In partnership with  logo
Time's Up ဟာ #MeToo ရဲ့ နောက်ထပ်ခြေလှမ်းတစ်လှမ်းလည်း ဖြစ်ပါတယ်။

၇၅ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲ (Golden Globe) ကို ဇန်နဝါရီ ၇ ရက်နေ့က လော့စ်အန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ရွှေကမ္ဘာလုံးဆုပေးပွဲ သမိုင်းတစ်လျှောက်မှာ မှတ်တမ်းဝင်မယ့် ဖြစ်ရပ်တစ်ခုလည်း ဒီပွဲမှာ ဖြစ်သွားခဲ့တယ်။ အဲ့တာကတော့ ပွဲတက်လာတဲ့ အနုပညာရှင်အားလုံးနီးပါးဟာ အနက်ရောင်တွေကိုပဲ ဝတ်ဆင်လာခဲ့ကြတာ ဖြစ်ပါတယ်။

 

ဒါ့အပြင် အမျိုးသားတွေကလည်း အနက်ရောင်ကို ဝတ်ဆင်လာခဲ့ကြသေးတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်လိုက်တဲ့ Time's Up ပရော့ဂျက်ကို ထောက်ခံတဲ့ အမျိုးသားအနုပညာရှင်တွေကလည်း အနက်ရောင်တွေ ဝတ်ဆင်လာကြတာ တွေ့ရတယ်။ အဆိုတော် သရုပ်ဆောင် ဂျက်စတင် တင်းဘားလိတ်ရဲ့ ကုတ်အကျႌမှာ Time's Up ဆိုတဲ့ ရင်ထိုးလေးကိုတောင် ထိုးလာခဲ့ပါသေးတယ်။ ဒီပရော့ဂျက်ဟာ ဆိုရင်လည်း လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ်ခံရမှုမှာ သားကောင်ဖြစ်ခဲ့ရသူတွေအနေနဲ့ ဥပဒေရေးရာအရ ဖြေရှင်းတဲ့အခါ ငွေကြေးမတတ်နိုင်တဲ့ အမျိုးသမီး/အမျိုးသား လုပ်သားအားလုံးကို ငွေကြေးပိုင်းထောက်ပံ့သွားမယ်လို့ သိရပါတယ်။

 

ဟောလိဝုဒ်ရဲ့ ကော်ဇောနီဖက်ရှင်ဟာ ဓလေ့ထုံးတမ်းတွေ အစဉ်အလာတွေနဲ့ ကွဲထွက်ပြီး Time's Up ပရော့ဂျက် အတွက် တက်ကြွလှုပ်ရှားသူတွေရဲ့ စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြပါတယ်။ ရောင်စုံဂါဝန်တွေ၊ အဆင်တန်ဆာတွေကို ဖယ်ခွာပြီး အနက်ရောင်ကို အားပြုကာ ဝတ်ဆင်ခဲ့ကြတယ်။  Time's Up ပရော့ဂျက်ဟာ #MeToo လှုပ်ရှားမှုရဲ့ နောက်ထပ် အဆင့်တစ်ခုဖြစ်ပြီး အမျိုးသမီးတွေသာမက အမျိုးသားတွေပါ တက်ကြွစွာ ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။

 

#MeToo လှုပ်ရှားမှုဆိုတာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုကို ဆန့်ကျင်ကြောင်း ပြသတဲ့ လှုပ်ရှားမှုပါ။ ဒီလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသဖို့အတွက် မင်းသမီးတွေဟာ သူတို့ရဲ့ဝတ်စုံတွေကို အနက်ရောင်ဝတ်စုံတွေနဲ့ ပြောင်းလဲခဲ့တယ်။ ဝတ်စုံပြင်ဆင်ပေးပြီးသားဖြစ်သည့်တိုင်အောင် ဒီဇိုင်နာတွေဟာ အနက်ရောင်ဝတ်စုံတွေ ပြန်လည်ဖန်တီးပေးခဲ့ကြရပါတယ်။ အနက်ရောင် ဝတ်ဆင်လာသူတွေထဲမှာ အမ်မာစတုန်း၊ နစ်ကိုးလ် ကစ်မန်း၊ ရီးစ် ဝှစ်သာပွန်း၊ အန်ဂျလီနာဂျိုလီ၊ ဂျက်စီကာ ဘေးလ်၊ ကယ်ရီဝါရှင်တန်၊ ကတ်သရင်း ဇီတာ ဂျုံးစ်တို့အပါအဝင် ထိပ်တန်းမင်းသမီးတွေက ဦးဆောင်ခဲ့ကြတာပါ။

 

ယခုနှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲမှာ နစ်ကိုးလ်ကစ်မန်းကလည်း ဆုတစ်ခု ဆွတ်ခူးခဲ့ပါသေးတယ်။ အိမ်တွင်းအကြမ်းဖက်ခံရမှု သားကောင်အဖြစ် သူမက သရုပ်ဆောင်ထားခဲ့ရတာပါ။ သူမရဲ့ ဆုရရှိမှုအပေါ် "အမျိုးသမီးတွေရဲ့ခွန်အားပါပဲ"လို့ သရုပ်ဆောင်ဖက်တွေ၊ သမီးတွေနဲ့ မိခင်တွေကို ရည်စူးပြီး ပြောကြားခဲ့သေးတယ်။

 

တနင်္ဂနွေည ရွှေကမ္ဘာလုံးဆုပေးပွဲရဲ့ အဓိကအာရုံစိုက်စရာကတော့ လက်ရှိဟောလိဝုဒ်နယ်ပယ်ထဲမှာ ဖြစ်ပေါ်နေတဲ့အရာတွေပေါ် မူတည်ပြီး ဖြစ်လာတဲ့ Me Too နဲ့ Time's Up တို့လို လှုပ်ရှားမှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ အနုပညာလုပ်ငန်းနယ်ပယ်ထဲကာသာမက ကမ္ဘာတစ်ဝန်းလုံးက အမျိုးသမီးတွေအတွက် ပြောင်းလဲမှုတွေကို သယ်ဆောင်လာဖို့ ရည်စူးထားတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်။

 

Cecil B DeMille ဆုကို ရသွားတဲ့ အိုပရာဝင်းဖရေးကလည်း ခွန်အားပြည့်ဝတဲ့ မိန့်ခွန်းကို ပြောကြားခဲ့ပါသေးတယ်။ သူမရဲ့မိန့်ခွန်းကို လူတွေက မတ်တပ်ထရပ်ပြီး လက်ခုပ်တီးချီးမြှောက်ခဲ့ကြတယ်။

ဒီဆုဟာ ရွှေကမ္ဘာလုံးဆုရဲ့ တစ်သက်တာဂုဏ်ထူးဆောင်ဆုလည်း ဖြစ်ပြီး အိုပရာဟာ Cecil B DeMille ဆုကို ရတဲ့ ပထမဆုံး လူမည်းအမျိုးသမီးလည်း ဖြစ်လာခဲ့ပါတယ်။ " မင်းရဲ့အမှန်တရားကို ထုတ်ဖော်ပြောကြားခြင်းဟာ ကျွန်မတို့အားလုံးမှာရှိတဲ့ စွမ်းအားအကြီးဆုံးကိရိယာတစ်ခုဖြစ်ပါတယ်။ အချိန်အတော်ကြာတဲ့အထိအောင် အမျိုးသမီးတွေဟာ ခွန်အားကြီးတဲ့ ယောက်ျားတွေကို အမှန်တရားအတိုင်း ထုတ်ပြောရမယ်လို့ ကြားလည်းမကြားခဲ့ရဘူး။ ဒါမှမဟုတ် မယုံခဲ့ကြဘူး။ ဒါပေမဲ့ သူတို့ရဲ့အချိန် ရောက်လာပါပြီ။ အချိန်ရောက်လာပါပြီ"လို့ အိုပရာက ပြောသွားခဲ့တယ်။

Source : Daily Mail, CNBC, People

Share

Loading Next Article...
က္က