COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း မီလျံနာသူဌေးဖြစ်လာသူ ၅ သန်းကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆင်းရဲသူတွေ ပိုမိုဆင်းရဲလာကြစဥ် မီလျံနာအရေအတွက်က ၅.၂ သန်း တိုးလာခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ၅၆.၁ သန်းအထိ ရှိလာခဲ့တယ်လို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း Credit Suisse ရဲ့ လေ့လာမှုစစ်တမ်းက တွေ့ရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ကမ္ဘာတစ်ဝန်း အရွယ်ရောက်ပြီးသူ ၁ ရာခိုင်နှုန်းဟာ ပထမဆုံးအကြိမ် မီလျံနာတွေ ဖြစ်ခဲ့ကြပါတယ်။
စတော့ဈေးကွက် ပြန်ကောင်းလာမှုနဲ့ အိမ်ဈေးနှုန်းများ မြင့်တက်လာမှုတို့က မီလျံနာဖြစ်လာသူတွေရဲ့ ချမ်းသာကြွယ်ဝမှုတိုးလာစေဖို့ အကူအညီ ဖြစ်စေခဲ့ပါတယ်။ ချမ်းသာကြွယ်မှု ဖန်တီးနိုင်ခြင်းက ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းဖြစ်မှုကနေ လုံးဝကွဲထွက်နေပုံရကြောင်း သုတေသီတွေက ဆိုပါတယ်။
ကပ်ရောဂါက ကမ္ဘာ့ဈေးကွက်တွေကို ကာလတို ကြီးမားတဲ့ သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့ပေမဲ့ ၂၀၂၀ ခုနှစ် ဇွန်လကုန်မှာတော့ ဒီလိုသက်ရောက်မှုက ကျယ်ကျယ်ပြန့်ပြန့် လျော့ကျသွားခဲ့တယ်လို့ Credit Suisse ရဲ့Golbal Wealth Report အစီရင်ခံစာ ရေးသားသူနဲ့ စီးပွားရေးပညာရှင် Anthony Shorrocks က ပြောပါတယ်။
ကပ်ရောဂါကြောင့် ကသောင်းကနင်း အခြေအနေမှာ ကမ္ဘာတစ်ဝန်း ချမ်းသာကြွယ်ဝမှုက ပုံမှန်ဖြစ်နေခဲ့ရုံသာမက ယမန်နှစ် ဒုတိယနှစ်ဝက်မှာ လျင်မြန်စွာ တိုးတက်လာခဲ့တယ်လို့ သူကဆိုပါတယ်။ သို့သော် ၂၀၂၀ ခုနှစ်မှာ အရွယ်ရောက်ပြီးသူတွေကြား ချမ်းသာကြွယ်ဝမှု ကွာဟချက်က ကြီးမားလာခဲ့ကြောင်းနဲ့ အိမ်ဈေးနှုန်းကဲ့သို့ ပိုင်ဆိုင်ပစ္စည်းတန်ဖိုး မြင့်တက်မှုတွေကို ထည့်မတွက်ပါက ကမ္ဘာတစ်ဝန်း အိမ်ထောင်စုအလိုက် ချမ်းသာကြွယ်ဝမှုဟာ အတော်ပင် ကျဆင်းသွားနိုင်ကြောင်း စီးပွားရေးပညာရှင် Anthony Shorrock သုံးသပ်ပါတယ်။
Golbal Wealth Report အရ ကမ္ဘာတစ်ဝန်း ချမ်းသာကြွယ်ဝမှုဟာ ၇.၄ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နဲ့ ၁၀၀,၀၀၀ ကြား ချမ်းသာကြွယ်ဝသူဦးရေဟာ ၂၀၀၀ ပြည့်နှစ်မှာ ၅၀၇ သန်းရှိခဲ့ရာမှ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းမှာတော့ သုံးဆကျော်တိုးပြီး ၁.၇ ဘီလီယံအထိ ရှိလာခဲ့တယ်လို့ အစီရင်ခံစာက ပြောပါတယ်။
COVID-19 ကြောင့် ထိခိုက်မှုတွေရှိခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဟာ ကာကွယ်ဆေးတွေ ပေါ်ထွက်လာခြင်းနဲ့အတူ ၂၀၂၁ ခုနှစ်မှာ နာလန်ပြန်ထူလာမယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ခန့်မှန်းထားခဲ့ပါတယ်။ ကပ်ရောဂါကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံးနှစ်အဖြစ် ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဟာ ၃.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီးနောက် ယခုနှစ်မှာ ၅.၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ အဖွဲ့ဝင်နိုင်ငံ ၁၉၀ ပါဝင်တဲ့ IMF က ခန့်မှန်းထားပါတယ်။
Source: Credit Suisse, BBC