လူနှစ်ဦးကြား ဆက်ဆံရေးမှာ ပန်းပေးကြတာဟာလည်း ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေခဲ့ပါပြီနော်။

တစ်ယောက်နဲ့တစ်ယောက် ပန်းပေးတယ်ဆိုတာ အရှုံးပေးတဲ့သင်္ကေတဖြစ်သလို ချစ်ခင်မြတ်နိုးမှုကို ဖော်ပြတဲ့အမူအရာလည်း ဖြစ်ပါတယ်။ လူနှစ်ဦးကြား ဆက်ဆံရေးမှာ ပန်းပေးကြတာဟာလည်း ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေခဲ့ပါပြီနော်။ အဲဒီလို ပန်းပေးကြတဲ့ထဲမှာမှ အသုံးအများဆုံးကတော့ နှင်းဆီပန်းပဲဖြစ်ပါလိမ့်မယ်။

 

ကမ္ဘာတဝှမ်းလုံးမှာ နှင်းဆီပန်းတွေကို အရောင်အလိုက်၊ အရေအတွက်အလိုက် အဓိပ္ပာယ်လေးတွေနဲ့ ပေးကြလေ့ရှိပါတယ်။ ဒါဟာလည်း အလွန်ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတစ်ခုပါပဲ။ လက်ဆောင်ပေးမယ့်သူကော၊ လက်ဆောင်ရမယ့်သူပါ နှင်းဆီပန်းလေးတွေနဲ့ အရောင်နဲ့အရေအတွက်အလိုက် အဓိပ္ပာယ်လေးတွေကို သိထားမယ်ဆိုရင် အကောင်းဆုံးပဲပေါ့နော်။ အောက်မှာ ဖော်ပြထားတာက နှင်းဆီပန်းတွေရဲ့အရောင်နဲ့ အရေအတွက်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုချက်လေးတွေပဲ ဖြစ်ပါတယ်။

၁။ အနီရောင်နှင်းဆီ

 

အနီရောင်နှင်းဆီက ပြင်းထန်တဲ့အချစ်ခံစားချက်တွေကို ဖော်ပြပါတယ်။ လေးစားကြည်ညိုတဲ့သဘောကိုု အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် နီရဲတဲ့နှင်းဆီကို ချစ်သူရည်းစားတို့၊ မိမိလေးစားရတဲ့ ပုဂ္ဂိုလ်တို့ကို လက်ဆောင်ပေးရာမှာ အသုံးပြုကြတာဖြစ်ပါတယ်။ နောက်ပြီး နီနီရဲရဲနှင်းဆီပွင့်ကို စိတ်မကောင်းဖြစ်ခြင်း၊ ဝမ်းနည်းခြင်းကို ဖော်ပြရာမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် အပွင့်အရေအတွက်ပေါ် မူတည်ပြီး နှင်းဆီပန်းအနီရောင်ဟာ အဓိပ္ပာယ်အမျိုးမျိုးကွဲပြားပါတယ်။ ဥပမာ... နှင်းဆီအနီ (၁၂) ပွင့်ဟာ "မင်းကိုငါချစ်တယ်" လို့ အဓိပ္ပာယ်ရပါတယ်။

၂။ အဖြူရောင်နှင်းဆီ

 

အဖြူရောင်ဟာ သန့်စင်ခြင်း၊ စင်ကြယ်ခြင်း၊ ရိုးသားခြင်းတို့ကို ကိုယ်စားပြုတဲ့အရောင် ဖြစ်ပါတယ်။ အဖြူရောင်ပန်းတွေဟာ ယေဘုယျအားဖြင့် အသစ်တစ်ခုစတင်ခြင်းကို ကိုယ်စားပြုတာကြောင့် လက်ထပ်ခါနီး သတို့သမီးလေးတွေ မင်္ဂလာခန်းမထဲ ဝင်ရာမှာ အသုံးပြုတာကို တွေ့ရတတ်ပါတယ်။ နောက်တစ်ခုက အဖြူရောင်နှင်းဆီဟာ ကိုယ်ချင်းစာတရားနဲ့ လူသားဆန်မှုကိုလည်း ကိုယ်စားပြုပါတယ်။

ကမ္ဘာတလွှား ထူးထူးခြားခြားကော်ဖီများ 

၃။ အဝါရောင်နှင်းဆီ

 

အဝါရောင်နှင်းဆီဟာ ပျော်ရွှင်မှု၊ နွေးထွေးမှုနဲ့ ကြိုဆိုမှု အစရှိတဲ့ ခံစားချက်တွေကို လှုပ်နှိုးပေးပါတယ်။ အဝါရောင်ဟာ မိတ်ဆွေသူငယ်ချင်းခင်မင်မှုနဲ့ ဂရုစိုက်မှုကို ပြသတဲ့ပုံရိပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် တစ်ယောက်ယောက်က ကိုယ့်ကို အဝါရောင်နှင်းဆီပန်းတွေ လက်ဆောင်ပေးလာပြီဆိုရင် လက်ဆောင်ပေးသူဟာ ကိုယ့်အပေါ် ဖြူစင်တဲ့မေတ္တာရှိနေကြောင် ဖော်ပြနေတာလည်း ဖြစ်နိုင်ပါတယ်။

၄။ ပန်းရောင်နှင်းဆီ

 

ပန်းရောင်ဟာ နူးညံ့တဲ့ခံစားချက်တွေကို ကိုယ်စားပြုပါတယ်။ စွင့်စွင့်ကားကား ပန်းရောင်ဖျော့ဖျော့ နှင်းဆီပွင့်တွေဟာ ချစ်စရာကောင်းခြင်းနဲ့ ရိုးသားစင်ကြယ်ခြင်းကို ရည်ညွှန်းပါတယ်။ ပန်းရောင်ရင့်ရင့် နှင်းဆီပွင့်တွေကတော့ ကျေးဇူးဥပက္ကာရတင်ရှိခြင်းနဲ့ နှစ်သက်မြတ်နိုးတန်ဖိုးထားခြင်းကို ဖော်ညွှန်းပါတယ်။ အထူးသဖြင့် အခမ်းအနားပွဲတွေမှာ လက်ဆောင်အဖြစ် ပန်းခြင်းပို့လိုရင် ပန်းရောင်နှင်းဆီတွေကို အသုံးပြုတတ်ကြပါတယ်။

၅။ လိမ္မော်ရောင်နှင်းဆီ

 

လိမ္မော်ရောင်ဟာ တပ်မက်စွဲလမ်းမှုနဲ့ စွမ်းအင်ကို ကိုယ်စားပြုပါတယ်။ လိမ္မော်ရောင်နှင်းဆီကို လိုချင်တပ်မက်မှု၊ မာန်မာနဲ့ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေကို ဖော်ထုတ်ပြသရာမှာ အသုံးပြုနိုင်ပါတယ်။ လိမ္မော်ရောင်နှင်းဆီပွင့်တွေကို အနီရောင်နှင်းဆီပွင့်တွေနဲ့ ယှဉ်တွဲအသုံးပြုခြင်းဖြင့် တဏှာရာဂဆန်တဲ့ ချစ်ခြင်းမေတ္တာအဖြစ် ဖော်ညွှန်းအသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် လင်မယားတွေကြားမှာ ပန်းပေး ပန်းယူလုပ်ရာမှာ အသုံးပြုလေ့ရှိပါတယ်။

Source: flowerexperts

 

Share

Loading Next Article...
က္က