In partnership with  logo
တားမြစ်ပိတ်ပင်မှုတွေကို ကျော်ဖြတ်ရတာ မလွယ်ပါဘူး။ ရပ်တန့်ပစ်မယ့်လူတွေ အများကြီးကိုလည်း ရင်ဆိုင်ခဲ့ရတယ်။

Kasiva Mutua ဟာ အာဖရိကအရှေ့ပိုင်း တန်ဇန်နီးယားနိုင်ငံ ၊ Arusha မြို့က ဒရမ်သမားတစ်ဦးပါ။ နေပူပြင်းတဲ့ နေ့လယ်ဘက်မှာ အရိပ်ကောင်းကောင်းရတဲ့ အပင်တစ်ပင်အောက်ကို ရှာပြီးရင် ခြေချိတ်ထိုင်လိုက်တယ်။ ထုပ်ပိုးထားတဲ့ ဗုံတွေကို ဂရုတစိုက်နဲ့ဖြည်ပြီး ပတ်လည်နေရာချတယ်။ ပြီးရင်တော့ မျက်လုံးတွေကို မှိတ်လိုက်ကာ စည်းချက်တွေကို ဖန်တီးပါတော့တယ်။

 

ဒီလိုမျိုး ဗုံတီးတဲ့လုပ်ရပ်ဟာ Mutua ရဲ့ မွေးရပ်ဇာတိ ကင်ညာမှာတော့ အမိန့်ကိုဖီဆန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ ကင်ညာမှာ အမျိုးသမီးတွေကို ဗုံတီးခွင့်မပြုပါဘူး။ ဗုံတီးတာဟာ လိင် ဒါမှမဟုတ် ကျား၊မ ဖြစ်တည်မှုနဲ့ ဘယ်လိုမှ ပတ်သက်ခြင်းမရှိပေမဲ့လည်း ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးတွေ ဗုံတီးဖို့ကို တားမြစ်ကြတယ်။ Mutua ဗုံတီးတော့ လူတွေက သူမကိုရပ်ပစ်ဖို့ ကြိုးစားခဲ့ကြသေးတယ်။ ခုတော့ Mutua ဟာ လူသိများတဲ့ ဗုံတီးသမား ဖြစ်လာခဲ့ပါပြီ။ ရိုးရာဗုံသာမက Drum ကိုလည်း တီးခတ်နိုင်တဲ့ percussionist တစ်ဦး ဖြစ်လာပါတယ်။

 

" အမျိုးသမီး ဗုံတီးသမားတစ်ယောက် အနေနဲ့ ကျွန်မဟာ ပြဿနာတွေအများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့လေ... ခု ကျွန်မ အရမ်းကိုပျော်ရွှင်နေပြီ၊ ဗုံတီးတဲ့အခါတိုင်း ကျွန်မစိတ်ခံစားချက်ကောင်းလာတယ်။ ကျွန်မကို စိတ်ဓာတ်ကိုမြင့်တက်လာစေတယ်" လို့ Mutua က ပြောပါတယ်။ လက်ရှိအချိန်မှာဆိုရင်တော့ Mutua ကို အခမ်းအနားတွေမှာ ဖိတ်ခေါ်ဖျော်ဖြေစေပါတယ်။ ကမ္ဘာတစ်ဝန်းက စတူဒီယိုတွေမှာလည်း သူမရဲ့လက်သံကို အသံသွင်းထားကြပါတယ်။

 

အဘွားထံကနေ ဗုံတီးတဲ့အတတ်ကို သင်ယူတတ်မြောက်ခဲ့တယ်။ ဒေသတွင်းပြိုင်ပွဲတွေမှာ လက်စွမ်းပြခဲ့ပေမဲ့ အသိမှတ်ပြုမခံခဲ့ရသလို ဆုပေးဖို့အတွက်လည်း ငြင်းပယ်ခံခဲ့ရတယ်။ Mutua တစ်ယောက် ခုလို အောင်မြင်လာတဲ့အခါ သူမရဲ့ စွမ်းအားကို ကင်ညာက ဂီတကြိုက်အမျိုးသမီးငယ်လေးတွေကို အားပေးဖို့ အသုံးချဖြစ်ခဲ့တယ်။ " အမျိုးသမီးတွေဟာ သူတို့လုပ်ချင်တဲ့အရာ ဘာကိုမဆို လုပ်နိုင်တယ်" လို့ Mutua က အားပေးတယ်။ ၂၀၁၄ ခုနှစ်တုန်းက ဝါရှင်တန်မှာ ပြုလုပ်တဲ့ Smithsonian Folklife Festival မှာ Mutua ဟာ နိုင်ငံကိုယ်စားပြု အနုပညာရှင်အဖြစ်နဲ့ ဖျော်ဖြေခဲ့ရပါတယ်။

Source : CNN

Share

Loading Next Article...
က္က