ဖေဖော်ဝါရီ ၁၄ ရက်ကို ရောက်ရန် နီးလာသည်နှင့်အမျှ ချစ်သူများနေ့နှင့် ပတ်သက်၍ အနည်းနှင့်အများဆိုသလို စိတ်ကူးကိုယ်စီ ဖြစ်လာကြသည်မှာ လူငယ်တိုင်းပဲ ဖြစ်ပေလိမ့်မည်။ ချစ်သူရည်းစား ရှိသူတွေကတော့ ချစ်သူနဲ့ဘယ်လိုဖြတ်သန်းကြမလဲ၊ ဘယ်လိုလက်ဆောင်တွေ ရမလဲဆိုသည့်အတွေးနှင့် ကြိုရင်ခုန်ကြသည်။ တစ်ကိုယ်တည်းသမားများကျတော့လည်း ချောကလက်ငတ်ဦးမည့်အဖြစ်ကို တွေးရင်း မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ စိတ်ထိခိုက်မှုလေးတွေတော့ ရှိကြစမြဲ။ မိန်းကလေးတွေ အနေနဲ့လည်း ချစ်သူများနေ့မှာ ချစ်သူကို အလိုလိုက်ရင်း အမိုက်မှောင်ထဲ ခုန်မချမိဖို့အရေး လူကြီးသူမတွေက ဆိုကြ ဆုံးမကြတာက နှစ်စဉ် ဓမ္မတာတစ်ခုလို ဖြစ်နေသည်။

play
ဖေဖော်ဝါရီ ၈ ရက်က ရုံးထုတ်ခဲ့တဲ့ မရွှေရည်ဝင်းအမှုဒုတိယရုံးချိန်းမှာ မုဒိမ်းမှုကျူးလွန်တဲ့ တရားခံတွေကို သေဒဏ်ပေးဖို့အတွက် လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

 

စင်စစ် ဖေဖော်ဝါရီ ၁၄ သည် ချစ်သူရည်းစားရှိသူများနှင့်သာ သက်ဆိုင်သည်မဟုတ်။ ချစ်သူများနေ့ကိုလည်း လုံးလုံးလျားလျား ကျောခိုင်းထားကြမည့် single များနှင့်လည်း သက်ဆိုင်နေသည်။ မိန်းကလေးတို့အတွက် ဗာလင်တိုင်းစ်နေ့ သို့မဟုတ် ချစ်သူများနေ့ထက် ပိုပြီး အရေးကြီးသည့်၊ ပိုမိုပါဝင်ရမည့် နေ့တစ်နေ့လည်း ဖြစ်သည်။ မိန်းမသားတိုင်း ကြီးကြီးငယ်ငယ်၊ ပျိုပျိုအိုအို ပါဝင်ရမည့် လှုပ်ရှားမှုကြီးတစ်ရပ်ကို ကမ္ဘာတစ်ဝန်းက အမျိုးသမီးများက ဆင်နွှဲကြတော့မည်ဖြစ်သည်။ ထိုနေ့ကို “ One Billion Rising” ဟု အမည်တွင်သည်။

One Billion Rising လှုပ်ရှားမှုဟာ ကမ္ဘာတစ်ဝန်းလုံးနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှုဖြစ်ပြီး အမျိုးသမီးထုကြီးအတွက် အင်တိုက်အားတိုက် ပါဝင်ရမည့် လှုပ်ရှားမှုတစ်ရပ်လည်းဖြစ်သည်။ အဆိုပါလှုပ်ရှားမှုကို ၂၀၁၂ ခုနှစ်မှာ Eve Ensler က စတင်ခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့် V-Day လှုပ်ရှားမှု၏ ကဏ္ဍတစ်ရပ်အဖြစ်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်က အမျိုးသမီးတွေကို အဓမ္မကျင့်မှု၊ လိင်အကြမ်းဖက်မှုတွေ ရပ်တန့်သွားဖို့အတွက် ရည်ရွယ်သည်။

ဘီလီယံဆိုသည့် အသုံးအနှုံးမှာ ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တစ်ခုကို ရည်ညွှန်းထားခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်အရ အမျိုးသမီး သုံးဦးလျှင် တစ်ဦးနှုန်းမှာ သူတို့၏ဘဝ၌ အဓမ္မကျင့်ခံရခြင်း သို့မဟုတ် ရိုက်နှက်ခံရခြင်းကို ကြုံခဲ့ရကြောင်း သိရသည်။ ယင်းနှုန်းအရဆိုလျှင် အမျိုးသမီး တစ်ဘီလီယံ (သန်းတစ်ထောင်) နှင့် ညီမျှနေသည်။ သို့ဖြင့် သန်းတစ်ထောင်လှုပ်ရှားမှု “ One Billion Rising” မှာ နှစ်စဉ် ပိုမိုကျယ်ပြန့်လာရတော့သည်။

၂၀၁၆ ခုနှစ်တွင် သန်းတစ်ထောင်လှုပ်ရှားမှုသည် အပြောင်းအလဲအတွက် တော်လှန်ဖို့ စတင်ပေါ်ထွက်လာသည့် သဘောတရားနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြသည်။

သန်းတစ်ထောင်လှုပ်ရှားမှုမှာ ပါဝင်ရန်အတွက် နိုင်ငံပေါင်း ၁၆၀ မှ လူပုဂ္ဂိုလ်များက ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ပွဲဦးထွက် လှုပ်ရှားမှုကိုတော့ ဂျာမနီနိုင်ငံမှာ စတင်ခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်နေမှု အဆုံးသတ်ရေး လှုပ်ရှားမှုပွဲပေါင်း သိန်းနဲ့ချီ ပြုလုပ်ခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းလုံးနီးပါး အတိုင်းအတာဖြင့် စတင်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းလှုပ်ရှားမှုမှာ အဖွဲ့အစည်းပေါင်း ငါးထောင်ဝန်းကျင်က ပါဝင်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်များ၊ လှုပ်ရှားမှုစတင်သူများ၊ သရုပ်ဆောင်များနှင့် နိုင်ငံရေးသမားများ ပါဝင်ခဲ့သည်။

play
၂၀၁၇ ခုနှစ်က ကိုးလ်ကတ္တားမြို့တွင်ပြုလုပ်သော သန်းတစ်ထောင်လှုပ်ရှားမှုတစ်ခု

 

ဗီဒီယိုမက်ဆေ့တစ်ခုတွင်မူ ၂၀၁၂ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အဓမ္မမှုတစ်ခုအကြောင်းကိုလည်း ပြသသွားခဲ့သည်။ Jyoti Singh အမည်ရှိ ကျောင်းသူတစ်ဦး ဒေလီမြို့ဘတ်စ်ကားပေါ်တွင် အမျိုးသားခြောက်ဦး၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရပြီးနောက် ဒီဇင်ဘာလတွင် သေဆုံးသွားခဲ့ရသည်။ Jyoti Singh ၏ အမှုမှာ ကမ္ဘာကိုပျံ့နှံ့သွားခဲ့ပြီး အမျိုသမီးရေးနှင့် တရားမျှတရေး တက်ကြွလှုပ်ရှားသူများက အမှုမှန်ပေါ်ပေါက်ရေးနှင့် မျှတရေးတို့အတွက် တောင်းဆိုခဲ့ကြသည်။ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးမှာ Jyoti Singh တစ်ဦးတည်းမှာသာ ကြုံခဲ့ရသည်မဟုတ်။ တစ်ကမ္ဘာလုံးအတိုင်းအတာရှိ အမျိုးသမီးထုတစ်ရပ်လုံး ကြုံရနိုင်သည့် အန္တရာယ်တစ်ခုပင်ဖြစ်သည်။

မြန်မာပြည်တွင်းမှာ ဖြစ်ပျက်သွားခဲ့သည့် မုဒိမ်းမှုများကိုလည်း ရင်နင့်ဖွယ်ရာ ကြားသိ တွေ့မြင်နေရသည်။ မိန်းမသားဘဝမို့ အရှက်ကို အသက်ထက်ပိုပြီး တန်ဖိုးထားကြသည့် မြန်မာမိန်းကလေးများမှာ အရှက်ရော အသက်ပါ ဆုံးရှုံးသွားရသည့် ဖြစ်ရပ်မျိုးက မိအေးနှစ်ခါနာရသည်ထက်ဆိုးသည်။ ဝတ်စားဆင်ယင်မှုကြောင့် မုဒိမ်းကောင်ကို လက်ယပ်ခေါ်ရာရောက်သည်ဟူသော စကားလုံးများဖြင့် ကျူးလွန်ခံရသူကို ဝေဖန်မှုများမှာ စင်စစ်တော့ လူမဆန်ရာရောက်သည့် မှတ်ချက်မျိုးသာဖြစ်သည်။ လောလောလတ်လတ် ဖြစ်ပျက်သွားခဲ့သော မုဒိမ်းမှုသုံးခု ရှိခဲ့သည်။ အသက် ၂၅ နှစ်အရွယ် FDA ဝန်ထမ်း အမျိုးသမီးငယ်တစ်ဦး အိမ်အပြန်ကားငှားစီးရာမှ တက္ကစီသမားက အဓမ္မကျင့်စော်ကားကာ သတ်ဖြတ်မှုတစ်ခု၊ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို HIV ပိုး ကူးစက်ခံထားရသူက အဓမ္မကျင့်မှု၊ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရိုက်နှက်မုဒိမ်းကျင့်သွားခဲ့မှုတို့က လူမဆန်လွန်းသည့် ခွင့်လွှတ်နိုင်စရာမရှိသည့် ပြစ်မှုမျိုးပင်ဖြစ်သည်။ ယခုဖြစ်စဉ်များကိုကြည့်လျှင် မည်သူကမျှ လျှပ်ပေါ်လော်လီခဲ့လို့ အဓမ္မကျင့်ခံရ၊ သတ်ဖြတ်ခံခဲ့ရခြင်းမဟုတ်ပေ။ ကလေးငယ်များအပေါ် ကျူးလွန်ခဲ့ကြသည့် ရိုင်းစိုင်းမှုမျိုးမှာကား ဆိုဖွယ်ရာပင်မရှိလောက်အောင် စက်ဆုပ်စရာကောင်းလှသည်။ အမျိုးသမီးများဘဝ လုံခြုံစိတ်ချရဖို့ လိုပါသည်။ မည်သည့်အဝတ်အစားမျိုးကို ဝတ်ထားသည်ဖြစ်စေ၊ မည်သည့်နေရာဒေသမှာ ရောက်နေသည်ဖြစ်စေ အမျိုးသမီးတွေရဲ့ သိက္ခာနှင့် လုံခြုံစိတ်ချရမှုအတွက် တရားဥပဒေကရော လူမှုအသိုင်းအဝိုင်းကပါ ဝိုင်းဝန်းကာကွယ်ပေးဖို့ လိုသည်။

play
မုဒိမ်းမှုအတွက် သေဒဏ်ပေးရေး လှုပ်ရှားနေကြသူများ

" အမျိုးသမီးတွေကို ဟိုနေရာမသွားနဲ့ ဒီနေရာမသွားနဲ့၊ မိုးချုပ်ရင် အပြင်မထွက်နဲ့လို့ တားမြစ်နေတာက မုဒိမ်းဖြစ်မလာအောင် တားလို့မရဘူး။ အဓိကက ဥပဒေပဲ။ ဥပဒေနဲ့တားမြစ်မှရမှာ။ မုဒိမ်းမှုအတွက် ပြစ်ဒဏ်ကြီးကြီးမားမား မရှိသေးဘူး။ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် တားမြစ်ရမယ်။ သားယောက်ျားလေးမွေးထားတဲ့ မိဘတွေအနေနဲ့ ဒီလိုလုပ်ရပ်မျိုးဟာ ဘဝမှာ စက်ဆုပ်ရွံရှာအကောင်းဆုံးလုပ်ရပ်မျိုးဖြစ်တယ်လို့ သွန်သင်ပေးထားရင် နောင်တစ်ချိန်မှာ လက်ဆင့်ကမ်းသွားမယ်လို့ ထင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကာလ၊ ဒေသ ၊ အခြေအနေ၊ အန္တရာယ်ကို သတိထားဆင်ခြင်ဖို့လည်း လိုပါတယ်။ ကိုယ့်အန္တရာယ်ကင်းဖို့အတွက်ကိုလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အမြဲတမ်း စဉ်းစားထားနေရမယ်" ဟု အချိန်ပိုင်းဆရာမ ဒေါက်တာရီလွင်ကျော်ဇောက သူမရဲ့အမြင်ကို ပြောပြသည်။

“ မုဒိမ်းမှုနဲ့ပတ်သက်လို့ အပြင်းထန်ဆုံးဥပဒေဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။ သက်ငယ်မုဒိမ်းမှုအတွက် သီးခြားပြဌာန်းထားတာမျိုးလည်း မရှိသေးဘူး။ နောင်ကိုလည်း သက်ငယ်မုဒိမ်းအတွက် သီးခြားဥပဒေ ပုဒ်မအနေနဲ့ ပြဌာန်းဖို့ အမျိုးသမီးအဖွဲ့တွေကလည်း လှုပ်ရှားနေကြတယ်။ မုဒိမ်းမှုတစ်ခု ဖြစ်တယ်ဆိုရင် မမြင်ကွယ်ရာမှာဖြစ်တဲ့အတွက် မျက်မြင်သက်သေကမရှိဘူး။ မုဒိမ်းကျင့်ခံရပြီး နှစ်ရက်၊ သုံးရက်နေမှ တိုင်တန်းတဲ့အခါကျတော့ အခင်းဖြစ်ချိန် ဝတ်ထားတဲ့အဝတ်အစားမှာ ကျန်နေတဲ့သုက်ပိုးက မရှိတော့ဘူး။ အဲ့ဒီအတွက် ဆရာဝန်ရဲ့ဆေးထင်မြင်ချက်က အားနည်းတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ မုဒိမ်းမှုနဲ့ပတ်သက်တဲ့ ဥပဒေပြဌာန်းချက်ကို သိရှိဖို့အလွန်လိုအပ်တယ်။ အဲ့လိုသိမှပဲ ချက်ခြင်းတိုင်မှပဲ အမှုတွေကအားကောင်းတယ်။ တရားရုံးအနေနဲ့ အားကောင်းတဲ့အမှုတွေကို ထိထိရောက်ရောက်ပြစ်ဒဏ်ချမှတ်နိုင်မယ်" လို့ မြန်မာနိုင်ငံရှေ့နေများရုံးမှ ဥပဒေပညာရှင်အမျိုးသမီးတစ်ဦးက အကြံပေးသည်။

အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု ၊ အဓမ္မကျင့်မှုများ ပပျောက်ရေးအတွက် သန်းတစ်ထောင်လှုပ်ရှားမှုများကို ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ နှစ်စဉ် ကျင်းပခဲ့ကြပြီး ယခုနှစ်တွင်လည်း ဆက်လက်လှုပ်ရှားကြဦးမည်ဖြစ်သည်။ အမျိုးသမီးထု၏ စည်းလုံးညီညွှတ်မှု၊ ကြံ့ခိုင်မှုတို့ကို ပြသသည့်အနေဖြင့် အမျိုးသမီးများက စုရုံးကခုန်ခြင်းဖြင့် သန်းတစ်ထောင်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် ၊ ဖောဖော်ဝါရီ ၁၄ ခုနှစ်က သန်းတစ်ထောင်လှုပ်ရှားမှုတွင် နိုင်ငံပေါင်း ၁၉၀ ၌ တစ်နေ့တည်း ပြိုင်တူဆင်နွှဲခဲ့ကြသည်။

၂၀၁၄ ခုနှစ် သန်းတစ်ထောင်လှုပ်ရှားမှုကိုတော့ One Billion Rising for Justice - တရားမျှတမှုခေါင်းစဉ်ဖြင့် ဖော်ဖော်ဝါရီ ၁၄ ရက်နေ့၌ပင် ပြုလုပ်ခဲ့သည်။ ဘောလိဝုဒ်သရုပ်ဆောင် Aamir Khan ကလည်း နယူးဒေလီမြို့တွင် ပြုလုပ်သော သန်းတစ်ထောင်လှုပ်ရှားအကြောင်းကို ရုပ်သံအစီအစဉ်ကနေ ကြိုတင်နှိုးဆော်ခြင်းဖြင့် တက်ကြွပါဝင်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ၊ လော့စ်အန်ဂျလိစ်မြို့တွင်လည်း အမျိုးသမီးစစ်သည်များနှင့် အကျဉ်းကျခံနေရသည့်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် ဂျိန်းဖောင်ဒါ၊ အန်း ဟက်သာဝေး၊ မာရီဆာ တိုမီ၊ ဒိုင်လန် မက်ဒါးမော့တ်တို့လို ဆယ်လီများကလည်း ပါဝင်ခဲ့သည်။

၂၀၁၅ ခုနှစ် သန်းတစ်ထောင်လှုပ်ရှားမှုကို One Billion Rising Revolution ခေါင်းစဉ်ဖြင့် နိုင်ငံပေါင်း ၂၀၀ ကျော်တွင် ပြုလုပ်ခဲ့ပြီး အမျိုးသမီးများအပေါ် ခွဲခြားဖိနှိပ်ကြသည့် အာဖရိကနိုင်ငံများပင် ပါဝင်လာခဲ့သည်။ ၂၀၁၆ ခုနှစ်ကို ရောက်လာချိန်တွင် ယင်းလှုပ်ရှားမှုက ပိုမိုအားကောင်း မြင့်တက်လာခဲ့သည်။ Rise of Revolution 2016 ၌ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်သွားစေဖို့ကို ရှေးရှုကာ ပိုမိုအရှိန်မြှင့်လုပ်ဆောင်ခဲ့ကြသည်။ ယမန်နှစ်ကလည်း သန်းတစ်ထောင်လှုပ်ရှားမှုများကို ကမ္ဘာအနှံ့တွင် ပြုလုပ်ခဲ့ပြီး အမျိုးသမီးထုဘဝ လုံခြုံစိတ်ချရဖို့၊ လိင်အကြမ်းဖက်မှုများ ရပ်တန့်ဖို့ကို ဆက်လက်တောင်းဆိုခဲ့ကြသည်။

play

 

"မုဒိမ်းကျင့် အကြမ်းဖက်တယ်ဆိုတာ လူသားချင်းစာနာမှုမရှိတဲ့လုပ်ရပ်လို့မြင်တယ်။ ယောက်ျားရယ် မိန်းမရယ် မခွဲခြားဘဲ လူကိုလူလို့ပဲမြင်စေချင်ပါတယ်။ လူလူချင်း အကြမ်းဖက်တာမျိုးက လူမဆန်တဲ့လုပ်ရပ်လို့မြင်တယ်။ မုဒိမ်းမှုပပျောက်ရေးအတွက် အမျိုးသမီးတစ်ယောက်အနေနဲ့ ပါဝင်လှုပ်ရှားရမယ်ဆိုရင် ပါဝင်ချင်ပါတယ်" လို့ Mandalay FM ရေဒီိယိုရဲ့ အစီအစဉ်တင်ဆက်သူ မစိုးရတနာမြင့်ကလည်း လူငယ်မိန်းကလေးတစ်ဦးအနေနဲ့ သူမရဲ့ ခံယူချက်နဲ့ဆန္ဒကို ပြောပြသည်။

ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်ကြမည့် သန်းတစ်ထောင်လှုပ်ရှားမှုအတွက် “ Solidarity” - စည်းလုံးညီညွှတ်မှု ဖြင့် သက်သေပြကာ ဆင်နွှဲကြဦးမည်ဖြစ်သည်။ အမျိုးသမီးထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာဖြင့် အဓမ္မမှု၊ လိင်အကြမ်းဖက်မှု ပပျောက်ရေးကို လှုပ်ရှားကြမည်ဖြစ်သည်။ ယင်းအပြင် အမျိုးသမီးများအတွက် တန်းတူညီမျှရေး၊ လုံခြုံစိတ်ချရမှုနှင့် လွတ်လပ်မှုရှိရေး၊ ဒုက္ခသည်များအခွင့်အရေး၊ ရွှေ့ပြောင်းဒုက္ခသည်များ အခွင့်အရေး၊ မျိုးပွားခြင်းဆိုင်ရာ အခွင့်အရေး ရပိုင်ခွင့်များ၊ ပညာရေး၊ လွတ်လပ်စွာပုံနှိပ်ဖော်ပြခွင့်၊ အမျိုးသမီးအခွင့်အရေး ကာကွယ်နေသူများရဲ့ လုံခြုံရေးစသည်တို့ကိုလည်း စုပေါင်းကခုန်ခြင်းဖြင့် ဆက်လက်ဆင်နွှဲကြမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း သန်းတစ်ထောင်လှုပ်ရှားမှုကို Akhaya Women Myanmar - အခရာအမျိုးသမီးအဖွဲ့က ၂၀၁၃ ခုနှစ်တွင် စတင်လှုပ်ရှားခဲ့သည်။ အဆိုပါလှုပ်ရှားမှုတွင် အခြားအဖွဲ့အစည်းများ၊ လုပ်အားပေး စေတနာ့ဝန်ထမ်းများနှင့် စတင်ခဲ့ပြီး အမျိုးသမီးများအပေါ် အနိုင်ကျင့် အကြမ်းဖက်မှုများရပ်တန့်စေရန် ရည်ရွက်ချက်ဖြင့် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အမျိုးသမီးများအနေဖြင့် မိမိတို့ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်၊ လုံခြုံစိတ်ချရမှုများအတွက် ကိုယ်တိုင် တက်ကြွလှုပ်ရှားတောင်းဆိုဖို့ လိုအပ်သည်။ အမျိုးသမီးထုတစ်ရပ်လုံး ညီညီညွတ်ညွတ် တောင်းဆိုလှုပ်ရှားမည်ဆိုလျှင် မည်သည့်အရာမဆို ဖြစ်လာမည်မှာ ဧကန်မလွဲပင်။ ထို့အတွက်ကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့၌ ပြုလုပ်ကြမည့် သန်းတစ်ထောင်လှုပ်ရှားမှုတွင် ပါဝင်စေဖို့ မြန်မာမိန်းကလေးထုကို တိုက်တွန်းလိုက်ချင်သည်။ ချစ်သူများနေ့မှာ ချစ်သူကို ချစ်ဖို့ထက် မိမိကိုယ်ကိုယ်ချစ်ဖို့၊ မိမိလိုအမျိုးသမီးထုတစ်ရပ်လုံးကို ချစ်ခင်ကြောင်း ပြသဖို့အတွက် သန်းတစ်ထောင်လှုပ်ရှားမှုကို ပါဝင်ကြရအောင်ပါ။

Ref : Onebillionrising.org, Akhayar Women Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video