လူသုံးကုန်ဈေးကွက်ထဲ အရောက်ပါ ပို့ဆောင်ဖို့ မျှော်မှန်းထားပါတယ်

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ဖြစ်တဲ့ COVID-19 တိုက်ဖျက်ဖို့အတွက် နယ်ပယ်ပေါင်းစုံက ဦးနှောက်တွေ အလုပ်လုပ်နေကြပါတယ်။ ဒီထဲမှာ အိန္ဒိယနိုင်ငံ ဖာရီဒါဘတ်မြို့ Shiv Nadar အထက်တန်းကျောင်းက ကျောင်းသူကလေး ၅ ဦးကလည်း တမူဆန်းသစ်တဲ့အိုင်ဒီယာနဲ့ ပါဝင်ခဲ့ပါတယ်။ 


SAFE အိုင်ဒီယာ ဘယ်လိုဖြစ်လာသလဲ

 

Shiv Nadar School (Photo: indiatimes)



Shiv Nadar School မှာ နှစ်စဉ်ကျင်းပနေကျ နည်းပညာပွဲတစ်ခု ရှိပါတယ်။ ဒီပွဲကို Colloquium လို့ ခေါ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရောဂါတွေကြောင့် Colloquium 2020 ကို အွန်လိုင်းကနေပဲ ကျင်းပသွားခဲ့ပါတယ်။ Colloquium ပွဲကို အကဲဖြတ်အမှတ်ပေးတာက ပြင်ပက ဂျူရီက လုပ်တာပါ။ Colloquium 2020 မှာ Shiv Nadar ကျောင်းက ဆယ်တန်းကျောင်းသူမိန်းကလေး ၅ ဦးဟာ Capstone Project ဆိုတဲ့ နာမည်နဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့တဲ့ ပရောဂျက်ဖြစ်ပါတယ်။ 


Capstone Project ဟာ လက်တွေ့ကမ္ဘာကြီးမှာ ကျွန်တော်တို့ ကြုံနေရတဲ့ အခြေခံအကျဆုံး ပြဿနာတစ်ခုဖြစ်တဲ့ COVID-19 ကပ်ရောဂါဘေးအတွက် ဖန်တီးမှုပါတဲ့ အဖြေတစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ လူအကူအညီမလိုဘဲ သူ့အလိုအလျောက် ပိုးသတ်ပေးနိုင်မယ့် ခုံတန်းဒီဇိုင်းပဲ ဖြစ်ပါတယ်။ SAFE Bench လို့ နာမည်ပေးထားတဲ့ သူ့အလိုလို ပိုးသတ်နိုင်မယ့် ခုံတန်းမှာ ခရမ်းလွန်ရောင်ခြည် UV ပိုးသတ်နိုင်မယ့် အလင်းတပ်ဆင်ထားပါတယ်။


ဒီ UV ဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိအပေါ်ယံလွှာရောင်ရမ်းမှု ၊ တုပ်ကွေး ၊ အသည်းရောင်အသားဝါ အေ နဲ့ COVID-19 လို ကူးစက်မှုတွေ မဖြစ်အောင် ပိုးသတ်ပေးနိုင်မှာပါ။ Capstone Project ရဲ့ ရည်ရွယ်ချက်က ပိုးသတ်နိုင်မယ့် SAFE Bench တွေကို Outdoor spaces လို့ခေါ်တဲ့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ တပ်ဆင်ဖို့ ဖြစ်ပြီး ဘေးကင်းကင်းနဲ့ ပိုးသတ်နိုင်စွမ်းကို ပိုကောင်းအောင်လုပ်ဖို့လို့ ဆိုပါတယ်။ 


SAFE Bench အိုင်ဒီယာနောက်ကွယ်ကလူတွေ



Shiv Nadar ကျောင်းရဲ့ နှစ်စဉ် Clloquium ပြိုင်ပွဲချိန်မတိုင်ခင်မှာ ဆယ်တန်းကျောင်းသူတွေဖြစ်တဲ့ Nirvani Jain ၊ Arshia Jaitli ၊ Suhani Sharma ၊ Gurnoor Kaur နဲ့ Mansi Aggarwal တို့ဟာ စီးပွားရေးအရ ထုတ်လုပ်နိုင်သလို လက်ရှိမျက်မှောက်ကမ္ဘာ့ပြဿနာတစ်ခုကိုလည်း ဖြေရှင်းနိုင်မယ့် အိုင်ဒီယာတစ်ခု စဉ်းစားခဲ့ကြပါတယ်။ စွန့်ဦးတီထွင်မှုတွေမှာ အရင်ဆုံးစဉ်းစားတာက ဘယ်ပြဿနာကို ဖြေရှင်းဖို့ ဘယ်လို Product ထုတ်မှာလဲ ဆိုတာပါပဲ။ 


ဒီလိုပါပဲ။ လက်တွေ့ကြုံနေရတဲ့ COVID-19 ကပ်ရောဂါကို ရင်ဆိုင်နိုင်ဖို့ Creative Solution အဖြစ် ဒီကျောင်းသူလေး ၅ ဦးအဖွဲ့ဟာ ဆေးရုံတွေ ၊ စူပါမားကတ်တွေနဲ့ ပန်းခြံတွေလို လူအများသွားလာထိတွေ့နေတဲ့ နေရာတွေမှာ တပ်ဆင်ထားရှိနိုင်မယ့် အလိုအလျောက် ပိုးသတ်နိုင် ခုံတန်းအိုင်ဒီယာကို စဉ်းစားမိခဲ့တယ်လို့ဆိုပါတယ်။ အိုင်ဒီယာကနေ လက်တွေ့ထုတ်ကုန်ဖြစ်လာဖို့ ၆ လလောက် အချိန်ယူခဲ့ရတယ်လို့လည်း ပြောပါတယ်။ 



"အခုလို လုပ်ဖြစ်လာတာက လူတွေ ဗိုင်းရပ်စ်ကူးမှာ ကြောက်တဲ့စိတ်ကို သက်သာလျော့ပါးအောင် ကူညီပေးနိုင်ရင် ကောင်းမှာဆိုတာကနေ စတာပါ။ ပထမတော့ တကယ့်ပြဿနာက ဘာလဲသိအောင်လုပ်တယ်။ ဒီလို လေ့လာမှုတွေကနေ သိလာတာက ရောဂါကပ်ကြီး ရှိပေမယ့် ကျန်းမာရေးအတွက် ဆေးရုံတွေ သွားရတယ် ၊ မရှောင်လွှဲနိုင်တဲ့ အခြေအနေတွေကြောင့် အပြင်တွေ ထွက်ရတာတွေ ရှိတယ်။ ဒီတော့ အဲ့ဒီလို နေရာမျိုးတွေ ရောက်ရင် စိတ်ချလက်ချ ထိုင်လို့ရမယ့် ထိုင်ခုံတွေရှိဖို့ လိုတယ်ဆိုတာ သိလာတယ်။ ဒီလိုနဲ့ လူမလိုဘဲ သူ့အလိုလို ပိုးသတ်နိုင်မယ့်ခုံတန်းတွေ ထွင်ဖို့ ဖြစ်လာတာပါ။"လို့ Capstone Project အဖွဲ့ဝင်တွေက ဆိုပါတယ်။ 


ပရောဂျက်တစ်ခုလုံး ပြီးဖို ၁၀ လလောက် Zoom နဲ့ Google Meets ပေါ်ကနေ အဖွဲ့ဝင်အချင်းချင်း ပူးပေါင်းဆွေးနွေးလုပ်ဆောင်ခဲ့ပြီး နမူနာ Prototype ကိုလည်း အွန်လိုင်းပေါ်မှာပဲ တည်ဆောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ အိုင်ဒီယာကို ရုပ်လုံးပေါ်ဖို့ ကျောင်းမှာ လူကိုယ်တိုင်သွားပြီး တည်ဆောက်ခဲ့ကြတာပါ။ နမူနာ Prototype ကို ကျောင်းဝင်းပတ်ပတ်လည်မှာ တပ်ဆင်ပြီး ဖြစ်ကာ အမြောက်အများထုတ်လုပ်နိုင်ဖို့လည်း ဆက်လက်စမ်းသပ်နေတယ်လို့ အိုင်တီပိုင်းဦးဆောင်သူနဲ့ mentor အဖြစ် လုပ်ခဲ့တဲ့ Mark Nelson က ဆိုပါတယ်။ "Version 2.0 ကို သွားဖို့ လုပ်နေပါတယ်။"


SAFE Bench ဘယ်လို အလုပ်လုပ်သလဲ


Photo: IndiaTimes


SAFE Bench တစ်ခု ထုတ်ဖို့အတွက် ခန့်မှန်းခြေ ရူပီး ၈၀၀၀ (မြန်မာငွေ ၁ သိန်း ၇ သောင်းခွဲခန့်) ကုန်ကျပါတယ်။ 

ဒီခုံတန်းမှာပါတဲ့ Ultrasonic sensor ဟာ ထိုင်ခုံမှာ ထိုင်နေတဲ့သူတစ်ယောက် ထထွက်သွားတာနဲ့ အလိုအလျောက် ပွင့်လာပြီး အလုပ်လုပ်မှာပါ။ ဒီ sensor ပွင့်တာနဲ့ UV Light ကနေ သူ့ဘာသာ ပိုးသတ်ပေးတဲ့ ဖြစ်စဉ်ကို စမှာပါ။ ခုံမှာ ပါတဲ့ Ultrasonic sensor ဟာ လူထိုင်တာကို အလိုအလျောက် ထောက်လှမ်းသိပြီး ခုံတန်းကို လှည့်ပေးနိုင်သလို ဘေးက ခြေနင်းပြားနဲ့လည်း ခုံကို လူကိုယ်တိုင် Manual လှည့်နိုင်တယ်လို့ ဆိုပါတယ်။ 


SAFE Bench အတွက် App လည်း ထုတ်နေတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက SAFE Bench ထိုင်ခုံမှာ နောက်ဆုံး ဘယ်အချိန်က ပိုးသတ်ခဲ့တာလဲဆိုတဲ့ သတင်းအချက်အလက်ကို သိနိုင်ဖို့ QR Code တစ်ခုပါ ထားရှိထားတာ ဖြစ်ပါတယ်။ ဒီ QR Code ကို app ကနေ ဒေါင်းလုပ်ဆွဲစရာ မလိုဘဲ webpage ကနေ သွားပြီး ဒေါင်းလုပ်ဆွဲနိုင် ၊ Access ယူနိုင်မယ်လို့လည်း Arshia က ဆိုပါတယ်။ 


ဒီထုတ်ကုန်နဲ့ပတ်သက်လို့ သူတို့ရဲ့ အနာဂါတ်အစီအစဉ်အကြောင်း မေးရာမှာ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Gurnoor ကတော့ "ရှေ့လျှောက်လည်း ဒီ Product နဲ့ ပတ်သက်လို့ လုပ်စရာတွေ အများကြီး ရှိပါတယ်။ တကယ်လိုအပ်တဲ့ နေရာတွေမှာ ဒီခုံတန်းတွေ တပ်ဆင်ဖို့ လုပ်ချင်ပါတယ်။ နောက်ပြီး လူသုံးကုန်ဈေးကွက်ထဲ အရောက်ပါ ပို့ဆောင်ဖို့ မျှော်မှန်းထားပါတယ်။" လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က