"ကျွန်တော်ဖြင့် အသုံးဝင်မယ့်အရာတွေလောက် လေ့လာရတာပဲ ကြိုက်တယ်။" Austin Russell

"ကျွန်တော်ဖြင့် အသုံးဝင်မယ့်အရာတွေလောက် လေ့လာရတာပဲ ကြိုက်တယ်။ တကယ့်လောကထဲမှာ အသုံးချလို့ ရနိုင်မယ့်အရာတွေပေါ့"

ဒီစကားကို ပြောခဲ့သူက ထိပ်ထိပ်ကြဲနည်းပညာသမားတွေ အတော်များများ မွေးထုတ်ပေးခဲ့တဲ့ စတန်းဖို့ဒ်တက္ကသိုလ်ကျောင်းထွက် (ကျောင်းမပြီးဘဲ ထွက်လာတာ) ၊ ၂၀၂၁ မှာ အသက် ၂၆ နှစ်ပြည့်မယ့် အော်စတင် ကင်းစ်လေ ရပ်ဆဲလ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်ထပ်ဂုဏ်ပုဒ်တစ်ခုက ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန်နဲ့ ဘီလျံနာ ဆိုတာပါပဲ။





ရပ်ဆဲလ်ကို ၁၉၉၅ မတ်လ ၁၃ ရက်နေ့မှာ မွေးပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် ၊ Newport Beach မှာ ရှိတဲ့ Luminar Technologies Inc တည်ထောင်သူ နဲ့ အမှုဆောင်အရာရှိချုပ်ပါ။ ငယ်ငယ်တုန်းက လေဆာနဲ့ အလင်းရဲ့ဂုဏ်သတ္တိနဲ့လုပ်ဆောင်ချက်တွေအကြောင်း လေ့လာတဲ့ Optics ဘာသာရပ်တွေမှာ စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ ကြီးလာတော့ မောင်းသူမဲ့ကားတွေအတွက် Lidar (အလင်းထောက်လှမ်းမှုနဲ့ အကွာအဝေးတိုင်းတဲ့ အာရုံခံနည်းပညာ) ထုတ်ကုန်တွေ ဖန်တီးဖြစ်ခဲ့ပါတယ်။ 

Photo: Entrepreneur


သူ့ဝါသနာဟာ သူ့ကို ချမ်းသာကြွယ်ဝတဲ့ ဘီလျံနာနည်းပညာသူဌေးကြီးအဖြစ်ကို ရောက်စေခဲ့တယ်လို့ ဆိုရမှာပါ။ အထက်တန်းကျောင်းတက်တော့ ကယ်လီဖိုးနီးယားတက္ကသိုလ် ဘက်ခ်မန်းလေဆာအင်စတီကျူ့ဒ်မှာ လေ့လာခဲ့ပါတယ်။ ကလေးတုန်းကအိမ်က ဖုန်းပေးမကိုင်ခဲ့ရတာတောင် အိမ်ပြန်ချိန် ကျောင်းဘတ်စ်ကားပေါ်မှာ WiFi သုံးပြီး program ရေးလို့ရတဲ့ device နဲ့ portable game စနစ်ရေးခဲ့သူပါ။ အသက် ၁၅ နှစ်တည်းနဲ့ စာသင်ခန်းထဲမှာ မှတ်စုထုတ်ဖို့ ပုံရိပ်ယောင် Holographic ကီးဘုတ်တစ်ခု တည်ဆောက်ခဲ့ပြီး အသက် ၁၇ နှစ်မှာ အဲ့ဒီနည်းပညာအတွက် မူပိုင်ခွင့် တင်နိုင်ခဲ့တဲ့ ဉာဏ်ကြီးရှင်လည်း ဖြစ်ပါတယ်။ 


Luminar Technologies Inc ကို ၂၀၁၂ မှာ ထောင်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း မောင်းသူမဲ့ကားတွေအတွက် အာရုံခံစနစ်တွေနဲ့ ယာဉ်လမ်းပြ Lidar နည်းပညာတွေ ထုတ်လုပ်ဖန်တီးပါတယ်။ နောက်တော့ အသက် ၁၇ နှစ်မှာပဲ ကိုယ်ပိုင်ကုမ္ပဏီထောင်ဖို့ စတန်းဖို့ဒ်တက္ကသိုလ်မှာ ရူပဗေဒသင်နေရင်း တန်းလန်းနဲ့ ဘွဲ့မယူဘဲ ကျောင်းထွက်သွားပါတယ်။ ကျောင်းထွက်ရတဲ့ အကြောင်းပြချက်က ရှင်းပါတယ်။ 

"ကျောင်းပညာရေးက အခုလိုဖြစ်လာဖို့ မှန်ကန်တဲ့လမ်းကြောင်းမဟုတ်ဘူးဆိုတာ ကျွန်တော်အမြဲသိတယ်။ ဘာလို့လဲဆိုရင် လောကကြီးကို အကြီးကြီး ပြောင်းလဲချင်ရင် သုတေသနဓါတ်ခွဲခန်းထဲမှာပဲ ပိတ်မိနေလို့ မဖြစ်ဘူး။ ဈေးကွက်ဝင်အောင် လုပ်ရတယ်။ ကိုယ့်အားကိုယ် ကိုးရတယ်"-


Photo: The Business Journals


Luminar Technologies ကို ၂၀၂၀ ဒီဇင်ဘာ ၃ ရက်မှာ အများပိုင်ကုမ္ပဏီပြောင်းပြီး ရှယ်ယာတွေ ထုတ်ရောင်းပါတယ်။ အဲ့ဒီတုန်းက ဈေးကွက်တန်ဖိုး ဒေါ်လာ ၈.၁ ဘီလျံ တန်သွားပါတယ်။ ရှယ်ယာ ၃၅% ပိုင်တဲ့ သူက ဒေါ်လာ ၂.၄ ဘီလျံလောက် ပိုက်ပြီး အသက်အစိတ်လောက်နဲ့ ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာ ဖြစ်သွားပါတယ်။ အခုချိန် သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂.၇ ဘီလျံအထိ ရှိလာပြီ ဖြစ်ပါတယ်။ Luminar မှာ ရှယ်ယာထည့်တဲ့သူတွေထဲမှာ သူကျောင်းသားဘဝ တုန်းက ဒေါ်လာ ၁ သိန်းတန် Fellowship ပေးခဲ့တဲ့ နာမည်ကျော် သူဌေးကြီး ပီတာသီးလ်လည်း ပါပါတယ်။

Luminar ရဲ့ နည်းပညာဟာ ပြိုင်ဘက်ထုတ်ကုန်တွေထက် ၁၀ ဆဝေးဝေး ထောက်လှမ်းနိုင်ပြီး ရုပ်ထွက် အဆ ၅၀ ပိုကောင်းတယ်လို့ ဆိုပါတယ်။ လောလောဆယ် ကမ္ဘာကျော် Volvo Car ကုမ္ပဏီရဲ့ ဌာနတစ်ခုနဲ့ ပူးပေါင်းပြီး ၂၀၂၂ ကစလို့ Volvo ကားတွေကို အမြန်လမ်းပေါ်မှာ လက်ထိန်းမလိုဘဲ Hands-Free မောင်းနှင်နိုင်ဖို့အတွက် Luminar နည်းပညာကို စတင် အသုံးပြုနိုင်အောင် လုပ်ဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က