Facebook Friend တစ်ယောက်ကို ကိုယ့်ကို crush နေပြီလားဆိုတာကို သိချင်ပါသလား။


လူမှုကွန်ရက်တွေခေတ်စားလာပြီးနောက် လူတွေရဲ့ဆက်ဆံရေးပုံစံတွေဟာလည်း အသွင်ပြောင်းလဲသွားပါတယ်။ အရင်တုံးက ကိုယ် crush နေကြောင်းပြချင်ရင် မြန်မာကားတွေထဲကအတိုင်း အဆောင်ရှေ့မှာ သီချင်းသွားဆိုလိုက်၊ ဟိုလက်ဆောင်လေးပေးလိုက်၊ ဒီလက်ဆောင်လေးပေးလိုက် လုပ်ရပေမယ့် ဒီနေ့ခေတ်မှာတော့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ရဲ့အားကိုးနဲ့ crush ကို ကိုယ် crush နေကြောင်းဖော်ပြလို့ရပါပြီ။
၁။ Like ဗုံးကျဲမယ်

 

သူ (သို့မဟုတ်) သူမက Facebook ပေါ်မှာခင်ဗျားဘာတင်တင် Like လုပ်မယ်။ ဆယ်လ်ဖီပုံတင်လည်း Like လုပ်မယ်။ ယာဉ်ကြောတွေပိတ်လို့ ရုံးနောက်ကျတဲ့အကြောင်း status ရေးတင်လည်း Like လုပ်မယ်။ ကုန်ကုန်ပြောရရင် တခြားလူတွေရဲ့ post တွေမှာခင်ဗျားရေးထားတဲ့ comment တွေကအစ like လုပ်မယ်။ အဓိက ကတော့ သူရှိနေကြောင်းခင်ဗျားသိအောင် ဖော်ပြချင်နေတာပါပဲ။ (Haha ကို ဒီနေရာမှာ ထည့်တွက်မထားပါဘူး။ တချို့လူတွေက haha အပေးခံရရင်ဒေါပွတတ်တော့ ခင်ဗျားကိုသာ crush နေတယ်ဆိုရင် အားအားနေ haha တော့လာပေးမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း ကံသေကံမတော့လည်း ပြောလို့မရပြန်ပါဘူး။)

၂။ ပုံဟောင်းတွေကိုမြေလှန်မယ်

Facebook သုံးခါစတုံးက ကင်မရာရှေ့မှာ ပို့စ်မပေးတတ်၊ ဘာမပေးတတ်နဲ့ မင်သေသေလေးရိုက်ပြီးတင်ထားတဲ့ ပုံဟောင်းတွေကို မြေလှန်ရှာပြီး comment တွေရေးတာဟာလည်း ခင်ဗျားကိုသူ crush နေကြောင်းပြသနည်းတစ်မျိုးပါပဲ။

၃။ poke လုပ်မယ်

 

Facebook ရဲ့သက်တမ်းအရှည်ကြာဆုံး feature တစ်ခုကတော့ poke လုပ်တာပါပဲ။ Poke feature ကိုသုံးပြီး ခင်ဗျားရဲ့ crush က သူရှိနေမှန်းခင်ဗျားသိအောင် သတိလှမ်းပေးနိုင်ပါတယ်။ (တစ်ခါတလေ ခင်ဗျားရဲ့ Facebook account ကို add လို့မရတော့ ခင်ဗျား add ပေးလာအောင် poke လှမ်းလုပ်တာလည်းဖြစ်နိုင်ပါတယ်။)

၄။ အွန်လိုင်းတက်တာနဲ့လှမ်း hi မယ်

 

သူတို့ရဲ့ Facebook သုံးရတဲ့အဓိကရည်ရွယ်ချက်ကတော့ ခင်ဗျားကို တစ်နေ့တစ်ခါ  လှမ်း hi ဖို့ပါပဲ။ Hi ပြီးတာနဲ့ မပြီးဘဲ ခင်ဗျားတစ်ခုခု reply ပြန်တာကိုလည်း မျှော်နေတတ်ကြပါသေးတယ်။

၅။ emoji တွေအများကြီးသုံးမယ်

ခင်ဗျားက reply လုပ်လိုက်လို့စကားတွေစပြောကြပြီဆိုရင် သူ့ဘက်က ( :P ) တွေ ( :) ) တွေ စတဲ့ emoji တွေအများကြီးသုံးပြီး စကားပြောနေပြီဆိုရင် ခင်ဗျားနဲ့စကားပြောနေရတာဟာ သူ့အတွက် စိတ်လှုပ်ရှားစရာတစ်ခု ဖြစ်နေကြောင်းဖော်ပြနေပါတယ်။

၆။ Profile ပုံအသစ်အောက်မှာလာမန့်မယ်

ဒီနေ့မှရိုက်တင်လိုက်တဲ့ Profile ပုံအသစ်အောက်မှာ ခင်ဗျားဘယ်လောက်လှပကြောင်း လာချီးမွမ်းပါလိမ့်မယ်။ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင်တော့ မဟုတ်ဘဲ သူ crush နေကြောင်း ခင်ဗျားသိလာအောင် မသိမသာဖော်ပြနေရုံလောက်ပါပဲ။

၇။ ခင်ဗျားအကြိုက်တွေကို သူ့ wall မှာတင်မယ်

Facebook ရဲ့ကောင်းကွက်တစ်ခုကတော့ ခင်ဗျားဘာတွေနှစ်သက်လဲဆိုတာကို ခင်ဗျားရဲ့ profile ၊ ခင်ဗျားတင်ထားတဲ့ check-in တွေ၊ ဆယ်လ်ဖီပုံတွေကိုကြည့်ပြီး ခန့်မှန်းလို့ရနေတာပါပဲ။ အဲဒါတွေကိုကြည့်ရှုခန့်မှန်းပြီး ခင်ဗျားစိတ်အာရုံကို ဆွဲဆောင်နိုင်လောက်တဲ့ status တွေ၊ ဆောင်းပါးတွေကို သူတင်ပါလိမ့်မယ်။

၈။ mention ခေါ်မယ်

 

ၤFacebook ရဲ့ feature နောက်တစ်မျိုးဖြစ်တဲ့ mention ခေါ်ခြင်းဟာလည်း တော်တော်လေးအသုံးဝင်တဲ့ feature တစ်ခုပါပဲ။ ဒီ feature ကို သူငယ်ချင်း အချင်းချင်းကြားမှာလည်း သုံးလို့ရတယ်ဆိုပေမယ့် ခင်ဗျား နှစ်သက်လောက်တဲ့ ဟာသဗီဒီယိုလေးတွေရဲ့အောက်မှာ၊ ခင်ဗျားလိုချင်တယ်ပြောဖူးတဲ့ စာအုပ်တစ်အုပ်ရဲ့အောက်မှာ၊ ခင်ဗျားသွားစားဖူးတဲ့ ဟော့ပေါ့ဆိုင်ရဲ့ ပမိုးမိုးရှင်းကြော်ငြာအောက်မှာ သူခင်ဗျားကို mention ခေါ်ပြီဆိုရင်တော့ ခင်ဗျားကို သူ crush နေကြောင်း ဖော်ပြနေတာပါပဲ။

၉။ Wall ပေါ်က ပို့စ်တိုင်းမှာဝင်မန့်တယ်

ခင်ဗျား wall ပေါ်မှာရှိတဲ့ ပို့စ်မှန်သမျှမှာ သူတို့ရဲ့မန့်ရှိနေပါလိမ့်မယ်။ သူတိုု့ရဲ့နာမည်နဲ့ profile ပုံကို သတိပြုမိပြီး ရင်းနှီးမှုရရှိအောင် ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

၁၀။ ခင်ဗျားရှိနေတဲ့ Group တိုင်းကိုလိုက်ဝင်မယ်

 

Meme Group ပဲဖြစ်ဖြစ်၊ အလှအပရေးရာ Group ပဲဖြစ်ဖြစ် ခင်ဗျားရှိနေတဲ့ Group တိုင်းကိုသူလိုက်ဝင်ပြီး တင်သမျှ meme တွေ၊ ပို့စ်တွေကိုလည်း Like ပေး၊ Comment ပေးကြပါလိမ့်မယ်။

ဒီထဲက (၁) ချက်၊ (၂) ချက်လောက်ကိုက်ညီရုံနဲ့တော့ ခင်ဗျားကိုသူ crush နေတယ်လို့ ကံသေကံမ ပြောလို့မရပေမယ့် အချက်တော်တော်များများကိုက်ညီနေပြီဆိုရင်တော့ crush နေပြီဆိုတာကို သိနိုင်ပါပြီ။ ချေလွှတ်မလား၊ ပြန်အီမလားကတော့ ကိုယ်တိုင်ဆုံးဖြတ်ဖို့ပဲပေါ့နော်။

Share

Loading Next Article...
က္က