In partnership with  logo
"မြန်မာနိုင်ငံက တိုင်းကျိုးပြည်ပြုဆောင်ရွက်နေတဲ့၊ ကိုယ့်ထက်အများကြီးပိုတော်တဲ့ အမျိုးသမီး အမျိုးသားတွေကိုယ်စား ဒီဆုကိုတက်ရောက်ယူပေးခဲ့ရတယ်လို့ပဲ မှတ်ယူပါတယ်"

ယူကေကပေးအပ်ချီးမြှင့်တဲ့ Women of the Future Awards South East Asia ဆုကို အရှေ့တောင်အာရှနိုင်ငံတွေထဲက အမျိုးသမီးတွေကို ပေးအပ်ခဲ့ရာမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ မဖြူနှင်းငြိမ်းလည်း ရရှိသွားခဲ့ပါတယ်။ ဒီဆုကို နှစ်စဉ် ပေးအပ်တာဖြစ်ပြီး ဆုအမျိုးအစား ၉ မျိုး ရွေးချယ် ပေးအပ်ခဲ့ရာမှာ မဖြူနှင်းငြိမ်းက Community & Public Service Award ဆုကို ရရှိခဲ့တာပါ။


 

မြန်မာနိုင်ငံ ကျေးလက်ဒေသက တောင်သူလယ်သမားတွေဘဝ တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ကိုင်နေတဲ့အတွက် ဒီဆုကိုပေးအပ်ခဲ့တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က ဖော်ပြထားပါတယ်။ သူမရဲ့လုပ်ဆောင်မှုဟာ အရှေ့တောင်အာရှအတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပြီး အဲ့ဒီအပေါ်စိတ်ထက်သန်စွာလုပ်ဆောင်တဲ့အတွက် ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အမျိုးသမီးထုအားလုံးအတွက် အားကျအတုယူစရာကောင်းပါတယ်လို့လည်း ဆုပေးအပ်တဲ့အဖွဲ့ရဲ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

" လက်ရှိမှာ အခြားနိုင်ငံတွေကြားမှာ မြန်မာနိုင်ငံက အရမ်း မျက်နှာငယ်ရပါတယ်။ အခု ဒီဆုမှာ အိမ်နီးချင်းနိုင်ငံတွေကို ကျော်လွန်ပြီး မြန်မာနိုင်ငံအနေနဲ့လည်း တစ်ဆု ရခဲ့တဲ့အတွက်  ပိုပျော်ပါတယ်။ ဂုဏ်လည်း ယူပါတယ်။ တိုင်းပြည်အတွက်လည်း အားတက်ရပါတယ်။  နောက်ပြီး မြန်မာပြည်မှာလည်း ထူးထူးချွန်ချွန် လုပ်ဆောင်နေတဲ့ ၊ တိုင်းကျိုးပြည်ပြု ဆောင်ရွက်နေတဲ့ ၊ ကိုယ့်ထက် အများကြီး ပိုတော်တဲ့ အမျိုးသား အမျိုးသမီးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာက သိပ်ပြီး မသိရှိကြသေးပါဘူး။  ကျွန်မ အနေနဲ့ ဒီဆုကို သူတို့ကိုယ်စား တက်ရောက် ယူပေးခဲ့ရတယ်လို့ပဲ မှတ်ယူထားပါတယ်။ ကျွန်မ ဆုယူတုန်းကလည်း အဲဒီအချက်ကို ထည့်ပြောခွင့် ရရှိခဲ့ပါတယ်" လို့ ဆုရရှိသူ မဖြူနှင်းငြိမ်းက Duwun ကို ဖြေကြားခဲ့ပါတယ်။

 

မဖြူနှင်းငြိမ်းဟာ Proximity Designs အဖွဲ့ရဲ့ အဖွဲ့ခွဲဖြစ်တဲ့ ရေတံခွန်တောင်သူပညာပေးအဖွဲ့မှာ အထွေထွေမန်နေဂျာအနေနဲ့ တာဝန်ယူထားတယ်လို့ သိရပါတယ်။ အဲ့ဒီအဖွဲ့နဲ့အတူ သူမက တောင်သူအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပြီး ဆက်လက်ပြီးတော့လည်း ဒီ့ထက်ပိုတိုးမြှင့်လုပ်ဆောင်သွားဖို့ကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်။ Women of the Future Awards South East Asia ဆု ဆန်ခါတင်စာရင်းမှာ မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ မမေပြည့်စုံကြွယ်လည်း ပါဝင်ခဲ့ပါသေးတယ်။

 

ဆုရရှိသွားတဲ့ မဖြူနှင်းငြိမ်းအနေနဲ့ မြန်မာအမျိုးသမီးတွေကိုလည်း မိမိဝါသနာပါတဲ့၊ စိတ်အားထက်သန်တဲ့အလုပ်ကို ဘယ်လောက်ပဲခက်ခက် ရွေးချယ်ဖို့အတွက် အားပေးချင်တယ်လို့ တိုက်တွန်းထားပါတယ်။ ပြီးတော့ သူမရဲ့ကိုယ်တွေအနေနဲ့ စိတ်ဓာတ်ကျနေချိန်၊ အခက်အခဲတွေ့နေချိန်မှာဆို စိတ်ခွန်အားတက်စေမယ့် အဆိုအမိန့်တွေကို ဖတ်လေ့ရှိတယ်လို့လည်း မျှဝေခဲ့တယ်။ " အခက်အခဲကြုံလာလို့ရှိရင် ဒီလိုအဆိုအမိန့်တွေ ဖတ်လိုက်တဲ့အခါအမှာ ကိုယ်ဘာကြောင့် ဒီကဏ္ဍမှာ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာလည်းဆိုတာ ပြန်တွေးမိပြီး ရှေ့ဆက် ဘာဆက်လုပ်ဖို့လိုလဲဆိုတာပါ ဆက်တွေးမိသွားရင် အခက်အခဲဆိုတာ မရှိတော့ပါဘူး" လို့ Duwun Media က တစ်ဆင့် အမျိုးသမီးတွေကို သူမက အကြံပေးခဲ့ပါတယ်။

Photo - Women of the Futre Awards South East Asia Facebook


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က