In partnership with  logo
" ရာသီလာနေချိန်ဆိုရင် အမြင့်တွေမတက်ခိုင်းဘူး၊ စားစရာတွေတောင် မပြင်ခိုင်းဘူး... ကိုယ်မသန့်လို့တဲ့" ...

ရာသီလာတဲ့အချိန် သုံးထားတဲ့ ဂွမ်းထုပ်၊ tempon က စိမ့်သွားလို့ အဝတ်မှာ စွန်းသွားရင် ရွံစရာကြီးလို အကြည့်ခံရတာ အတော်အဆင်မပြေတဲ့ကိစ္စနော်။ ဒါကို မိန်းကလေး အတော်များများ ကြုံဖူးမယ်ထင်ပါတယ်။ ဘယ်မိန်းကလေးကမှ ဒီလိုအကြည့်ခံရတာကို မကြိုက်ဘူး။ တချို့ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ ရာသီသွေးကို မြင်တာနဲ့ ရွံစရာကြီးလို ရုပ်ပျက်ဆင်းပျက်လုပ်ပြတာတွေတောင် ရှိတယ်။

 

ရှေးရိုးစွဲ အယူသီးမှုတွေနဲ့ အမျိုးသမီးတွေရဲ့ သဘာဝရာသီကိစ္စဟာ ခွဲခြားဆက်ဆံခံရတာ မဖြစ်သင့်တဲ့ကိစ္စပါ။ ရာသီလာချိန်တွေမှာ မိန်းကလေးတွေကိုယ်တိုင်က အဆင်မပြေကြပါဘူး။ ဟော်မုန်းအပြောင်းအလဲကြောင့် နေရထိုင်ရ မအီမသာဖြစ်တယ်၊ ဗိုက်အောင့်တာတွေဖြစ်တယ်။ အဲ့လိုတွေ ဖြစ်နေတဲ့မိန်းကလေးတစ်ယောက်ဟာ သူကိုယ်တိုင်လည်း နေရထိုင်ရ အဆင်မပြေဘူး။ ဒါကိုမှ ရွံစရာလို ခွဲခြားနှိမ့်ချဆက်ဆံတဲ့ အပြုအမူတွေဟာ တစ်ဖက်သားကို ပိုပြီးအဆင်မပြေဖြစ်ရစေပါတယ်။

 

" မတော်တဆ စိမ့်ကျသွားရင် ရွံစရာကြီးလို အော်ဂလီဆန်တဲ့အကြည့်နဲ့ အကြည့်ခံရတာ စိတ်ညစ်တယ်" " စွန်းထားတဲ့အဝတ်တွေနဲ့ အစ်ကိုတွေမောင်တွေရဲ့အဝတ်တွေကို ထိမိရင် အဆူခံရတယ်" " ရာသီလာနေချိန်ဆိုရင် အမြင့်တွေမတက်ခိုင်းဘူး၊ စားစရာတွေတောင် မပြင်ခိုင်းဘူး... ကိုယ်မသန့်လို့တဲ့" ...။ ဒါတွေဟာ မြန်မာမိန်းကလေးတွေ ကြုံနေရတဲ့ ခွဲခြားဆက်ဆံခံရမှုတွေထဲက တစ်ခုပါ။ ဘယ်သူကမှ ဒီလိုခွဲခြားနှိမ့်ချမှုကို မလိုလားကြပါဘူး။ တချို့နိုင်ငံတွေမှာဆိုရင် ရာသီလာနေတဲ့ မိန်းကလေးကို မိသားစုနဲ့အတူမနေခိုင်းဘဲ သီးသန့်ခွဲနေခိုင်းတာတောင် ရှိပါတယ်။

 

နီပေါမှာ အဲ့ဒီလိုဖြစ်ရပ်မျိုး ရှိခဲ့ပြီး ရာသီလာချိန် အိမ်ပြင်ထုတ်ခံထားရတဲ့ မိန်းမပျိုလေးဟာ အသက်ဆုံးရှုံးသွားခဲ့ရရှာပါတယ်။ အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ အိမ်ပြင်က တင်းကုပ်မှာ နေဖို့ အတင်းအကျပ်ဖိအားပေးခံရပြီးနောက် သေဆုံးသွားခဲ့ရတယ်။

ရာသီသွေးနဲ့ထိမိရင် ဘုန်းနိမ့်မှာလို့ တချို့က ပြောကြသေးတယ်။ ရာသီလာနေတဲ့ မိန်းမတစ်ယောက်အနားကိုတောင် မကပ်ချင်ကြဘူး။ သဘာဝအရ ဖြစ်တဲ့ကိစ္စကို လွဲမှားတဲ့အယူအဆတွေကသာ လူမှုဘဝတွေကို ဖျက်ဆီးပစ်နိုင်တာပါ။ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံလိုက်တဲ့အတွက် သူတို့ရဲ့နေ့စဉ်ဘဝမှာ ကောင်းတဲ့သက်ရောက်မှု တစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်မတို့ မိန်းကလေးတွေ ကိုယ်တိုင်ကလည်း ကိုယ့်ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်ကို သဘာဝဖြစ်စဉ်ပဲလို့ လက်ခံဖို့လိုပါတယ်။ ကိုယ်တိုင်က ကိုယ့်ရဲ့သဘာဝဖြစ်စဉ်ကို လက်ခံထားပြီးရင် ကြောက်ရွံ့သိမ်ငယ်နေစရာလည်း မလိုပါဘူး။ ဒါဟာ ဘယ်သူ့ကိုမှ ထိခိုက်စေမယ့်အရာမဟုတ်တဲ့အတွက် ဘယ်သူကမှ စော်ကားနှိမ့်ချတာတွေကိုလည်း လက်မခံဖို့ လိုပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ဘဝမှာ အပျိုဖော်ဝင်ချိန်ကစလို့ သွေးဆုံးချိန်အထိ ရာသီလာတယ်။ ပျမ်းမျှအားဖြင့် ဆိုရင်တော့ အသက် ၁၂ နှစ် ဝန်းကျင်မှာ ရာသီစလာပါတယ်။ အဲ့တာကို အပျိုဖော်ဝင်တယ်လို့လည်း ခေါ်ကြတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဝန်လွယ်ဖို့အတွက် မျိုးဥကို စတင်ထုတ်ပေးနိုင်ပြီး အဲ့ဒီမျိုးဥဟာ ဖိုမျိုးဥနဲ့ မပေါင်းစပ်ဖြစ်တဲ့အခါ ကြွေကျသွားရတယ်။ ဒါကို ရာသီဆင်းတယ်လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ အညစ်အကြေးတွေ၊ သွေးပုပ်တွေ ထွက်လာတာ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်အတွက် ဂုဏ်ယူသင့်တဲ့ ကိစ္စကို သိမ်ငယ်မှုတွေ အဝင်မခံပါနဲ့လို့ မဒီက တိုက်တွန်းလိုက်ပါတယ်နော်။

Share

Loading Next Article...
က္က