ဝန်ထမ်းကောင်းကောင်းရမှသာ ကုမ္ပဏီဟာ တိုးတက်မှုရှိမှာပါ။
 

ဝန်ထမ်းတွေ မကောင်းတာကြောင့် ကုမ္ပဏီတိုးတက်မှု နှေးကွေးရသလို ဝန်ထမ်းကောင်းလုံးဝမရှိတဲ့ ကုမ္ပဏီတွေက အရှုံးနဲ့ ရင်ဆိုင်ရတဲ့အထိ ဆိုးရွားတဲ့ အဖြစ်တွေ ကြုံတွေ့ရပါတယ်။

ဝန်ထမ်းကောင်းတွေကို ထိန်းထားနိုင်ဖို့ ကုမ္ပဏီအကြီးအကဲတွေအနေနဲ့ အောက်ပါ (၇) ချက်ကို မလုပ်မိစေဖို့ လိုပါတယ်။

၁။ အရေးမပါတဲ့ စည်းမျဉ်းတွေ အများကြီးချမှတ်ခြင်း

ကုမ္ပဏီဆိုတာ စည်းမျဉ်းစည်းကမ်းရှိဖို့ လိုပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ စိတ်ကျဉ်းကျပ်တာကလွဲလို့ ဘာအကျိုးမှ မရှိတဲ့ စည်းမျဉ်းတွေကို မထုတ်သင့်ပါဘူး။ တကယ် အလုပ်မှာ စိတ်ကို နှစ်ပြီး လုပ်တတ်တဲ့သူတွေဟာ စိတ်ရှုပ်မခံနိုင်ပါဘူး။

၂။ ဝန်ထမ်းအားလုံးကို အညီအမျှဆက်ဆံခြင်း

ဒါဟာ အလုပ်ခွင်ပါ၊ ကျောင်းမဟုတ်ပါဘူး။ အားလုံးကို အညီအမျှသာ အကျိုးခံစားခွင့်ပေးမယ်ဆိုရင်တော့ ဘယ်လောက်ပဲ အလုပ်ကို ကောင်းအောင်လုပ်ပါစေ အဆုံးမှာ ရလဒ်ကတော့ တခြားသူတွေနဲ့အတူတူပဲဖြစ်တဲ့အတွက် ဘယ်သူက ကြိုးစားချင်စိတ်ရှိတော့မလဲ။

၃။ စွမ်းဆောင်ရည်မကောင်းတာကိုလည်း လက်ခံခြင်း

ဂျတ်ဇ်ဂီတအဖွဲ့တွေမှာ ဆိုရိုးတစ်ခုရှိတယ်။ ဂီတအဖွဲ့ရဲ့အဆင့်ကို အဆိုးဆုံးတီးခတ်သူရဲ့ အဆင့်ကိုကြည့်ပြီး ပိုင်းဖြတ်သတဲ့။ ဘယ်လောက် တော်တဲ့သူတွေ ပါနေပါစေ၊ လူတိုင်းက အဆိုးဆုံး တီးခတ်နေတဲ့ အသံကိုလည်း ကြားနိုင်ပါတယ်။ ကုမ္ပဏီတစ်ခုမှာလည်း ထို့အတူပါပဲ။ မှားယွင်းမှုတွေ၊ တာဝန်မကျေမှုတွေကို လျစ်လျူရှုထားမယ်ဆိုရင် ကျန်တဲ့သူတွေပါ စိတ်ဓာတ်ပျက်ပြားသွားပါလိမ့်မယ်။ အထူးသဖြင့် အကောင်းဆုံး စွမ်းဆောင်နေသူတွေရဲ့စိတ်ဓာတ်က ပိုပျက်သွားနိုင်ပါတယ်။

 

၄။ ထူးချွန်အောင်မြင်မှုကို အသိအမှတ်မပြုခြင်း

ချီးကျူးဂုဏ်ပြုမှုကို လူတိုင်းကြိုက်ပါတယ်။ တစ်ဦးချင်းစီရဲ့အောင်မြင်မှုကို ချီးမြှင့်မြှောက်စားခြင်းဟာ သူတို့အပေါ် ကုမ္ပဏီက အလေးထားတယ်ဆိုတာကို ပြသခြင်းပါပဲ။ မန်နေဂျာတွေဟာ သူတို့ရဲ့လက်အောက်က ဝန်ထမ်းတွေ ဘယ်လိုချီးမြှင့်မှုမျိုးကို နှစ်သက်တယ်ဆိုတာကို သိရဖို့ ဝန်ထမ်းတွေနဲ့ တရင်းတနှီးနေသင့်ပါတယ်။ မသိဘဲနဲ့ ကိုယ်ကချီးမြှင့်တယ်ဆိုပြီး လုပ်လိုက်တဲ့အလုပ်ဟာ သူတို့ဘယ်လိုမှ မနှစ်ခြိုက်ဘူးဆိုရင်တော့ အခြေအနေက ပိုတောင် ဆိုးသွားနိုင်ပါတယ်။

၅။ လူတွေကို ဂရုမစိုက်ခြင်း

အလုပ်ထွက်ရတဲ့ လူတစ်ဝက်ကျော်ရဲ့ အကြောင်းရင်းက အထက်လူကြီးနဲ့ ဆက်ဆံရေးအဆင်မပြေလို့ပါပဲ။ ကုမ္ပဏီကောင်းတွေဟာ လူတွေရဲ့ စိတ်ခံစားချက်ကို နားလည်ကိုင်တွယ်နိုင်တဲ့ မန်နေဂျာတွေကိုသာ ခန့်ထားပါတယ်။ ဝန်ထမ်းတွေကို အလေးထားဂရုစိုက်မှု၊ အချိန်အခါလိုက် ချီးမြှင့်မြှောက်စားမှုမလုပ်ဘဲ အလုပ်ပြီးမြောက်ဖို့ကလွဲလို့ ဘာမှစိတ်မဝင်စားဘဲနဲ့တော့ လူတစ်ယောက်ကို တစ်နေ့ ၈ နာရီထက်ပိုပြီး အလုပ်ခိုင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

၆။ ဝန်ထမ်းတွေရဲ့စိတ်ကူးစိတ်သန်းတွေကို ဖော်ထုတ်ခွင့်မပေးခြင်း

Goolge ကုမ္ပဏီမှာဆိုရင် ဝန်ထမ်းတွေကို သူတို့အလုပ်ချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကို "Google အတွက် အကျိုးအရှိဆုံးအရာက ဘာဖြစ်မယ်လို့ ထင်လဲ" ဆိုတာကို စဉ်းစားခိုင်းပါတယ်။ ပါရမီရှိတဲ့ ဝန်ထမ်းတွေမှာ စိတ်ကူးစိတ်သန်းကောင်းတွေ ရှိပါတယ်။ သူတို့ရဲ့စိတ်ကူးတွေကို ထုတ်ဖော် လုပ်ဆောင်ခွင့်ပေးခြင်းဟာ ကုမ္ပဏီအတွက် အကျိုးအမြတ်ကောင်းတွေထွက်သလို ဝန်ထမ်းတွေကိုလည်း အလုပ်မှာ အမြဲတမ်း စိတ်တက်ကြွနေစေပါတယ်။

 

၇။ ပျော်စရာတွေ ဖန်တီးမပေးခြင်း

ဝန်ထမ်းတွေဟာ အလုပ်ထဲမှာ ပျော်ရွှင်စရာတွေ ရှိမနေဘူးဆိုရင်တော့ ကုမ္ပဏီအတွက် ရေရှည်မကောင်းနိုင်ပါဘူး။ လူတွေက ပျော်မနေရင် သူတို့ရဲ့စွမ်းရည်တွေကိုလည်း အကုန်မထုတ်တတ်ပါဘူး။ ပျော်ရွှင်မှုဆိုတာ  ဝန်ထမ်းတွေ အားအင်ကုန်ခမ်းမသွားအောင် လုပ်ဆောင်ပေးတဲ့ အားဆေးတစ်မျိုးပါပဲ။ ဝန်ထမ်းတွေဟာ သူတို့ဘာသာ ပျော်ရွှင်အောင် နေတာကိုလည်း မပိတ်ပင်သင့်သလို သူတို့ကို နေ့လယ်စာ လိုက်ကျွေးတာ၊ ကစားကွင်းခေါ်သွားတာ၊ တက်ချင်တဲ့ သင်တန်းကို တက်ခွင့်ပေးတာ စတဲ့ လိုက်လျောမှုလေးတွေ ပြုလုပ်ပေးသင့်ပါတယ်။

Source & Photos : Forbe

Share

Loading Next Article...
က္က