အမေရိကန်က ထိပ်တန်း နည်းပညာ CEO အများစုဟာ တရားဝင်တစ်နှစ်လစာ ၁ ဒေါ်လာ ဝန်းကျင်ပဲ ရပြီး ကုမ္ပဏီဆီကနေ သူတို့ရဲ့ တစ်နှစ်တာ စွမ်းဆောင်ရည်အလိုက် ဆုကြေးဘောနပ်စ်နဲ့ ချီးမြှင့်ငွေကို ဒေါ်လာသန်းနဲ့ချီ ရတာပါ

‌ဒေါ်လာဘီလျံ ရာနဲ့ချီတန်တဲ့ ကုမ္ပဏီကြီးတွေကို အုပ်ချုပ်နေရတဲ့ အမှုဆောင်အရာရှိချုပ် CEO တွေထဲမှာ နှစ်ပေါင်းများစွာကြာအောင် လစာ ၁ ဒေါ်လာတောင် မရတဲ့သူတွေ ရှိပါတယ်။ တစ်နှစ်လုံးနေမှ လစာအဖြစ် သူတို့ ယူတဲ့ပမာဏဟာ ၁ ဒေါ်လာတောင် မပြည့်တာတွေ ရှိပေမယ့် ဒီလူတွေဟာ ကမ္ဘာပေါ်က အချမ်းသာဆုံးစာရင်းမှာ ပါနေပါတယ်။


ဟုတ်ပါ့မလားလို့ မေးခွန်းထုတ်ချင်ကြပါလိမ့်မယ်။ တကယ်တော့ ကမ္ဘာ့ထိပ်တန်း CEO တွေရဲ့ လစာဟာ နှစ်အလိုက် သူတို့ရဲ့ စွမ်းဆောင်ရည်ပေါ် လိုက်ပြီး ခွဲပေးတာပါ။ ၂၀၁၈ ခုနှစ်က New York Times သတင်းတစ်ပုဒ်မှာဆို Tesla ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ တစ်နှစ်လုပ်ခလစာ ဒေါ်လာ ၂.၃ ဘီလျံအထိ ရခဲ့တယ်လို့ ဆိုပါတယ်။ Tesla Motors ကုမ္ပဏီအနေနဲ့ သူ့ကို တရားဝင်တစ်နှစ် လုပ်ခလစာ ၁ ဒေါ်လာတောင် ပေးထားတာ မဟုတ်ပါဘူး။




အမေရိကန်က ထိပ်တန်း နည်းပညာ CEO အများစုဟာ တရားဝင်တစ်နှစ်လစာ ၁ ဒေါ်လာ ဝန်းကျင်ပဲ ရပြီး ကုမ္ပဏီဆီကနေ သူတို့ရဲ့ တစ်နှစ်တာ စွမ်းဆောင်ရည်အလိုက် ဆုကြေးဘောနပ်စ်နဲ့ ချီးမြှင့်ငွေကို ဒေါ်လာသန်းနဲ့ချီ ရတာပါ။ လစာ ၁ ဒေါ်လာတောင် မရပေမယ့် ဘီလျံနာဖြစ်နေတဲ့ နည်းပညာ CEO ထဲက ၅ ဦးကတော့-


(၁) Google CEO ဟောင်း - လယ်ရီပေ့ချ် နဲ့ ဆာဂီဘရင်း



Photo: The Verge

Google ကုမ္ပဏီရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဟောင်းတွေ ဖြစ်တဲ့ လယ်ရီပေ့ချ်နဲ့ ဆာဂီဘရင်းတို့ဟာ ၂၀၀၄ ခုနှစ်က စပြီး နှစ်စဉ်လစာ ၁ ဒေါ်လာပဲ ယူခဲ့တာပါ။ ၂၀၁၉ မှာဆို သူတို့နှစ်ဦးဟာ ကုမ္ပဏီရဲ့ ထိပ်ပိုင်း CEO နဲ့ ဥက္ကဌရာထူးကနေ အနားယူသွားပြီး ဆွန်ဒါပီချိုင်းကို Google နဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ Alphabet တို့ရဲ့ CEO အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ရာထူးတာဝန်တွေကနေ နားထားပေမယ့် ၂၀၂၁ မှာ လယ်ရီပေ့ချ်ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၀၄ ဘီလျံအထိ ရှိပါတယ်။ ပိုင်ဆိုင်မှုအရ ကမ္ဘာ့ဆဌမအချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ သူ့တွဲဖက် ဆာဂီဘရင်းကတော့ ဒေါ်လာ ဘီလျံ ၁၀၀ ချမ်းသာပြီး ကမ္ဘာ့ အဌမမြောက်အချမ်းသာဆုံးအဖြစ် Celebrity Net Worth က ဖော်ပြထားပါတယ်။


(၂) Facebook CEO - မတ်ခ်ဇူကာဘတ်ခ်


Photo: Fortune


Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ကတော့ တစ်နှစ်လုပ်ခ လစာ ၁ ဒေါ်လာကို ၂၀၁၃ ခုနှစ်မှာ စပြီး ယူတယ်လို့ Washington Post သတင်းစာက ဆိုပါတယ်။ သူကတော့ Facebook ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်လည်း ဖြစ်တာကြောင့် တစ်နှစ်တစ်နှစ် ဒေါ်လာဘီလျံနဲ့ချီ ပိုက်ဆံရှာနိုင်မယ်ဆိုတာ ပြောဖို့ လိုမယ်မထင်ပါဘူး။ မတ်ခ်ဟာ အသက် ၂၃ နှစ်ကတည်းက ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်ဒူးကိုယ်ချွန်ဘီလျံနာ ဖြစ်လာသူပါ။

သူ့ပိုင် Facebook ရှယ်ယာတွေ မကြာခဏဆိုသလို ရောင်းချနေတာတောင် အခုချိန်ထိ ကုမ္ပဏီ Share တွေရဲ့ ၁၃%လောက်ကို မတ်ခ်က ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ ၂၀၂၁ ဇွန်လကုန်ပိုင်းမှာ Facebook ဟာ ပထမဆုံးအကြိမ် ဒေါ်လာ ၁ ထရီလီယံတန် လုပ်ငန်းအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ မတ်ခ်ကတော့ ဒေါ်လာ ၁၂၃.၁ ဘီလျံ ချမ်းသာပြီး ကမ္ဘာ့ပဉ္စမအချမ်းသာဆုံး ဘီလျံနာအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ 


(၃) Tesla တည်ထောင်သူနဲ့ CEO - အီလွန်မတ်စ်


Photo: Business Insider


ကယ်လီဖိုးနီးယားပြည်နယ် ၊ ပါလိုအယ်တိုအခြေစိုက် အမေရိကန်လျှပ်စစ်ကားကုမ္ပဏီ Tesla Motor တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ လစာတစ်ပြားမှ မယူဘဲ ကုမ္ပဏီ Performance ပေါ်လိုက်ပြီး ဆုကြေးနဲ့ စားနေသူ ဖြစ်ပါတယ်။ ဆောင်းပါး အစမှာ ပြောခဲ့သလိုပါပဲ။ လစာတစ်ဒေါ်လာတောင် မရပေမယ့် သူဟာ ၂၀၁၈ ထဲမှာ Tesla ကနေ ဒေါ်လာ ၂.၃ ဘီလျံ ပိုက်နိုင်ခဲ့ပါတယ်။

အီလွန်မတ်စ်ဟာ Tesla အပြင် Neuralink ၊ SpaceX အာကာသယာဉ်လုပ်ငန်း နဲ့ အမေရိကန်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ Boring Company တို့ကိုပါ တည်ထောင်ထားပါတယ်။ အနည်းဆုံး သူ့ရဲ့အသားတင် ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၆၅ ဘီလျံရှိပါတယ်။ အီလွန်မတ်စ်ကို Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ် ပြီးရင် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးအဖြစ်လည်း သတ်မှတ်ထားပါတယ်။ 


(၄) Twitter CEO - ဂျက်ခ်ဒေါ်ဆီ


Photo: entrepreneur


၂၀၁၉ ခုနှစ်ထဲမှာ အမှုဆောင်အရာရှိချုပ် ဂျက်ခ်ဒေါ်ဆီဟာ နှစ်စဉ် လုပ်ခလစာ ၁.၄၀ ဒေါ်လာပဲ ယူခဲ့တယ်လို့ Twitter ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ ဂျက်ဒေါ်ဆီဟာ ၂၀၀၆ မတ်လ ၁ ရက်နေ့မှာ Twitter ကို အီဗန် ဝီလျံ ၊ ဘစ်ဇ်စတုန်း ၊ နိုအာ ဂလတ်စ်တို့နဲ့အတူ ပူးတွဲတည်ထောင်ခဲ့ပြီး ၂၀၀၈ မှာ ကုမ္ပဏီရဲ့ CEO အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဂျက်ဒေါ်ဆီဟာ Square ရဲ့ Founder လည်း ဖြစ်ပါတယ်။ 

ဂျက်ခ်ဒေါ်ဆီရဲ့ ထူးခြားချက်က ၂၀၁၆ ကနေ ၂၀၁၈ အတွင်း တစ်နှစ်လုံး ၁.၄၀ ဒေါ်လာကလွဲပြီး ဘယ်လို ဆုကြေးနဲ့ ချီးမြှင့်ငွေမျိုးမှ လက်မခံဘဲ ငြင်းဆန်ခဲ့ခြင်း ဖြစ်ပါတယ်။ The Insider ရဲ့ အစီရင်ခံစာအရ ၁.၄၀ ဒေါ်လာ ဟာ သင်္ကေတသဘောကို ဆောင်တယ်လို့ ဆိုပါတယ်။ Twitter ဟာ အစက စာလုံးရေ ၁၄၀ အထိပဲ လက်ခံတဲ့ Microblogging service ဖြစ်ပြီး အခုမှ စာလုံးရေ ၂၈၀ အထိ တင်ခွင့်ပြုလာတာပါ။ 

Forbes မဂ္ဂဇင်းကတော့ အသက် ၄၄ နှစ်အရွယ် Twitter CEO ရဲ့ အသားတင်ပိုင်ဆိုင်မှုကို ဒေါ်လာ ၁၂.၉ ဘီလျံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 


(၅) Snap Inc CEO - အီဗန်စပိုက်ဂဲလ်


Photo: theceomagazine


အသက် ၃၁ နှစ်အရွယ် ဘီလျံနာတစ်ဦးဖြစ်တဲ့ အီဗန်သောမတ်စ် စပိုက်ဂဲလ်ဟာ Snapchat လူမှုကွန်ရက်ကုမ္ပဏီ Snap Inc တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်တစ်ဦး ဖြစ်ပါတယ်။ Snapchat ကို ၂၀၁၇ ခုနှစ်မှာ အများပိုင် ပြောင်းလိုက်ပြီးနောက် စပိုက်ဂဲလ်ဟာ လစာ ဒေါ်လာ ၅ သိန်းကနေ ၁ ဒေါ်လာပဲ ယူခဲ့တာ ဖြစ်ပါတယ်။ 

လစာအနေနဲ့ ၁ ဒေါ်လာပဲ ရှိပေမယ့် လက်ရှိ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၁၁.၉ ဘီလျံခန့် ရှိနေပါတယ်။ 

Share

Loading Next Article...
က္က