In partnership with  logo
Google မှာ သူမရဲ့ နာမည်ကို ရိုက်ပြီး ရှာဖွေမှုက သရုပ်ဆောင်အနုပညာရှင်တွေထဲမှာ ထိပ်ဆုံးက ရှိခဲ့ပါတယ်။

Meghan Markle ရဲ့ သတင်းတွေကတော့ အခုရက်ပိုင်းအတွင်းမှာဆိုရင် မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ နေရာယူထား နိုင်ခဲ့ပါတယ်။ အမေရိကန်သူတစ်ဦးရဲ့ ဗြိတိန်တော်ဝင်မိသားစုအတွင်း ဝင်ရောက်လာတဲ့ အဖြစ်အပျက်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းခဲ့ပြီးတော့ မင်းသားဟယ်ရီနဲ့ Markle တို့ရဲ့ ဇာတ်လမ်းကို ပိုပြီးတော့ သိချင်လာခဲ့ကြပါတယ်။ Meghan Markle ရဲ့ ဘဝနောက်ကြောင်းကို စူးစမ်းခဲ့ကြသလို သူမနာမည်ကို Google မှာ ရိုက်ပြီး ရှာဖွေမှုက ၂၀၁၇ ခုနှစ်အတွင်းမှာဆိုရင် အတော်လေးများပြားခဲ့ပါတယ်။ အသက် (၃၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Markle ကို မင်းသားဝီလျံရဲ့ ဇနီး Kate Middleton နဲ့ နှိုင်းယှဉ် သုံးသပ်မှုတွေ ရှိနေခဲ့ပါသေးတယ်။ Markle ရဲ့ နာမည်က နေ့ချင်းညချင်းဆိုသလိုပဲ ပိုပြီးတော့ ကျော်ကြားလာခဲ့ပြီး  သူ့ရဲ့ အကြောင်းက လူပြောအများဆုံးလည်း ဖြစ်ခဲ့တာပါ။ Markle အကြောင်းကို လေ့လာမှုတွေအပြီးမှာတော့ ထူးခြားချက်တွေရှိနေတဲ့ သူမရဲ့အကြောင်းက ဘာတွေလဲဆိုတာကို လေ့လာကြည့်ရအောင်။

 

၁။ Calligrapher လုပ်ခဲ့ဖူးတယ်

Markle ဟာ ရုပ်ရှင်သရုပ်ဆောင်မဖြစ်ခင်မှာတော့ Visual Art နဲ့ဆက်နွယ်နေတဲ့  Calligraphy အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ သူမကို အင်တာဗျူးခဲ့တဲ့ အစီအစဉ်တစ်ခုမှာ ဒီကိစ္စကို ဖွင့်ဟပြောကြားခဲ့တာဖြစ်ပြီးတော့ ပရော်ဖက်ရှင်နယ်အလုပ်တစ်ခုအဖြစ် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ " မင်္ဂလာဆောင်ပွဲတွေ၊ အခမ်းအနားတွေအတွက် Calligrapher အလုပ်ကို လုပ်ကိုင်ခဲ့တယ်" လို့ ပြောခဲ့တာဖြစ်ပြီး " ဒီအလုပ်က တကယ်ဆိုရင် မှေးမှိန်စပြုနေတဲ့ အနုပညာတစ်ခုလို့ ကျွန်မထင်တယ်" လို့ Markle က ထပ်ပြောခဲ့ပါသေးတယ်။

၂။ Meghan Markleက သူမရဲ့ နာမည်ရင်းမဟုတ်ဘူး

နာမည်ကျော်အနုပညာရှင်တွေလိုပဲ Markle က သူမရဲ့ အနုပညာနာမည်ကို ရွေးချယ်ခဲ့တာပါ။ Meghan ဆိုတဲ့ နာမည်က တကယ်တော့ သူမနာမည်အရင်းရဲ့ အလယ်နာမည်တစ်ခုဖြစ်ပြီး သူမရဲ့ နာမည်အပြည့်အစုံက Rachel Meghan Markle ပါတဲ့။ Emma Stone, Katy Perry, Brad Pitt တို့နည်းတူ သူမကလည်း အနုပညာနာမည်ကို ရွေးချယ်ခဲ့တာပါ။ Katy Perry ရဲ့ နာမည်အရင်းကတော့ (Katherine Hudson) ဖြစ်ပြီး Brad Pitt ရဲ့ နာမည်အရင်းက (William Bradley Pitt) ဖြစ်ပါတယ်။

 

၃။ မတူကွဲပြားသော နောက်ခံမိသားစု

Markle က သူမဟာ အာဖရိကန်-အမေရိကန် နဲ့ ဒတ်ချ်-အိုင်းရစ် သွေးနှောသူဖြစ်ကြောင်းလည်း ဝန်ခံခဲ့ဖူးပါတယ်။ သူမရဲ့ မိခင် Radlan ဟာ အာဖရိကန်-အမေရိကန် သွေးနှောဖြစ်ပြီးတော့ Radlan ဟာ ဒတ်ချ်-အိုင်းရစ်သွေးနှောဖြစ်သူ Markle ရဲ့ ဖခင်နဲ့ TV Show တစ်ခုမှာ အလုပ်လုပ်ရင်း ဆုံတွေ့ခဲ့ကြတာပါ။ ဒီလိုမျိုး သွေးနှောသူဖြစ်တာကို ဂုဏ်ယူကြောင်း Markle က ပြောခဲ့ဖူးပြီးတော့ လူတစ်ကိုယ်တည်းနဲ့ သူမဟာ လူနှစ်ယောက်သဖွယ်ဖြစ်နေကြောင်းလည်း ပြောခဲ့ပါသေးတယ်။ သူမရဲ့ အသံအတွက် ဂုဏ်ယူနေတတ်သလို၊ သွေးနှောအမျိုးသမီးတစ်ယောက်အနေနဲ့ဆိုရင်လည်း ကျေနပ်မိကြောင်း ဆိုခဲ့တာပါ။ ဒီလိုမျိုး သွေးနှောနေရတဲ့ သူမအဖြစ်ကို " ဓားရေးပြိုင်ပွဲလိုမှာဆို ကျွန်မက နှစ်ဖက်စလုံးရဲ့ ပရိသတ်ဆိုတာမျိုးပေါ့"  Markle က ဆိုခဲ့ပါသေးတယ်။ သူမရဲ့ အမေနဲ့လည်း နွေးထွေးတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီးတော့ သူမအမေနဲ့ပတ်သက်ပြီး လူတွေအများကြီးရဲ့ မေးခွန်းတွေ မေးမြန်းမှုအောက်မှာ ရှင်သန်ခဲ့ရတာပါ။ ဒါပေမယ့် သူမက အမေကိုတော့ ချစ်ခင်နှစ်လိုခဲ့ပြီး သူမ မိခင်က သူမကျောင်းတက်စဉ် အဓိကထောက်ပံ့ပေးခဲ့သူလည်း ဖြစ်ပါတယ်။

 

၄။ ဂိမ်းအစီအစဉ်တစ်ခုနဲ့ ပတ်သက်ပြီး ခံစားခဲ့ရဖူး

Briefcase Model အဖြစ် သူမ လုပ်ဆောင်ခဲ့စဉ်က ဂိမ်းအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ဖူးပါသေးတယ်။ " Deal or No Deal" လို့ အမည်ရတဲ့ ဂိမ်းပွဲတစ်ခုမှာ မော်ဒယ်အဖြစ် ဆောင်ရွက်ခဲ့စဉ်ကပါ။ ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ သူမရဲ့ ခံစားချက်ကို လှစ်ဟပြီး ပြောခဲ့ဖူးတာကတော့ " သက်တောင့်သက်သာမရှိပဲ ဆိုးရွားလှတဲ့ ခံစားမှုကြီး၊ ပြီးတော့ ဈေးပေါတဲ့ ငါးလက်မ ဒေါက်မြင့်ဖိနပ်ကြီး စီးပြိးတော့ တစ်စုံတစ်ယောက်က ကျွန်မအလှည့်ရောက်ဖို့ ကျွန်မနံပါတ်ကို အော်မယ့်အချိန်ကို မစောင့်နိုင်တော့လောက်အောင်ကို စိတ်ပျက်ခဲ့ဖူးတယ်၊ အဆုံးသတ်ခဲ့လိုက်ချင်တာ၊ စင်ပေါ်ကနေ ထွက်ပြီး ထိုင်ပစ်လိုက်ချင်ခဲ့တယ်" လို့ ပြောခဲ့တာပါ။ ဒါက သူမဘဝရဲ့ အမှတ်တရခံစားချက်တစ်ခုဖြစ်ခဲ့ပါတယ်။

 

၅။ Markle ရဲ့ ပညာရေး

Northwestern University ကနေပြီးတော့ ၂၀၀၃ ခုနှစ်မှာ Communications နဲ့ ပတ်သက်ပြီးတော့ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းတက်နေစဉ် ကာလအတွင်းမှာ သူမဟာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်လို့ နာမည်ကောင်းရခဲ့တာတွေ ရှိပြီး Kappa Kappa Gamma အမည်ရ တက္ကသိုလ်ကျောင်းသူများအဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ သူမဟာ မာစတာဘွဲ့ယူဖို့ ဆန္ဒရှိနေသေးကြောင်း ဖွင့်ဟခဲ့ပါတယ်။

Source : The Sun

Share

Loading Next Article...
က္က