In partnership with  logo
၂၀၀၁ ခုနှစ်တုန်းကလည်း OBE ဘွဲ့ ချီးမြှင့်ခံခဲ့ရပါသေးတယ်။

ဗြိတိန်တော်ဝင်မိသားစုက စာရေးဆရာမ JK Rowling ကို နိုင်ငံဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Companion of Honor ဆုကို ချီးမြှင့်ပေးအပ်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့က Buckingham နန်းတော်မှာ မင်းသား ဝီလျံက ရိုးလင်းကို ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

 

Harry Potter စာအုပ်တွေကို ရေးသားခဲ့သူ ရိုးလင်းဟာ ရသစာပေရေးသားမှုနဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ခဲ့မှုကို အသိအမှတ်ပြုသောအားဖြင့် ယခုဘွဲ့ကို ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။ ရိုးလင်းရေးသားတဲ့ ဟယ်ရီပေါ်တာဇာတ်လမ်းတွဲ စာအုပ်တွေဟာ ထုတ်လုပ်ပြီး ဆယ်စုနှစ် ၂ ခု ကြာသည့်တိုင် အရောင်းရဆုံးစာရင်းဝင် ဖြစ်နေခဲ့ပါတယ်။  အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ ရိုးလင်းအတွက် ယခုရရှိတဲ့ဆုဟာ ရှားပါးဆုလည်း ဖြစ်တာမို့ သူမရဲ့လုပ်ဆောင်မှုတွေဟာ ထူးချွန်သာလွန်တယ်ဆိုတာ ပိုပြီးခိုင်မာစေပါတယ်။

 

၂၀၀၁ ခုနှစ်တုန်းကလည်း OBE ဘွဲ့ ချီးမြှင့်ခံခဲ့ရပါသေးတယ်။ ပေါင်စတာလင် သန်း ၅၀၀ နီးပါး ကြွယ်ဝမှု ရှိနေတဲ့ ရိုးလင်းဟာ Companion of Honor ဆုကို လက်ခံယူဖို့အတွက် Buckingham နန်းတော်ကို ခင်ပွန်းသည် Neil Murray နဲ့ အတူ တက်ရောက်ခဲ့ပါတယ်။ Neil ကလည်း စကော့တလန်နိုင်ငံ Livingstone က St John ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တစ်ဦးပါ။

 

" ကျွန်မအနေနဲ့ နက်နက်ရှိုင်းရှိုင်းကို ဂုဏ်ယူမိပြီး ဒီဂုဏ်ပြုဆုကို လက်ခံရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ မတူညီတဲ့ နယ်ပယ်ထဲက အခြားသော နိုင်ငံဂုဏ်ထူးဆောင်ဘွဲ့တွေမှာ ထူးချွန်သူအဖြစ် ပါဝင်ရတာက အထူးသဖြင့် အမျိုးသမီးစာရေးဆရာတစ်ဦးအဖို့ ထူးခြားတဲ့အခွင့်အရေးပါပဲ" လို့ ရိုးလင်းက သူမရဲ့ခံစားချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ငံဂုဏ်ထူးဆောင်အဖွဲ့ဝင် (Membership of the Order of the Companions of Honour) ဆုကို ၁၉၁၇ ခုနှစ်မှာ ဘုရင် ဂျော့ - ၅ က စတင်ထူထောင်ခဲ့ပါတယ်။ နိုင်ငံအတွက် အရေးပါတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်တဲ့ပုဂ္ဂိုလ်တွေကို အသိအမှတ်ပြုသောအားဖြင့် ဒီဆုကို ချီးမြှင့်လေ့ရှိပြီး တစ်ကြိမ်ဆုပေးရင် လူ ၆၅ နဲ့သာ ကျင်းပလေ့ရှိပါတယ်။

 

လူသိများ ထင်ရှားတဲ့ အမျိုးသမီးတစ်ဦးပီပီ ရိုးလင်းရဲ့ တွစ်တာမှာ follower ပေါင်း ၁၀ သန်းကျော်လည်း ရှိပါတယ်။ သူမက အဲ့တာကို အကျိုးရှိရှိ အသုံးချလေ့ရှိတယ်။ သူမရဲ့ ပရဟိတလုပ်ငန်းတွေကို အားပေးကြော်ငြာဖို့ ၊ Brexit ကို ဆန့်ကျင်ဖို့ ၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်အကြောင်း ထုတ်ဖော်ပြောကြားဖို့အတွက် တွစ်တာကို အသုံးပြုခဲ့သူပါ။

Source : Daily Mail

Share

Loading Next Article...
က္က