ ဆူရှီတွေက ပျော့နေနိုင်တယ်ပေါ့။ ဒါပေမယ့် သူတို့ရဲ့ အထင်နဲ့အမြင် လွဲမှားနေခဲ့ပါတယ်။ ဆူရှီလုပ်ခြင်းမှာ ယောကျ်ား၊ မိန်းမရယ်လို့ မရှိပါဘူး။ ဆူရှီစားဖိုမှူးဆိုတာက ဆူရှီစားဖိုမှူးပါပဲ" လို့လည်း သူမက ရဲရဲတောက်ဆိုပါတယ်။

 

လွန်ခဲ့တဲ့ (၇) နှစ်တုန်းက Chiba ဟာ သူမမှာ ကင်ဆာရောဂါရှိနေတာကို သိရှိခဲ့ပါတယ်။ ခွဲစိတ်ကုသမှုအပြီး လအနည်းငယ်ကြာတော့ သူမဟာ စားသောက်ဆိုင်ကိုပြန်လာခဲ့ပြီး နောင်တကင်းစွာနဲ့ ဆူရှီစားဖိုမှူးအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ "မနက်ဖြန်မှ လုပ်မယ်တို့၊ နောက်မှလုပ်လည်း ရတာပဲတို့က ကျွန်မရင်ဆိုင်နေရတဲ့ အခြေအနေအတွက် အသုံးဝင်တဲ့ စကားလုံးတွေ ဖြစ်မလာခဲ့ပါဘူး။ နောင်တကင်းဝေးတဲ့ ဘဝတစ်ခုကို ရရှိစေဖို့ ကျွန်မရဲ့စိတ်နဲ့ခန္ဓာကို အပြည့်အဝအသုံးချခဲ့ပါတယ်" လို့လည်း သူမကဆိုပါတယ်။

Source: CNN.Travel


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က