သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ အသစ်တည်ဆောက်ပြီးခဲ့တဲ့ အထပ်မြင့် တာဝါအဆောက်အအုံကြီးရဲ့နံရံမှာ အက်ကွဲကြောင်းပေါ်လာတာကြောင့် လူဦးရေရာနဲ့ချီပြီး ဒုတိယအကြိမ် ရွှေ့ပြောင်းခဲ့ရပါတယ်။ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်) မှာ ဆစ်ဒနီမြို့ Olympic Park ဧရိယာအတွင်း တည်ဆောက်ထားတဲ့ အထပ် ၃၃ ထပ်ပါ အိုပယ်တာဝါ (Opal Tower) ကနေ အက်ကွဲသံများ ကြားခဲ့ရပြီး နံရံမှာ အက်ကြောင်းတစ်ခု ပေါ်လာခဲ့တယ်လို့ ဆိုပါတယ်။
(Photo: AFP)
ယခုသီတင်းပတ်အတွင်းမှာပင် ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း အိုပယ်တာဝါကနေ အက်ကွဲသံထွက်ပေါ်ခဲ့တာကြောင့် ထိုအဆောက်အအုံနဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ လူဦးရေ ၃,၀၀၀ အထိ ရွှေ့ပြောင်းခဲ့ရသေးကြောင်း သိရပါတယ်။ အိုပယ်တာဝါကို ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ တည်ဆောက်ပုံအရ ထွက်ပေါ်လာတဲ့ အသံဖြစ်ကြောင်းနဲ့ ရွှေ့ပြောင်းမှုဟာ ကြိုတင်ကာကွယ်မှုသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။
အဆောက်အအုံမှာ နေထိုင်သူတွေ အန္တရာယ်မရှိဘူးလို့လည်း ဆောက်လုပ်ရေးကုမ္ပဏီက ဆိုပါတယ်။ သို့သော် နေထိုင်သူတွေကို အနှောင့်အယှက် မဖြစ်စေဘဲ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ကုမ္ပဏီကပြောထားပါတယ်။ အိုပယ်တာဝါကို စစ်ဆေးမှုဟာ ၁၀ ရက်အထိ ကြာမြင့်နိုင်ကြောင်းနဲ့ ထိုအတောအတွင်း ရွှေ့ပြောင်းရသူတွေအတွက် နေရာထိုင်ခင်းအားလုံးကို ကုမ္ပဏီက စီစဉ်ပေးမယ်လို့ သိရပါတယ်။
(Photo: EPA)
နေအိမ်ခန်းတွေကနေ အတင်းအကျပ် ရွှေ့ပြောင်းစေမှုကြုံခဲ့ရတဲ့ အိုပယ်တာဝါမှာ နေထိုင်သူတွေကတော့ ဒေါသတကြီးဖြင့် မကျေမနပ် ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ "သူတို့ကို ဘယ်သူမှ မယုံကြည်နိုင်ဘူးလို့ ထင်တယ်၊ ဘာလို့လဲဆိုတော့ ပထမအကြိမ် အက်ကွဲသံထွက်ခဲ့တုန်းက နေအိမ်ခန်းတွေမှာ ပြန်နေကြဖို့ လူတွေကို သူတို့ပဲ တွန်းအားပေးခဲ့တယ်၊ အခု ဒီနေ့ကျတော့ အဆောက်အုံကနေ အားလုံးထွက်ခွာကြဖို့ လာပြောတယ်လေ" လို့ အိုပယ်တာဝါမှာ နေထိုင်သူတစ်ဦးက ပြောခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
(Photo: EPA)
"တော်တော် စိတ်ပျက်မိပါတယ်၊ နှစ်သစ်မှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဒီမှာ အတူရှိကြဖို့ စီစဉ်နေခဲ့တာပါ၊ ဒီတာဝါကို ပြီးခဲ့တဲ့ သုံးလမှာ ရွှေ့ပြောင်းလာခဲ့တာ အဲဒီလို စီစဉ်ထားတာကြောင့်လည်းပါပါတယ်" လို့ တာဝါမှာနေထိုင်သူ နောက်တစ်ဦးက မကျေမနပ်ဖြင့် ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက်မှာ အက်ကွဲသံထွက်ပေါ်လာခဲ့ပြီးနောက် အင်ဂျင်နီယာတွေက အထပ်မြင့် တာဝါအဆောက်အအုံဟာ ၂ မီလီမီတာ ရွေ့သွားခဲ့တယ်လို့ ပြောကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြကြခဲ့ပါတယ်။
အိုပယ်တာဝါ အထပ်မြင့်အဆောက်အအုံကို ယခုနှစ် အစောပိုင်းမှာ ဆောက်လုပ်မှုအပြီးသတ်ခဲ့တာဖြစ်ပြီး Ecove အိမ်ရာဆောက်လုပ်ရောင်းချရေးကုမ္ပဏီက ဆောက်လုပ်ခဲ့ကြောင်း သိရပါတယ်။ အိုပယ်တာဝါမှာ အခန်းပေါင်း ၃၉၂ ခန်း ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။