မိခင်နို့ရည်က (၆)လအောက် ကလေးငယ်တွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရတစ်ခုဖြစ်တယ်ဆိုတာ မေမေတို့အားလုံးသိပြီးကြမှာပါ။
မိခင်နို့ရည်ဟာ သူတို့လေးတွေအတွက် ကိုယ်ခံစွမ်းအားလည်းကောင်းသလို လူ့လောကကြီးထဲမှာ ကျန်းကျန်းမာမာနဲ့ အသက်ဆက်ရှင်ဖို့ အတွက် တစ်ခုတည်းသော အားကိုးရာတစ်ခုလည်းဖြစ်ပါတယ်။ မိခင်နို့ရည်ဟာ မွေးစနုနုနယ်နယ်ဘေဘီလေးတွေ လိုအပ်တဲ့ ရေဓာတ်၊အစာအာဟာရဓာတ်ကို ထောက်ပံ့ပေးတာအပြင် ရောဂါဘေးကိုလည်း ကာကွယ်စေတဲ့ မရှိမဖြစ်အားဆေးတစ်ခုလို့ ပြောရမှာပါ။ဒါကြောင့် မေမေတို့အနေနဲ့ မိခင်နို့တိုက်မယ်ဆိုရင် မိမိကိုယ်ကို ဘာတွေပြင်ဆင်သင့်သလဲ။ မိခင်နို့မထွက်ရင်ရော ဘယ်လိုပြုမှုဆောင်ရွက်သင့်သလဲ။ စတဲ့အကြောင်းအရာတွေကို ဝေမျှပေးသွားမှာပါ။
Photo: Scary Mommy
မိခင်နို့တိုက်မယ်ဆိုရင် ဘာတွေပြင်ထားရမလဲ
ကလေးကို မိခင်နို့တိုက်ဖို့ဆိုရင် မိခင်ကကိုယ်ဝန်ဆောင်စဉ်ကတည်းက နို့သားကိုပြင်ဆင်ရပါတယ်။ နို့သားပြင်ဆင်တယ်ဆိုတာ မိခင်သည် နို့အုံရှိရမယ်။ နို့သီးခေါင်းရှိရမယ်။ အဲဒီလိုပြည့်ပြည့်စုံစုံရှိမှ ကလေးက နို့စို့လို့ရမှာပါ။ တစ်ချို့မိခင်တွေက နို့သီးခေါင်းကအထဲကိုဝင်နေတတ်ပါတယ်။ နို့သီးခေါင်းအထဲဝင်နေတဲ့ မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက နို့သီးခေါင်းကို ဆွဲထုတ်ပေးရပါတယ်။ နို့သီးခေါင်းမပါတဲ့နို့ကို စို့ရရင် ကလေးအတွက်ခက်ခဲနိုင်ပါတယ်။
ကလေးအတွက် နို့ထွက်ဖို့ဆိုရင် မိခင်က ကိုယ့်ရဲ့ ခန္ဓာကိုယ်အနေအထားကိုပြုပြင်ရပါမယ်။ နို့ထွက်လာဖို့ အားစိုက်ထုတ်ရပါမယ်။ အစားအသောက်ကို ဂရုစိုက်ရတယ်။ တစ်ချို့မိခင်တွေက သူတို့ရဲ့ အကျင့်အရ ရေသိပ်သောက်လေ့မရှိပါဘူး။ ဒါပေမယ့်နို့ထွက်အောင် ရေများများသောက်ပါ။ အကူအဖြစ် မိခင်သောက်တဲ့ နို့မှုန့်တွေသောက်သုံးနိုင်ပါတယ်။
“ အပျိုဗိုက်မို့ နို့မထွက်ဘူး..”
“ ကလေးအခုမှစမွေးလို့ … သားဦးလေးဖြစ်လို့.. မိခင်က အပျိုဗိုက်မို့ လားမသိဘူး.. နို့ကမထွက်ဘူး။ ကလေးကလည်း တဂျီဂျီငိုနေတယ်” ဆိုပြီး ဆရာဝန်တွေကိုလာပြောကြတယ်။ တကယ်တော့ကမ္ဘာပေါ်မှာ နို့မထွက်တဲ့မိခင်ဆိုတာမရှိပါဘူး။ ကလေးကို နို့တိုက်ပုံတိုက်နည်း စနစ်မကျလို့ မမှန်ကန်လို့သာ ဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပြပါတယ်။ အမေတစ်ယောက်ဟာ ကလေးတစ်ယောက်သာမကပါဘူး။ အမြွှာကလေး (၂) ယောက်ကိုပါ နို့ဝအောင်တိုက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ကိုယ့်ရဲ့ ရင်သွေးလေးတွေကို နို့ဝအောင်မတိုက်နိုင်တဲ့အမေဆိုတာမရှိသလောက် ရှားပါတယ်။ အမေအများစုက ကိုယ့်ရဲ့ကလေး နို့မဝဘူးလို့သာ ထင်ကြပါတယ်။
မေမေတွေအနေနဲ့ “ ငါ့ကလေးကို ငါနို့ဝအောင်တိုက်နိုင်တယ်” လို့ယုံကြည့်စိတ်မွေးမြူမယ်ဆိုရင် နို့ရည်များများထွက်နိုင်တယ်လို့ ကျန်းမာရေးအဆိုတွေက ပြောကြပါတယ်။ ဒါကြောင့် မွေးစကနေ (၆)လအတွင်း မိခင်နို့ကိုပဲ ဖိဖိစီးစီး တိုက်သင့်ပါတယ်။ ဘယ်လိုတိုက်ရမလဲဆိုတော့ ခဏခဏတိုက်ပါ။ နေ့ရောညပါတိုက်ပါ။ ကလေးငိုတိုင်းတိုက်ပါ။ တစ်နေ့ကို (၁၈) နာရီခန့်နို့တိုက်သင့်ပါတယ်။
ဒါပေမယ့် မေမေတို့က ကိုယ့်ရဲ့ကလေးကို နို့တိုက်တော့မယ်ဆိုရင် ဒီတိုင်းပြီးစလွယ်တိုက်လို့မရပါဘူး။ နို့တိုက်မယ့် ကိုယ်နေကိုယ်ဟန်ထားကို ပြင်ဆင်ရပါမယ်။ ကလေးကို နို့တိုက်တော့မယ်ဆိုရင် ကလေးရဲ့ အနေအထား၊ မိခင်ရဲ့ နို့သီးခေါင်းထိတာနဲ့ ကလေးနို့စို့အောင် အဆင်ပြေတဲ့အနေအထားကိုပြင်ဆင်ရပါမယ်။ ကလေးကို မိခင်နို့ အောင်မြင်အောင်တိုက်ဖို့ဆိုရင် မိခင်ရောကလေးပါ နှစ်ဖက်စလုံးကအားစိုက်ထုတ်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။
Photo: Healthline
နို့မှုန့်ဘာကြောင့်ကူရတာလဲ
ကလေးတွေဟာ မွေးပြီး ပထမ (၁၀) ရက်အတွင်းမှာ ပေါင်ချိန် (၁၀) ရာခိုင်နှုန်း အမြဲကျတတ်ပါတယ်။ အဲဒါကို မိဘတွေက စိုးရိမ်ပြီး ကလေးတွေက ပေါင်ချိန်ကျပြီး မိခင်နို့မဝလို့ နို့မှုန့်ကူရမလားဆိုပြိး အမြဲမေးကြပါတယ်။ ကလေးနို့ဝလား ၊ မဝလားသိချင်ရင် အဝင်နဲ့ အထွက်ကို ကြည့်ရပါတယ်။ အထွက်မှာဆိုရင် ရှုရှုးဘယ်နှစ်ခါ ပေါက်လဲ ဆိုတာ ကြည့်ရပါမယ်။ (၆) ကြိမ်အထက်ပေါက်ရင်တော့ ပူစရာမလိုပါဘူး။
ဘယ်လိုအချိန်မှာ နို့မှုန့်ကူရမလဲဆိုတော့ ခန္ဓာကိုယ်သေးလွန်းနေတဲ့ကလေးတွေ၊ ပေါင်ချိန်နည်းတဲ့ကလေးတွေ၊ ပေါင်ချိန်အရမ်းများတဲ့ကလေးတွေ၊ ရေဓာတ်နည်းတဲ့ကလေးတွေ အဲဒီလိုကလေးတွေက နို့မဝတဲ့အတွက်နိုမှုန့်ကူရပါတယ်။ နောက်ပြီးရောဂါအခံပါလာတဲ့ကလေးတွေဟာလည်း နို့ကို ကောင်းကောင်းမစို့နိုင်ပါဘူး။ အမေနို့ကို စို့တဲ့အခါ ကလေးပါ အားစိုက်ထုတ်ရတာကြောင့် ရောဂါအခံပါလာတဲ့ကလေးက အားမစိုက်ထုတ်နိုင်ပါဘူး။ ဥပမာ-အာခေါင်ကွဲတဲ့ကလေးတွေဆိုရင် အားမစိုက်နိုင်တဲ့အတွက် နို့မှုန့်ကူရပါတယ်။နောက်တစ်ခုကတော့ ရောဂါအခံရှိတဲ့မိခင်တွေအနေနဲ့ မိခင်နို့ မတိုက်သင့်ပါဘူး။ ဒီလိုမိခင်တွေဆိုရင်တော့ နို့မှုန့်ကူသင့်ပါတယ်။
Photo: Healthline
ကိုဗစ်မိခင်က ကလေးကိုနို့တိုက်သင့်လား
ရောဂါအခံလို့ဆိုရာမှာ ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ မိခင်တွေကတော့ ကိုယ့်ရဲ့ ရင်သွေးလေးကို မိခင်နို့တိုက်ကျွေးနိုင်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီးက ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်က မိခင်နို့ကတစ်ဆင့် ကလေးကို မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် အကာအကွယ်နဲ့တိုက်ဖို့ အရေးကြီးလိုအပ်တဲ့အတွက် စနစ်တကျသေချာပြင်ဆင်မှုလုပ်ပါ။
ကိုဗစ်-၁၉ မိခင်ကနေ ကလေးကို နို့တိုက်ရာမှာ Mask ၊ Face Shield စနစ်တကျတပ်ဆင်ပါ။ ကလေးကို ကိုင်တွယ်တဲ့အခါ လက်ဆေးပါ။ ကိုဗစ်ဖြစ်နေပေမယ့် ဆိုးဆိုးရွားရွားရောဂါမခံစားရဘူးဆိုရင် မိခင်က ကိုယ်တိုင်တိုက်နိုင်ပါတယ်။ တကယ်လို့ မိခင်က ကိုဗစ်ဖြစ်လို့ အသက်ရှုမဝတာ၊ အောက်ဆီဂျင်ကျနေတယ်ဆိုရင်တော့ ကိုယ်တိုင်မတိုက်နိုင်တာကြောင့် နို့ကိုညှစ်ပြီး ကလေးကို တိုက်လို့ရပါတယ်။
မိခင်တွေအာဟာရပြည့်ဝအောင်စားသောက်ပါ
တစ်ချို့မိခင်တွေက နို့ရည်ကောင်းကောင်းမထွက်ဘူး။ ကလေးက သိပ်မဖွံ့လားဘူး ။ အားဆေးသောက်ရင်ကောင်းမလားလို့ဆိုပြီး ဆရာဝန်တွေကို အမြဲတမ်းအကြံဉာဏ်တောင်းတတ်ကြပါတယ်။ နို့ရည်ကောင်းကောင်းထွက်ဖို့၊ ကလေးအာဟာရဖြစ်ဖို့ ဆိုရင် မိခင်က အစာအာဟာရကို အသားငါး၊ အသီးအရွက် စသဖြင့် မျှမျှတတစားသောက်ပါ။ မိခင်က အာဟာရပြည့်ဝတဲ့အစားအသောက်စားသောက်ပါမှ မိခင်ရဲ့ နို့ရည်ကို သောက်သုံးတဲ့ကလေးတွေအတွက် အာဟာရဖြစ်စေနိုင်ပါတယ်။ တစ်ချို့မိခင်တွေကျတော့ စားဝတ်နေရေးချို့တဲ့မှုတွေကြောင့် အစားကောင်းကောင်းမစားနိုင်တဲ့အခါ နို့ရည်ရဲ့ အရည်အသွေးက မကောင်းနိုင်တော့ပါဘူး။ ဒါကြောင့် ကလေးမှာ အာဟာရဓာတ်လျော့နည်းတာတွေ ဖြစ်နိုင်ပါတယ်။ တစ်ချို့ ရောဂါအခံရှိတဲ့မိခင်တွေအနေနဲ့ ရောဂါကြောင့်အာဟာရဓာတ်နည်းနေရင် အားဆေးအကူသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် သာမန် အာဟာရပြည့်ပြည့်၀၀ရအောင် စားသောက်နေတဲ့ မိခင်တစ်ယောက်အနေနဲ့အားဆေးကို အထူးတလည်သောက်သုံးစရာမလိုပါဘူး။
မိခင်နို့ရည်ရဲ့ အကျိုးကျေးဇူး
မိခင်နု့ိရည်ဆိုတာ မိခင်ရဲ့ သွေးကတစ်ဆင့်ဖြစ်လာတာပါ။ မိခင်နို့ရည်က ကလေးတွေအတွက် လိုအပ်တဲ့ ပရိုတင်း၊ အဆီ၊ ဗီတာမင် စတဲ့ဓာတ်ပေါင်းများစွာနဲ့ ကာဘိုဟိုက်ဒရိုက်တို့က အလွန်ကောင်းမွန်တဲ့အချိုးအဆညီညီပါဝင်နေပါတယ်။ ရောဂါပိုးတွေ၊ဘတ်တီးရီးယားတွေကို ခုခံကာကွယ်နိုင်စွမ်းရှိတဲ့ မိခင်နို့ရည်ဟာ ကလေးတွေအတွက်လည်း အကျိုးကျေးဇူးရှိသလို ကိုယ်တိုင်တိုက်ကျွေးရတဲ့ မိခင်တွေမှာလည်း ရလဒ်ကောင်းတွေ ရှိနေပြန်ပါတယ်။ မေမေတွေအနေနဲ့ ကိုယ့်ရဲ့ အသွေးအသားထဲကဖြစ်လာတဲ့ နို့ချိုကို တိုက်ကျွေးတာကရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မေမေနဲ့ ဘေဘီလေးတွေကြားမှာ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးကိုပိုမိုရရှိစေနိုင်ပြီးတော့ ကိုယ့်ရဲ့ ရင်သွေးကို ကိုယ်တိုင်နို့ချိုတိုက်ကျွေးရတဲ့ မိခင်တွေရဲ့ ပီတိက ဘယ်အရာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။
သတင်းဆောင်းပါးပါ အချက်အလက်များကို ကလေးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်မြင့်နီလာက အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။