ကြောင်လေးဘော့ဘ်နဲ့အတူ နေထိုင်လာခဲ့ပြီးနောက် ဘိုဝင်ရဲ့ဘဝဟာလည်း တည်ငြိမ်လာခဲ့ပြီး မူးယစ်ဆေးဝါး သားကောင်အဖြစ်မှလည်း လွတ်မြောက်ခဲ့ပါတယ်။


တစ်ကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ကြည်နူးဖွယ်ရာ ရုပ်ရှင်ဇာတ်ကားအထူးပွဲကို ဖြစ်ရပ်မှန် ကာယကံရှင်နှစ်ဦး ကိုယ်တိုင် တက်ရောက်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်လှုပ်ရှား အာပေးခဲ့ကြပါတယ်။


ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ 'A Street Cat Named Bob' ဇာတ်ကားအထူးပွဲကို နိုဝင်ဘာ ၃ ရက်က လန်ဒန်မှာ အထူးပွဲပြသခဲ့ရာ ဖြစ်ရပ်မှန်က ကာယကံရှင်တွေဖြစ်တဲ့ ကြောင်လေး ဘော့ဘ်နဲ့ သူ့ရဲ့သခင် လမ်းဘေးဂီတသမား ဂျိမ်းစ်ဘိုဝင်တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။


အဆိုပါ ဇာတ်ကားထဲမှာ ကြောင်လေးရဲ့သခင် ဘိုဝင်အဖြစ် 'Clash of the Titans' မင်းသား လူကီထရီဒါဝေးက သရုပ်ဆောင်ထားပါတယ်။


အိမ်ခြေမဲ့ဖြစ်ပြီး မူးယစ်ဆေးစွဲလို့ ဆေးဖြတ်နေရသူ လမ်းဘေးဂီတသမား ဘိုဝင်တစ်ယောက် လမ်းပေါ်က ကြောင်လေး ဘော့ဘ်ကို တွေ့ခဲ့ပြီးနောက် သူ့ရဲ့ဘဝ ပြောင်းလဲမှုတွေ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားပါတယ်။


၂၀၀၇ ခုနှစ်ရဲ့ ညနေခင်းတစ်ခုမှာ လမ်းဘေးဂီတသမား ဘိုဝင်က လမ်းဘေးမှာ သီဆိုဖျော်ဖြေကာ ငွေတောင်းခံခဲ့ပြီးနောက် သူနေထိုင်တဲ့ နေရာကိုပြန်လာခဲ့စဉ် ဒဏ်ရာရထားတဲ့ နီဝါရောင် ကြောင်လေးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ ဘိုဝင်က ကြောင်လေးကို သူနေထိုင်ရာ နေရာသို့ခေါ်ဆောင်သွားခဲ့ပြီး ဒဏ်ရာကို ကုသပြုစုပေးခဲ့ကာ ဘော့ဘ်လို့ အမည်ပေးခဲ့ပါတယ်။


ကြောင်လေးဘော့ဘ် ဒဏ်ရာပျောက်ကင်းပြီး ကျန်းမာလာချိန်မှာတော့ ဘိုဝင်ရဲ့အနားက မခွာတော့ဘဲ သွားလေရာ လိုက်ပါနေတော့ပါတယ်။ ကြောင်လေးဘော့ဘ်နဲ့အတူ နေထိုင်လာခဲ့ပြီးနောက် ဘိုဝင်ရဲ့ဘဝဟာလည်း တည်ငြိမ်လာခဲ့ပြီး မူးယစ်ဆေးဝါး သားကောင်အဖြစ်မှလည်း လွတ်မြောက်ခဲ့ပါတယ်။


ကြောင်လေးဘော့ဘ်နဲ့ သူ့ရဲ့ ဇာတ်လမ်းကို ဘိုဝင်က 'A Street Cat Named Bob' အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားဖြစ်ခဲ့ပါတယ်။ ဘိုဝင် ရေးသားတဲ့ စာအုပ်ကို အခြေခံပြီး အဆိုပါ စာအုပ်အမည်ဖြင့်ပင် ရုပ်ရှင်ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။


ကြောင်လေးဘော့ဘ်က သူ့အတွက် မနက်ခင်းတိုင်းမှာ အဓိပ္ပါယ်ရှိစွာ နိုးထလာပြီး အခုလို အခြေအနေဖြစ်စေခဲ့တဲ့ အကြောင်းရင်းဖြစ်တယ်လို့ ဘိုဝင်က ဆိုပါတယ်။ ရုပ်ရှင်အထူးပွဲ ကော်ဇောနီလျှောက်လမ်းမှာ ကြောင်လေးဘော့ဘ်ကို ဘိုဝင်ရဲ့ ပခုံးပေါ်မှာ အိနြေ္ဒရရ လိုက်ပါလာတာကို ပရိသတ်တွေ ကြည်နူးဖွယ်တွေ့ခဲ့ရပါတယ်။


'A Street Cat Named Bob' ဇာတ်ကားအထူးပွဲကို ဗြိတိန်တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ကြောင်လေးဘော့ဘ်နဲ့ ဘိုဝင်တို့ကို တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။


ရုပ်ရှင်အထူးပွဲကို တက်ရောက်လာကြတဲ့ ပရိသတ်တွေကလည်း ကြောင်လေးဘော့ဘ်နဲ့ ဘိုဝင်တို့ကို ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြတာ တွေ့ပါတယ်။


ကြောင်လေးတစ်ကောင်နဲ့ လူသားတစ်ဦးတို့ရဲ့ သံယောဇဉ်အနှောင်အဖွဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတဲ့ 'A Street Cat Named Bob' ဇာတ်ကားကို နိုဝင်ဘာ ၄ ရက်မှာ ဗြိတိန်နဲ့ နိုဝင်ဘာ ၁၈ ရက်မှာ အမေရိကန်မှာ စတင်ပြသသွားမှာ ဖြစ်ပါတယ်။

Source & Photo: Reuters, Daily Mail

Share

Loading Next Article...
က္က