Relationships: အလုပ်ခွင်မှာ ပျော်စေဖို့ ဘာတွေလုပ်သင့်သလဲ

လုပ်ဖော်ကိုင်ဖက်များနှုင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် အလွန်အရေးကြီးလှပါတယ်

“အောင်မြင်သောဘ၀ဆိုတာ ဘာကို ခေါ်တာပါလဲ"

“အောင်မြင်တဲ့ဘ၀ဆိုတာ မိုးလင်းလို့ မျက်လုံးနှစ်လုံးဖွင့်လိုက်တိုင်း ကိုယ်သွားရမယ့် လုပ်ငန်းခွင်ဟာ ကိုယ် တစ်ကယ်သွားချင်တဲ့နေရာဖြစ်ဖို့ လိုတယ်။ ညနေ အလုပ်ဆင်းတာနဲ့ ကိုယ်ပြန်လာရမယ့် ကိုယ့်အိမ်ကလည်း ကိုယ်ပြန်လာချင်တဲ့နေရာဖြစ်နေတာ သေချာဖို့လိုပါတယ်”

play

နွေးထွေးသော မိသားစုရှိသည့် ကိုယ့်အိမ်မှာပျော်ဖို့ လွယ်ကူပေမယ့် လူအမျိုးမျိုး စိတ်အထွေထွေ ရှိသော လုပ်ငန်း ခွင်မှာ ပျော်ဖို့ဆိုတာကတော့ သိပ်မလွယ်ကူလှပါဘူး။ လုပ်ငန်းခွင်မှာ ပျော်ဖို့ အလုပ်ခွင်က ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင်ဖြစ်ရန် လိုအပ်သလို မိမိကိုယ်တိုင်လည်း အချို့နည်းလမ်းကောင်းလေးများကို လိုက်နာကျင့်ကြံဖို့လိုပါသည်။

play

 

မိမိအလုပ်ကို တန်ဖိုးထားပါ

လုပ်ငန်းခွင်မှာပျော်ဖို့ မိမိအလုပ်ကို တန်ဖိုးထားတတ်ဖို့က အလွန် အရေးကြီးပါတယ်။ နေ့စဉ်နဲ့အမျှ ထပ်ကာတလဲလဲ ကြုံတွေ့နေရတဲ့ သင့်ရဲ့ နိစ္စဓူဝ ခေါက်ရိုးကျိုးနေသော လုပ်ရိုးလုပ်စဉ် တွေကို သင် ငြီးငွေ့နေနိုင်ပါတယ်။ အဲလိုအချိန်မျိုးဆိုရင် သင်မေ့နေတာက ကိုယ်လုပ်လိုက်တဲ့ အလုပ်ကြောင့် အကျိုးကျေးဇူးခံစားရမည့် သူတွေကို တွေးပြီး ကိုယ့်အလုပ်ကိုယ် တန်ဖိုးထားဖို့ပါ။ ဒါကြောင့် အလုပ်ခွင်မှာ ပျော်ရွှင်ဖို့အတွက် မိမိရဲ့နေ့စဉ်အလုပ်တွေရဲ့ အရေးပါမှုကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။

play

 

ကျေးဇူးတင်စကား ပြောဆိုပါ

အကုန်အကျမရှိပဲ ထိရောက်မှု အလွန်ရှိတဲ့ နည်းလမ်းကောင်းပါ။ နေ့စဉ်မိမိနှင့် ထိတွေ့ ဆက်ဆံနေရတဲ့ လုပ်ဖော်ကိုင်ဖက်များကို (မိမိလက်အောက်က ၀န်ထမ်းပင်ဖြစ်နေစေကာမူ) သူတို့ရဲ့တန်ဖိုးရှိလှတဲ့ လုပ်ဆောင်မှုတွေ အတွက် ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့။ ကျေးဇူးစကားတစ်ခွန်းဟာ ပြောလိုက်တဲ့သူအတွက် အကုန်အကျမများပေမယ့်  လက်ခံသူအတွက်တော့ တန်ဖိုးရှိသော အားဆေးတစ်ခွက် ဖစ်ပါတယ်။ကျေးဇူးတင်စကားပြောဆိုခြင်းဟာ ပျော်ရွှင်ဖွယ်ကောင်းသော အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

play

 

လုပ်ဖော်ကိုင်ဖက်များနှင့် ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ပါ

မိမိတို့နေ့စဉ်ဘ၀မှာ မိသားစုနှင့် တွေ့ရသည့်အချိန်ထက် အလုပ်မှ လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ရသည့်အချိန်က ပိုများပါတယ်။ ထို့ကြောင့် လုပ်ဖော်ကိုင်ဖက်များနှုင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် အလွန်အရေးကြီးလှပါတယ်။ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရာမှာ အချင်းချင်း အပြန်အလှန်လေးစားမှုထားရှိခြင်း၊ ရိုးသားပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်း၊ အပြန်အလှန်ယုံကြည်မှုထားရှိခြင်းစသည်တို့ဖြင့်တည်ဆောက်ရမှာဖြစ်ပါတယ်။ စိတ်ဝင်စားမှု တူညီသော အကြောင်းအရာတစ်ခုခု(ဥပမာ-အားကစား၊ ဖက်ရှင်)အကြောင်းကို အလုပ်ချိန်မတိုင်မှီ စကားစမြည်ပြောဆိုခြင်းဖြင့်လည်း ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။

play

အလုပ်ချိန်ထက် ၁၀ မိနစ်ခန့်စောလာပါ

လုပ်ငန်းခွင်သို့ နောက်ကျမှ ရောက်ပြီး ရုံးခန်းတွင်းသို့ လိပ်ပြာမလုံပဲ ၀င်လာရမှာထက် အများထက် စောစီးစွာ အလုပ်မှာ ရောက်ရှိနေခြင်းက သင့်ကိုသင် ယုံကြည်မှု ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ အများအမြင်မှာသင်ဟာ စည်းကမ်းလိုက်နာသူ၊ အချိန်ကိုလေးစားမှုရှိသူအဖြစ် လေးစားမှုရရှိခြင်းက သင့်ကို အလုပ်ခွင်မှာ ပျော်ရွှင်စေပါလိမ့်မယ်။

ပျော်ရွှင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးမယ်

ကိုယ်ရေးကိုယ်တာကိစ္စများကို အိမ်မှာ ထားခဲ့ပါ

ကားကျပ်တာ၊ ရေမလာတာ၊ စပါယ်ယာအပေါက်ဆိုးတာ စတဲ့ အသေးအဖွဲလေးတွေက အစ အိမ်ရှင်နှင့် သို့မဟုတ် အခန်းအတူငှားရမ်းနေထိုင်သူနှင့် အဆင်မပြေတာ၊ အိမ်ထောင်ရေးအဆင်မပြေမှုတွေ အဆုံး မိမိရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို အလုပ်ကို သယ်မလာပါနဲ့။ ဒီကိစ္စတွေဟာ သင့်မှာရှိသလို သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်များမှာလည်း ရှိနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။ သင့်ရဲ့ကိုယ်ရေးကိုယ်တာ ပြဿနာကြောင့် သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ပျော်ရွှင်စရာ ကောင်းတဲ့ အလုပ်ခွင် ပတ်ဝန်းကျင်ကို မဖျက်ဆီးမိစေရန်ဂရုပြုပါ။ အဲဒီအစား ပျော်ရွှင်ဖွယ်ကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်ကြောင့် သင့်ရဲ့ကိုယ်ရေးကိုယ်တာ စိတ်ဖိစီးမှုများ လျော့ပါးသက်သာရမှာဖြစ်ပါတယ်။

play

 

မိမိအလုပ်စားပွဲကို သန့်ရှင်းသပ်ရပ်စွာ ထားပါ

အသေးအဖွဲတစ်ခုလို့ထင်နေပါလိမ့်မယ်။ သို့သော် မိမိအလုပ်စားပွဲကို သန့်ရှင်းစွာ စနစ်တကျထားခြင်းက သင့်ကို အလုပ်ချိန်မှာ စိတ်အနှောက်အယှက်ဖြစ်ခြင်းမှ ကင်းဝေးစေပါတယ်။ သင်အလုပ်ရှုပ်နေချိန်မှာ လိုအပ်တဲ့ စာရေးကိရိယာကို အလွယ်တကူ ရှာဖွေတွေ့ရှိခြင်းက သင့်အလုပ်ကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ သုတေသနတစ်ခုမှာ မိမိအလုပ်စားပွဲကို တစ်ရက်မှာ ၁၀ မိနစ်ခန့် အနည်းဆုံး အချိန်ယူပြီး ပြန်လည် သန့်ရှင်းသင့်သည်ဟုဖော်ပြထားပါတယ်။

play

 

အားလပ်ချိန် (break time) ယူပါ

နောက်ဆုံး အကြံပြုချင်တာကတော့ အလုပ်ချိန်မှာ အခါအားလျော်စွာ Break time ယူပါ။ သင်ဟာ သင့်အလုပ်ဌာန အတွက် အရေးပါသောသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒါကို ကျေနပ်ပြီး အလုပ်တွေဆက်တိုက်လုပ်ခြင်းဖြင့် မိမိကိုယ်မိမိ ဂုဏ်ယုကောင်းယူနေပါလိမ့်မယ်။ သို့ရာတွင် အလုပ်တစ်ခုကနေ နောက်တစ် ခုမလုပ်ခင်လေးမှာ ၂ မိနှစ် ၃မိနှစ်ခန့် နားချိန်ယူပြီ ကော်ဖီသောက်တာဖြစ်ဖြစ် ရုံးအပြင်ဘက်ထွက်ပြီး ပြင်ပလေရှူတာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ ထိုသို့လုပ်ခြင်းအားဖြင့် သင့်ဦးနှောက်ကို ပြန်လည်လန်းဆန်းစေမှာဖြစ်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်များ ချနိုင်ရန် များစွာ အထောက်အကူ ပြုပါလိမ့်မယ်။

မိမိတို့အလုပ်ခွင်မှာ ပျော်ရွှင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ကာ အောင်မြင်သောဘ၀ကို ရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Source : wikihow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ