တစ်ချိန်လုံး သူများကို မှီခိုပြီး အားကိုးနေရတဲ့ ပျော့ညံ့တဲ့မိန်းကလေးဘဝမှာ အောင်မြင်မှုဆိုတာ ရှားပါးပစ္စည်းတစ်ခုလို ဖြစ်နေလိမ့်မယ်။ ကိုယ်လိုချင်တာတွေ ရဖို့အတွက် ၊ ဖြစ်ချင်တာတွေ ဖြစ်ဖို့အတွက် သူများကိုပဲ မျှော်ကိုးနေရမှာလား။ အဲ့လိုဆိုရင်တော့ ရာခိုင်နှုန်းအရမ်းနည်းပါတယ်နော်။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်လိုချင်တာကို ရအောင်ယူနိုင်တဲ့ မိန်းကလေးတစ်ယောက်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ ဒီအချက်တွေအတိုင်း တူညီနေရင်တော့ မဒီလေးဟာ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပါပြီ။
၁။ ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ ယုံတယ်
ကိုယ်ဘာလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူးဆိုတာကို ကောင်းကောင်းသိတယ်။ အဲ့ဒီအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းရှိတယ်။ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း စိတ်ဓာတ် တက်ကြွလာအောင် တိုက်တွန်းပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ကိုမြင်ရင် အခြားလူတွေကလည်း အားတက်ရတယ်လေ။
၂။ မရေရာမှုတွေနောက်ကို မလိုက်ဘူး
ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုလာပြီဆိုရင် ရှင်းရှင်းလင်းလင်း သိအောင် အရင်ကြိုးစားတယ်။ စိတ်ထဲမှာ မရှင်းမလင်းဖြစ်နေတဲ့ အရာတွေကို ထည့်မစဉ်းစားတော့ဘူး။ တခြားနည်းပဲ ရွေးလိုက်တယ်။
၃။ သူများနောက်လိုက်မဟုတ်ဘူး
ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင်ဦးဆောင်တယ်။ သူများလုပ်တိုင်း လိုက်မလုပ်တတ်ဘူး။ ကိုယ်လုပ်ချင်တာကိုပဲလုပ်တယ်။ ခေါင်းဆောင်နိုင်တယ်။
၄။ ကိုယ့်နည်းကိုယ့်ဟန်ကိုပဲ သဘောကျတယ်
သူများလုပ်သလို မလုပ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်ကို ရွေးချယ်တဲ့အတွက်လည်း စိတ်မညစ်ဘူး။ ကိုယ်ဘာပဲဖြစ်နေနေ လက်ခံတယ်။ ကောင်းကျိုး ဆိုးကျိုး မှန်သမျှ လက်ခံတယ်။ ကိုယ်ဖြစ်ကိုယ်ခံပဲ။
၅။ သူများတွေအတွက် ကူညီပေးနိုင်တယ်
ကိုယ်တိုင်က အဆင်ပြေလားဆိုတော့ မပြေပါဘူး။ ခက်ခဲပင်ပန်းနေတာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က အကူအညီတောင်းလာရင် ပုခုံးတစ်ဖက်ထိုးပေးဖို့ အသင့်ရှိတယ်။ အဲ့ဒီအတွက် မကျေမနပ်လည်းမဖြစ်ဘူး။ ကိုယ်လုပ်ပေးနိုင်သလောက် လုပ်ပေးလိုက်တာပဲ။