Lockdown ကာလ စိတ်ညစ်စရာတွေကို တိုက်ဖျက်ဖို့ အာရှတလွှားမှာ ဂိမ်းစီးပွားရေး ဖြစ်သွားတယ်လို့တောင် ပြောနိုင်ပါတယ်။

COVID-19 ကပ်ဘေးကြောင့် ဟိုတယ်နဲ့ ခရီးသွားလာရေးအပါအဝင် စီးပွားရေးကဏ္ဍအတော်များများ အကြပ်အတည်းဆိုက်သွားခဲ့ပါတယ်။ ဒီအထဲမှာ အာရှက ဂိမ်းဈေးကွက်တော့ မပါခဲ့ပါဘူး။ ပြောရရင် Lockdown ကာလ စိတ်ညစ်စရာတွေကို တိုက်ဖျက်ဖို့ အာရှတလွှားမှာ ဂိမ်းစီးပွားရေး ဖြစ်သွားတယ်လို့တောင် ပြောနိုင်ပါတယ်။ 


အရှေ့တောင်အာရှမှ လူကြိုက်အများဆုံး ဂိမ်းအမျိုးအစား


Photo: GamesRadar



ခြုံပြိး ပြောရမယ်ဆိုရင် အရှေ့တောင်အာရှမှာ လူကြိုက်အများဆုံးဂိမ်းပုံစံက Strategy ဂိမ်းအမျိုးအစားဖြစ်ပြီး မြို့ပြအွန်လိုင်းသုံးသူတွေရဲ့ သုံးပုံတစ်ပုံဟာ Strategy Games အမျိုးအစားကို ကစားကြတယ်လို့ ဆိုပါတယ်။ ကစားတဲ့ ပလက်ဖောင်းအလိုက် Mobile မှာ Strategy ဂိမ်းက ၃၆% ၊ Console စက်တွေမှာ ၃၂% နဲ့ PC မှာ ၂၉% စီ ရှိကြပါတယ်။ 


အရှေ့တောင်အာရှနိုင်ငံတွေက ဂိမ်းကစားသူတွေရဲ့ ၄၄% ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း Mobile Legends: Bang Bang ဂိမ်း ကစားခဲ့ပြီး ၃၃% နဲ့ ၂၇% တို့ဟာ Clash Royale ၊ Plant vs Zombies ဂိမ်းတွေကို မိုဘိုင်းလ်ဖုန်းပေါ်ကနေ ကစားခဲ့ကြပါတယ်။ မိုဘိုင်းလ်မဟုတ်တဲ့ Console နဲ့ PC တွေမှာ Shooters. ဂိမ်းတွေက ကစားသူအများဆုံးဖြစ်ပြီး အရှေ့တောင်အာရှဂိမ်မာတွေရဲ့ သုံးပုံတစ်ပုံကျော်ဟာ Shooters တွေကို Console (၃၆%) နဲ့ PC (၃၄%) တွေပေါ်မှာ ကစားခဲ့ကြတာပါ။


SEA ဒေသတွင်းက PC စက်တွေပေါ်မှာ ကစားသူအများဆုံးဂိမ်းဟာ League of Legends ဖြစ်ပြီး Console ပေါ်မှာက FIFA ဂိမ်းကို လူတွေအများဆုံး ကစားကြတယ်လို့ ဆိုပါတယ်။ 


ဂိမ်းအတွက် ငွေသုံးလာတဲ့ နိုင်ငံတွေ


Photo: techinasia

အထူးသဖြင့် အရှေ့တောင်အာရှဟာ မိုဘိုင်းဂိမ်းဈေးကွက်ဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့ ဈေးကွက်ဖြစ်လာပါတယ်။ App ဆန်းစစ်မှုနဲ့ ဈေးကွက်အချက်အလက်ထုတ်ပြန်ရေးလုပ်ငန်း App Annie ရဲ့ အစီရင်ခံစာအရဆိုရင် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်က ဂိမ်းဝါသနာအိုးတွေဟာ မိုဘိုင်းဂိမ်းအတွက် ငွေသုံးစွဲမှု ၅၀% နဲ့ ၅၅% ကျော်စီ မြင့်တက်လာတယ်လို့ ပါရှိပါတယ်။ 


အရှေ့တောင်အာရှဟာ မိုဘိုင်းဂိမ်းဦးစားပေး ကစားတဲ့ဒေသတစ်ခု ဖြစ်ပြိး အွန်လိုင်းသုံးတဲ့ လူဦးရေရဲ့ တစ်ဝက်ကျော်ဟာ ဂိမ်းအတွက် ငွေသုံးကြတယ်လို့ ဆိုပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ ဂိမ်းအပေါ် ငွေသုံးမှုဟာ ၆၀% နဲ့ ၄၄% စီ ရှိထားပါပြီး Gamers တွေရဲ့ ၉၅% ခန့်ဟာ ဂိမ်းထဲက items တွေနဲ့ တခြား Virtual Goods တွေ ကို ပြီးခဲ့တဲ့ ၆ လအတွင်း ဝယ်ခဲ့တယ်လို့ ဆိုပါတယ်။ 


၂၀၂၀ အတွက် မိုဘိုင်းဂိမ်း Downloads ဆွဲမှုအရ ဖိလစ်ပိုင်ဟာ ဒေသတွင်းမှာ ဖွံ့ဖြိုးမှု အမြန်ဆုံး ဈေးကွက်တစ်ခုဖြစ်ခဲ့ပြီး အရှေ့တောင်အာရှမှ စုစုပေါင်း Game Downloads ဆွဲမှုအားလုံးရဲ့ ၁၆% ရှိတယ်လို့ ဆိုပါတယ်။ မိုဘိုင်းလ်ဂိမ်းတွေမှာ ငွေသုံးစွဲမှုအရ ထိုင်းနဲ့ မလေးရှားဟာ အတူတူလောက် ကျပြီး ဒီနှစ်နိုင်ငံစလုံးဟာ အရင်နှစ်ကထက် ၃၀% ပိုပြီး ငွေသုံးလာတာပါ။ မလေးရှားနိုင်ငံက ဂိမ်းဒေါင်းလုပ်ဆွဲမှုကလည်း ၃၅% မြင့်တက်လာပါတယ်။


အရှေ့တောင်အာရှမှ Big Six 


Photo: theaseanpost

၂၀၂၁ ထဲမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲ မိုဘိုင်းလ်ဂိမ်းကစားတဲ့ ဂိမ်မာအရေအတွက် သန် ၂၅၀ အထိ မြင့်တက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အရှေ့တောင်အာရှမိုဘိုင်းလ်ဂိမ်းလောကမှာ ကြီးစိုးလာတဲ့ နိုင်ငံ ၆ ခု ရှိပြီး ဒီနိုင်ငံတွေကို Big Six လို့ ခေါ်နေကြပါတယ်။ Big Six ထဲမှာ ဗီယက်နမ် ၊ ထိုင်း ၊ ဖိလစ်ပိုင် ၊ မလေးရှား ၊ အင်ဒိုနီးရှားနဲ့ စင်ကာပူတို့ ပါဝင်ပြီး ဒီ ၆ နိုင်ငံဟာ အရှေ့တောင်အာရှ ဒေသတွင်း eSports ဝင်ငွေရဲ့ ၉၉% ရှာပေးနေတာ ဖြစ်တယ်လို့ Newzoo ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။ 


အရှေ့တောင်အာရှဟာ ၂၀၁၉ ခုနှစ်မှာ ဂိမ်းဝင်ငွေအနေနဲ့ ဒေါ်လာ ၄.၄ ဘီလျံ ရှိခဲ့တဲ့ဈေးကွက်ဖြစ်ပြီး မိုဘိုင်းဂိမ်းကနေ ဝင်လာတဲ့ ဝင်ငွေပမာဏဟာ ဈေးကွက်စုစုပေါင်းရဲ့ ၇၀% (ဒေါ်လာ ၃.၁ ဘီလျံ) ရှိခဲ့ပါတယ်။ ဈေးကွက်ရဲ့ နှစ်အလိုက် ဖွံ့ဖြိုးမှုဟာ ၁၆% ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 


ဒေသတွင်းက eSports ပွဲတွေ


Photo: campaignasia

Singtel Group ဆိုရင် အာဆီယံရဲ့ ပထမဆုံး နိုင်ငံစုံ ဂိမ်းပေါင်းစုံ eSports ပလက်ဖောင်းဖြစ်တဲ့ PVP ESports ကို ၂၀၁၈ မှာ စတင်တည်ထောင်ခဲ့ပြီး PVP Esports Championship လို လူသန်းပေါင်းများစွာ စောင့်ကြည့်လာတဲ့ eSports ပြိုင်ပွဲတွေ ကျင်းပလာနေပါတယ်။ ၂၀၁၉ ခုနှစ်က အရှေ့တောင်အာရှဒေသတွင်းမှာ Community-Level Tournament ပွဲတွေ လုပ်ခဲ့ပြီး တစ်နှစ်လုံး‌ ဆုကြေး ဒေါ်လာ ၁ သိန်းအထိ ပေးလာတဲ့ ပွဲမျိုးတွေပါ ကျင်းပနေပါတယ်။ 


အင်ဒိုနီးယားနိုင်ငံ ဂျာကာတာနဲ့ ဖလမ်းဘမ်မှာ ကျင်းပသွားတဲ့ 2018 Asian Games ဆိုရင် အိုလံပစ်ပွဲတော် ပြီးရင် ကမ္ဘာ့အကြီးဆုံး Multi-Sports ပြိုင်ပွဲဖြစ်ပြီး အာရှ ၄၅ နိုင်ငံက အားကစားသမား ၁၁၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာပါ။ 2018 Asian Games မှာဆို ပထမဆုံးအကြိမ်အဖြစ် Arena Of Valor, Hearthstone, Pro Evolution Soccer, League Of Legends, Clash Royale နဲ့ StarCraft 2 စတဲ့ eSports ဂိမ်း ၆ မျိုးကို သရုပ်ပြဂိမ်းအဖြစ် ထည့်သွင်းခဲ့ပါတယ်။ 


အရှေ့တောင်အာရှဒေသတွင်းမှာ ကစားသူအများဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Mobile Legends ကို ရေးဆွဲတဲ့ Moonton ကုမ္ပဏီကလည်း ၂၀၁၉ နိုဝင်ဘာမှာ ပထမဆုံး World Championship ပွဲစဉ်အဖြစ် ကျင်းပခဲ့ပြီး အင်ဒိုနီးရှားမှ EVOS Esports က ချန်ပီယံဖြစ်ခဲ့ပါတယ်။ စင်ကာပူမှာ ကျင်းပသွားတဲ့၂၀၂၀ M2 World Championship မှာ စင်ကာပူ ၊ ရုရှား ၊ ဖိလစ်ပိုင် ၊ မလေးရှား ၊ မြန်မာ ၊ ဂျပန် ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား နဲ့ ဘရာဇီးမှ အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံအသင်းအတွက် စုစုပေါင်း ငွေသားဆုကြေး ဒေါ်လာ ၁၄၀၀၀၀ ချီးမြှင့်ခံခဲ့ရပါတယ်။ M2 World Championship Grand Final အဆင့်မှာ မြန်မာနိုင်ငံမှ Burmese Ghouls နဲ့ ဖိလစ်ပိုင် Bren Esports တို့ တွေ့ခဲ့ပြီး Bren Esports က ချန်ပီယံဖြစ်သွားခဲ့တာပါ။

ဒီလိုမျိုး Internation‌al အဆင့် ပွဲတွေအပြင် နိုင်ငံအလိုက် နဲ့ ဒေသတွင်း eSports ပွဲတွေကလည်း ဒီနှစ်ပိုင်းမှာ ခပ်စိပ်စိပ် ကျင်းပလာဖြစ်နေပါတယ်။ 



ဈေးကွက်သစ်ကို ဦးတည်နေတဲ့ နိုင်ငံများ


Photo: Newzoo

လူလတ်တန်းစား လူဦးရေ တိုးတက်လာမှု ၊ စမတ်ဖုန်းသုံးသူ မြင့်တက်လာခြင်း ၊ စီးပွားရေး အားကောင်းလာပြီး eSports အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာမှုဟာ အရှေ့တောင်အာရှတစ်လွှားမှ လူငယ်တွေအကြား ဂိမ်းကစားမှုကို ပိုပြီး ဖက်တွယ်လာစေတဲ့ အချက်တွေဖြစ်ပါတယ်။ စင်ကာပူနဲ့ ဖိလစ်ပိုင်တို့ဟာ အင်္ဂလိပ်စာကို တရားဝင်ရုံးသုံးအဖြစ် သတ်မှတ်ထားတာကြောင့် အင်္ဂလိပ်စာနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိပြီးသား အာဆီယံဈေးကွက်ဟာ တရုတ်လို နိုင်ငံတွေထက် စာရင် ဂိမ်းဈေးကွက်ထိုးဖောက်ဖို့ ပိုလွယ်ပါတယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။


အရှေ့တောင်အာရှဂိမ်းလောကကို လွှမ်းမိုးလာတဲ့ နိုင်ငံတွေမှာလည်း Gaming ကုမ္ပဏီတွေ ပိုပြီး တိုးပွားလာတာ မြင်နေရပါတယ်။ ဧရာမ Gaming ကုမ္ပဏီဖြစ်တဲ့ Ubisoft ဟာ မကြာသေးခင်ကပဲ ဖိလစ်ပိုင်မှာ Production Studio တစ်ခု ဖွင့်လာသလို ဖိလစ်ပိုင်နိုင်ငံသားပိုင် Gaming Studios တွေလည်း ဖွင့်လှစ်လာနေပါတယ်။ 


မလေးရှားအခြေစိုက် ဗွီဒီယိုဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Streamline Studios ဆိုရင်လည်း Square Enix နဲ့ Capcorn တို့လို တခြားဂိမ်းကုမ္ပဏီကြီးတွေနဲ့ ဂိမ်းဖွံ့ဖြိုးရေးမှာ ပူးပေါင်းမှုတွေ ရှိနေပါတယ်။ ဂိမ်းလောကမှာ ချီးကျူးမှု ရထားတဲ့ Final Fantasy XV ၊ BioShock Infinite နဲ့ Street Fighter V တို့လို ဂိမ်းတွေလည်း ဒီလို ပေါင်းပြီး ထုတ်လုပ်ထားတာပါ။ 


တယ်လီဗေးရှင်းလိုမျိုး သမရိုးကျမီဒီယာပေါ် အာရုံမလာတော့တဲ့ Millennials နဲ့ GenZ လူငယ်ထုဟာ Gaming ပေါ် ပိုပြီး ပျော်ဝင်လာကြပါတယ်။ Niko Partners ရဲ့ အချက်အလက်တွေအရ အရှေ့တောင်အာရှတစ်ခုတည်းမှာကို PC ၊ အွန်လိုင်းနဲ့ မိုဘိုင်းလ်ဂိမ်းကစားသူဦးရေဟာ ၂၀၂၃ မှာ ၄၇၆ သန်း ရှိပြီး ဈေးကွက်ဝင်ငွေအနေနဲ့ ဒေါ်လာ ၈.၃ ဘီလျံ ဖန်တီးပေးနိုင်မယ်လို့ တွက်ချက်ထားပါတယ်။ ဒါဟာ အွန်လိုင်းဂိမ်းဝင်ငွေအရ ကမ္ဘာ့တိုးတက်မှုအမြန်ဆုံး ရပ်ဝန်းလို့လည်း သတ်မှတ်ရမှာပါ။ 

Photo: China Daily


Gaming နဲ့ eSports အသိုင်းအဝိုင်းကလည်း ဒီအခွင့်အလမ်းအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။ စင်ကာပူတယ်လီကွန်းလုပ်ငန်း Singtel ဆိုရင် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီတစ်ခုအဖြစ်ကနေ Gen Z စားသုံးသူတွေအတွက် ဒီဂျစ်တယ် ဖျော်ဖြေရေးနဲ့ Gaming ဘက်ကို သွားနေပါတယ်။ Singel နဲ့အတူ သူ့ရဲ့ ဒေသတွင်း မိတ်ဖက်တွေ ဖြစ်တဲ့ အိန္ဒိယမှ Airtel ၊ ထိုင်းမှ AIS ၊ ဖိလစ်ပိုင်မှ Globe နဲ့ အင်ဒိုနီးရှားမှ Telkomsel တို့ဟာ ပုံမှန်ဂိမ်မာတွေအဖြစ် ဖောက်သည်သန်း ၇၀၀ ရဲ့ သုံးပုံတစ်ပုံကို ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ပါတယ်။


အရှေ့တောင်အာရှဒေသတွင်း Gaming ပိုင်း လူကြိုက်များလာတာနဲ့အမျှ ဒီဈေးကွက်ထဲ တိုးဝင်လာတဲ့ လုပ်ငန်းတွေလည်း တရုံးရုံးပါပဲ။ နာမည်ကြီး တရုတ် eCommerce လုပ်ငန်းစုဖြစ်တဲ့ Alibaba ရဲ့ Gaming ပိုင်းလက်ခွဲလုပ်ငန်းတစ်ခုဖြစ်တဲ့ Ali Games ဟာ ၂၀၁၇ ခုနှစ်ကစပြီး ဒေသတွင်းမှာ ဂိမ်းတွေ စဖြန့်လာပါတယ်။ တရုတ်အင်တာနက်နည်းပညာကုမ္ပဏီ Tencent ဆိုရင် စင်ကာပူနည်းပညာလုပ်ငန်း Sea မှာ အဓိက ရှယ်ယာရှင်ဖြစ်ပါတယ်။ 



ဒေသတွင်းဂိမ်းနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဆက်လက်အားကောင်းနေသလို ဂိမ်းကစားတဲ့ လူငယ်အသိုင်းအဝိုင်းလည်း အတက်ဘက်ပြနေတာကြောင့် အရှေ့တောင်အာရှအနေနဲ့ ကမ္ဘာ့ထိပ်တန်း eSports နဲ့ Gaming Hub တစ်ခု ဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။တစ်ဖက်မှလည်း အာဆီယံအစိုးရတွေအနေနဲ့ အသစ်ဖြစ်လာမယ့် ဂိမ်းဈေးကွက် ၊ ဂိမ်းကစားသူတွေနဲ့ဒေသတွင်း ဗွီဒီယိုဂိမ်း ဒီဇိုင်နာတွေ ၊ လုပ်ငန်းတွေအတွက် မှန်ကန်တဲ့ အရင်းအမြစ်နဲ့ အခွင့်အလမ်းတွေ ဖန်တီးဖော်ဆောင်ပေးဖို့တော့ လိုမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က