Stay Home နေချိန်မှာ ပညာရေးနဲ့ အလှမ်းမဝေးဖို့ အွန်လိုင်းပေါ်က အခမဲ့သင်ပေးနေတဲ့ အကောင်းဆုံးပညာရေးဝက်ဘ်ဆိုက်တွေ

ပညာရေးဟာ အုတ်နဲ့လုပ်ထားတဲ့ အဆောက်အဦကနေ အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပလက်ဖောင်းတွေပေါ် ရောက်လာပြီ ဖြစ်ပါတယ်။

               သမရိုးကျပညာရေးစနစ်ဟာ လူတိုင်း လက်လှမ်းမမီအောင် ကန့်သတ်ထားတဲ့ အားနည်းချက်တွေ ရှိပေမယ့် အင်တာနက်မှာတော့ ကိုယ်သင်ချင်တဲ့ ပညာရပ်တွေ အကုန်သင်နိုင်ပါတယ်။ ကိုယ့်အိမ်မှာနေရင်း အလုပ်အကိုင်မပြတ် သင်ယူနိုင်ပြီး စရိတ်စကနည်းတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ Online Education ရဲ့ ဆွဲဆောင်မှုအရှိဆုံး အားသာချက်က ကမ္ဘာပေါ်ကအကောင်းဆုံးဆိုတဲ့ ကျောင်းတွေက ပို့ချတဲ့ သင်ခန်းစာတွေ ဝင်ရောက်လေ့လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။



               အခုလို COVID-19 ကြောင့် Stay Home နေချိန်မှာ ပညာရေးနဲ့ အလှမ်းမဝေးဖို့ အွန်လိုင်းပေါ်က အခမဲ့သင်ပေးနေတဲ့ အကောင်းဆုံးပညာရေးဝက်ဘ်ဆိုက်တွေအကြောင်း ညွှန်းချင်ပါတယ်။


(၁) Khan Academy


Photo: mcakins

               ကမ္ဘာ့အဆင့် ပညာရေးကို ဘယ်နေရာကမဆို ၊ ဘယ်သူမဆို အခမဲ့ယူနိုင်ဖို့ဆိုတဲ့ Mission နဲ့ ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ ပညာရေးဝက်ဘ်ဆိုက်တစ်ခုပါ။ Khan Academy က လေ့လာသူရော ၊ သင်ပေးတဲ့ ဆရာတွေအတွက်ပါ Free ပေးထားတဲ့ ပလက်ဖောင်းဖြစ်ပြီး သူငယ်တန်းကနေ ကောလိပ်တန်းအထိ သင်္ချာ ၊ သဒ္ဒါ ၊ သိပ္ပံ ၊ သမိုင်း နဲ့ အဆင့်မြင့်တက္ကသိုလ်ဝင်ခွင့်တန်းတွေပါ သင်ပေးနေပါတယ်။

               


(၂) edX


Photo: edX

               edX ဟာ ကမ္ဘာကျော် Harvard နဲ့ MIT တို့ကနေ တည်ထောင်ထားတဲ့ Global Non-Profit ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး သမရိုးကျပညာရေးရဲ့ပင်မအဟန့်အတား ၃ ခုဖြစ်တဲ့ ကုန်ကျစရိတ် ၊ နေရာနဲ့ တက်ခွင့်တွေကို ကျော်လွှားနိုင်ဖို့ တည်ထောင်ထားတာပါ။ edX မှာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေမှာ သင်တဲ့ သင်ရိုးပေါင်း ၂၄၀၀ တင်ထားပြီး တက်ရောက်လေ့လာသူ သန်း ၂၀ ကျော် ရှိပါတယ်။

               ထူးခြားချက်တစ်ခုက ပညာရေး Tools သစ်တွေ ရေးဆွဲချင်တဲ့ နည်းပညာသမားတွေ ၊ ပညာရေးကျွမ်းကျင်သူတွေအတွက် Open edX ဆိုတဲ့ open source platform တစ်ခု ဖွင့်ထားတာပဲ ဖြစ်ပါတယ်။ edX မှာ အခမဲ့သင်တန်း free courses တွေ ရှိသလို အခပေး fee courses တွေလည်း ပို့ချပေးနေပါတယ်။


(၃) Coursera


Photo: onlinecoursehow

               Coursera ဟာ တက္ကသိုလ်ပေါင်း ၁၅၀ နဲ့ မိတ်ဖက်ပြုထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဒီဝက်ဘ်ဆိုက်မှာ အထူးပြုဘာသာရပ်ပေါင်း ၂၅၀ ၊ သင်တန်းပေါင်း ၂၇၀၀ နဲ့ လေ့လာသူပေါင်း ၃၅ သန်းကျော် ရှိပါတယ်။ Coursera မှာ အခမဲ့သင်တန်းတွေလည်း ပေးထားသလို ၂ ၉ ဒေါ်လာကနေ ၉၉ ဒေါ်လာအထိ ကျသင့်မယ့် Paid Course တွေလည်း ရှိပါတယ်။ အွန်လိုင်းပညာရေးဝက်ဘ်ဆိုက်ဖြစ်တဲ့အတိုင်း ရုပ်သံပို့ချမှုတွေ ၊ ပညာရပ်နယ်ပယ်အလိုက် ဆွေးနွေးနိုင်မယ့် ဖိုရမ်တွေနဲ့ အချင်းချင်း Coursework ကို ပြန် review လုပ်တဲ့ အစီအစဉ်တွေလည်း ပေးထားပါတယ်။


(၄) Udemy


Photo: yourstory


               တခြား အွန်လိုင်းပညာရေးပလက်ဖောင်းတွေနဲ့ မတူတာက Udemy ဟာ Content ဖန်တီးသူတွေကို ကိုယ်ပိုင် သင်ခန်းစာ Course တွေ ကိုယ့်ဘာသာရွေးချယ် တင်ဆက်ခွင့်ပေးတာ ဖြစ်ပါတယ်။ အတော်များများက တက္ကသိုလ်နဲ့ ကောလိပ်က သင်ရိုးသင်ခန်းစာ Content တွေပဲ သင်တာ ဖြစ်ပါတယ်။

               Udemy ကလည်း Global Education Marketplace တစ်ခု ဖြစ်ပြီး ကျောင်းသားပေါင်း သန်း ၃၀ ၊ ဘာသာစကားပေါင်း ၅၀ နဲ့ သင်ရိုးပေါင်း ၁ သိန်း ၊ သင်ကြားသူပေါင်း ၄၂၀၀၀ နဲ့ ရုပ်သံသင်ကြားမှု မိနစ်ပေါင်း ၂၂ သန်း ရှိတဲ့ ပလက်ဖောင်းတစ်ခုပါပဲ။


(၅) Codecademy


Photo: Edsurge

               Programming Language အမျိုးမျိုး ရေးနည်းကို အဓိကသင်ပေးမယ့် အပြန်အလှန်သင်ကြားရေး ပလက်ဖောင်းတစ်ခုပါ။ Codecademy မှာ တင်တဲ့ Free Course အများစုက ၁၁ နာရီအောက်နဲ့ ပြတ်မယ့် သင်တန်းတွေ ဖြစ်ပါတယ်။ Codecademy ပလက်ဖောင်းမှာ သင်တဲ့ Web Development ပိုင်း ၊ Programming ၊ Computer Science နဲ့ Data Science တို့လို Topics တွေအောက်မှာ တက်ရောက်လေ့လာသူပေါင်း ၄၅ သန်းကျော် ရှိပါတယ်။

               Codecademy ကျောင်းထွက်တွေဟာ အခုဆို ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Google ၊ Facebook ၊ IBM နဲ့ Bloomberg တို့လို လုပ်ငန်းကြီးတွေမှာ ဝင်ပြီး အလုပ်လုပ်နေကြပါတယ်။ Codecademy ပလက်ဖောင်းမှာတော့ လစဉ်ကြေးအတွက် ပရီမီယမ် Plan တစ်ခုလည်း ပေးထားတာ ရှိပါတယ်။

               အခုပြောခဲ့တာတွေကတော့ အွန်လိုင်းပေါ်မှာ ဘာသာရပ်ပေါင်းစုံကို ကျောင်းပေါင်းစုံကနေ အခမဲ့လေ့လာလို့ ရနိုင်မယ့် Free Education Websites တွေအကြောင်းပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

က္က