သူတို့ရောပြီး ဆော့လိုက်တော့ ကိုယ့်မှာရှိတဲ့စိတ်ညစ်စရာတွေတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။

အပျိုကြီးတို့၊ အပျိုလေးတို့လို တီတီတွေဆိုတာကလေ ကိုယ်တိုင်သာ အိမ်ထောင်မပြု၊ ကလေးမမွေးရသေးတာ ကလေးဆိုရင်တော့ ချစ်ကြတာများတယ်။ ဒါကြောင့်မို့လို့လည်း ကိုယ့်တူတွေ၊ တူမတွေကို အလိုလိုက်ပေးရင်း သူတို့ချွဲသမျှ တောင်းဆိုသမျှ လိုက်ဖြည့်ဆည်းပေးနေမိရောလေ။ ကလေးတွေလည်း သူတို့တီတီကို အရမ်းချစ်ကြတာ။ ဒါကို ကလေးချစ်တတ်တဲ့ တီတီတွေပဲ နားလည်လိမ့်မယ်။ ပြီးတော့ တူ၊ တူမလေးတွေကို ချစ်မိတဲ့တီတီတွေက ဒီလိုလေးတွေလည်း လုပ်ဖြစ်ကြတယ်။

 

၁။ ဖေ့စ်ဘုတ်ကြည့်ပြီး ချစ်စရာကောင်းတာမှန်သမျှ လျှောက်ဝယ်မိတယ်။ တကယ်အသုံးလိုလား၊ မလိုလား မတွေးမိဘူး။ ကိုယ့်အတွက် ဈေးဝယ်ထွက်ရင်း ဈေးချနေတဲ့ ကလေးပစ္စည်းတွေကိုလည်း ဆွဲခဲ့လိုက်သေးတယ်။

၂။ ကလေးချစ်တတ်သူဆိုတော့ ကလေးတွေကိုလည်း လျှောက်လည်ဖို့ ခေါ်သွားသေးတယ်။ တိရစ္တာန်ရုံ၊ ကစားကွင်း၊ ပန်းခြံတွေမှာ သူတို့လေးတွေအတွက်နဲ့ ကုန်တာများပြီလေ။ လခထုတ်ရက်မျိုးဆို သေချာပေါက်ကုန်တာပဲ။

၃။ နည်းနည်းအရွယ်ရောက်တဲ့ တူ၊ တူမလေးတွေရှိတာလည်းကောင်းတယ်။ အသက် ၁၀ နှစ်လောက် ကလေးတွေဆိုရင် ကိုယ်က ရင်ဖွင့်လိုက်သေးတာ။ အသည်းကွဲနေရင်၊ အလုပ်မှာ အဆင်မပြေလာရင် သူတို့လေးတွေကို ရင်ဖွင့်မိတယ်။

၄။ ဘော်ဒီလေးလှအောင် နေ့တိုင်း လေ့ကျင့်ခန်းလုပ်တယ်။ သူတို့နဲ့တွေ့နဲ့ ပိတ်ရက်တွေဆို မလုပ်နိုင်တော့ဘူး။ ကလေးထိန်းတာနဲ့တင် လျှာပါထွက်တယ်။ ဒါပေမဲ့ ပျော်တာပါပဲ။

၅။ သက်တူရွယ်တူ သူငယ်ချင်းတွေက ပိတ်ရက်လျှောက်လည်ဖို့ ခေါ်တာကိုလည်း ငြင်းလိုက်တယ်။ အသည်းကျော်လေးတွေနဲ့ တွေ့ဖို့က ပထမဦးစားပေး။ ဒါကို တူ၊ တူမလေးတွေကို အရမ်းချစ်သူတွေပဲသိမှာပါနော်။

 

၆။ သူတို့လေးတွေရဲ့မိဘတွေအကြောင်းကိုလည်း သူတို့ဆီပဲ အတင်းအုပ်မိသေးတာ။ "နင့်အဖေက ဘယ်လို၊ နင့်အမေက ဘယ်လို..." အစချီပြီး မကျေနပ်သမျှ ပြောမိသေးတယ်မဟုတ်လား။ ကိုယ်နဲ့က မောင်နှမရင်းတွေဆိုတော့ တိုက်ရိုက်မပြောဘဲ မျိုသိပ်ထားလိုက်သမျှဟာ သူတို့လေးတွေရှေ့ကျမှ ပြောမိသွားရော။

၇။ ခုခေတ်ကလေးတွေက အသိဉာဏ်ဖွံ့ဖြိုးမှု အရမ်းမြန်တယ်။ အသက် ၅ နှစ်လောက်ရောက်နေပြီဆိုရင် ငယ်ငယ်တုန်းကလို " အာဝါးပေး"ဆိုပြီး ပါးထိုးပေးလို့ မရတော့ဘူး။ သူတို့က အာဝါးပေးရမှာရှက်နေကြတယ်။ သူတို့ကို အာဝါးပေးလည်း ရှက်ကြတယ်။ ကိုယ်ကတော့ ဒါတွေမသိပါဘူး။ ဖက်နမ်းပလိုက်တာပဲ။

၈။ မွေးကင်းစကလေးတွေနဲ့ ပတ်သက်တဲ့ စာတွေ၊ ဗဟုသုတတွေကိုလည်း ဖတ်ရှုလေ့လာမိကြပါသေးတယ်။ ဟိုလူ့မေး၊ ဒီလူ့မေးနဲ့ ကလေးအမေတွေကိုတောင် ကိုယ်ကတပြန် ဆရာလုပ်လိုက်ရသေးတာ။

၉။ ကလေးနဲ့ပတ်သက်လို့ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖေ့စ်ဘွတ်ပေါ်မှာတွေ့ပြီဆိုရင် သူတို့အဖေ၊အမေတွေကို tag ၊ mention လုပ်ဖြစ်တယ်။

 

၁၀။ တူ၊ တူမလေးတွေကို ချစ်သလောက် ပေါက်ကရတွေလျှောက်လုပ်ခိုင်းတာလည်း ကိုယ်ပါပဲ။ တူလေးတွေကို ဂါဝန်တွေဝတ်ခိုင်း၊ နှုတ်ခမ်းနီတွေဆိုးခိုင်းတယ်။ တူမလေးတွေကိုလည်း ပဲပေးနည်းတွေသင်တယ်လေ။

၁၁။ ကလေးတွေကိုလည်း အလိုလိုက်မိတယ်။ သူတို့ပျော်နေတာပဲ မြင်ချင်တယ်လေ။ သူတို့မိဘကတွေက တားမြစ်ထားတာတွေကိုလည်း ကိုယ်က မြှောက်ပေးရင် မြှောက်ပေးမိမှာ။ အထူးသဖြင့် သူတို့ဝါသနာပါတဲ့အားကစားတွေကိုပေါ့။

Share

Loading Next Article...
က္က