အသက် (၂) နှစ်ကနေ (၃) နှစ်ကြားမှာ ဦးနှောက်ကြီးထွားမှု မြန်နေသေးတဲ့အတွက် ဒီလိုအရွယ်မှာ ကလေးကို ဆက်လက်ဂရုစိုက်ပေးပါ။

ကလေးငယ်လေးတွေဟာ မွေးပြီး (၆)လပြည့်ကျော်လာပြီဆိုရင် မွေးကာစကထက် အများကြီးပြောင်းလဲလာကြသလို သူတို့ ပြောင်းလဲလာတဲ့အပေါ် ဖေဖေမေမေတွေက ဂရုတစိုက်ပြုစုပျိုးထောင်စောင့်ရှောက်ပေးဖို့ ပိုမိုလိုအပ်လာပါပြီ။

မွေးစကနေ (၆)လအတွင်း မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ရာကနေ (၆)လကျော်တာနဲ့ သူတို့ရဲ့ အသက်အရွယ်အလိုက် အာဟာရရှိတဲ့ ဖြည့်စွက်စာတွေ ကျွေးဖို့လိုအပ်လာပါပြီ။ ဒါတင်မကသေးပါဘူး။ လေးဘက်ထောက်မှောက်ခုံသွားရာကနေ (၁) နှစ်ပြည့်လာချိန်မှာ လမ်းလျှောက်တတ်ချင်လာမယ်။ မိဘတွေပြောတာကို နားလည်တတ်လာမယ်။ ဆော့ကစားတတ်လာမယ် ။ (၂) နှစ်လောက်မှာ စကားစပြောချင်လာမယ် စသဖြင့် အသက်အရွယ်အလိုက် ကလေးရဲ့ ပြောင်းလဲမှုလေးတွေကို မြင်တွေ့ရမှာပါ။ ဒီလိုကလေးတွေရဲ့ ဖွံဖြိုးပြောင်းလဲမှုတွေအလိုက် ဖေဖေမေမေတို့က ဂရုတစိုက်ပြုစုပေးရမယ့် အကြောင်းအရာလေးတွေကို ဒီတစ်ပတ် Parenting ကဏ္ဍမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo: CDC

ကလေးရဲ့ ကြီးထွားနှုန်းကို သတိပြုပါ

ကလေးတစ်ယောက်နဲ့တစ်ယောက်က ကြီးထွားနှုန်းမတူပါဘူး။ ကိုယ့်ကလေးကပုံမှန်ကြီးထွားတာလား။ ပုံမှန်ထက်နည်းနေတာလားဆိုတာသိရအောင် ကလေးရဲ့ Growth Chart (ကြီးထွားနှုန်းပြဇယား) သတ်မှတ်ထားပေးပါ။ အဲဒီဇယားမှာ အရောင်သုံးရောင်ရှိပါတယ်။ နီ၊ ဝါ၊ စိမ်း ဆိုပြီး ရှိပါတယ်။ ကလေးရဲ့ ကြီးထွားမှုနှုန်းက အနီထဲမှာဆိုရင် ဖွံဖြိုးမှုကနည်းနေပါတယ်။ အဝါထဲမှာဆိုရင် သတိထားရမယ့် အဆင့်ပါ။ အစိမ်းထဲမှာဆိုရင် သင့်တင်တဲ့အနေအထားပါ။ အဖြူကို ရောက်နေတယ်ဆိုရင် ကောင်းမွန်တဲ့ အခြေအနေပါ။ မြန်မာပြည်မှာတော့ အဲဒီလို medical record keeping အားနည်းတာတွေ့ရပါတယ်။

ဒါကြောင့် ကလေးရဲ့ ပေါင်ချိန်ကို တွက်ပြီး ကလေးရဲ့ ကြီးထွားမှုနှုန်းကို ချိန်လို့ရပါတယ်။ ကလေးရဲ့ ကိုယ်အလေးချိန်က မွေးကာစကနေ ၆ လအရွယ်မှာ မွေးစပေါင်ချိန်ရဲ့ ၂ ဆ ရှိနေရပါမယ်။ ဥပမာ မွေးစမှာ ကလေးက ပေါင်ချိန် (၆) ပေါင်ရှိနေရင် (၆)လမှာ ကလေးက ပေါင်ချိန် (၁၂) ပေါင်ရှိနေရပါမယ်။ အဲဒါဆိုရင် ကလေးက ပုံမှန်ကြီးထွားနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

Photo: Healthline

ကလေးကို မိခင်နို့ဆက်တိုက်ပါ

ကလေးက (၆)လကျော်လာပြီဆိုရင် ဖြည့်စွက်စာ စကျွေးနိုင်ပါပြီ။ ဒါပေမယ့် ဖြည့်စွက်စာနဲ့ အတူ မိခင်နို့ကိုဆက်တိုက်ဖို့ လိုပါတယ်။ (၆)လကျော်အရွယ်မှာ ကလေးက စကားမပြောတတ်သေးတော့ တစ်ခုခုဆို ငိုနေတတ်ပါတယ်။ “ကလေးက ငိုပဲ ငိုနေတယ်။ နို့မဝသေးဘူး” လို့မိခင်အများစုကထင်ကြပါတယ်။ အဲဒါကတကယ်တမ်းကျတော့ ကလေးငိုတာ အကြောင်းမျိုးစုံဖြစ်နေတတ်ပါတယ်။ တစ်ခုခုကို အလိုမကျလို့၊ သေးဝတ်စိုနေလို့၊ ငိုချင်လို့ စသဖြင့် ရှိပါတယ်။ ကလေးငိုတိုင်း နို့မဝတာမဟုတ်ပါဘူး။ 

ကလေးနို့ဝတဲ့လက္ခဏာတွေကိုကြည့်မယ်ဆိုရင်တော့ 

(၁) ပေါင်ချိန်တက်လာမယ်။ ဥပမာ ၆ လပြည့်ရင် မွေးစက ပေါင်ချိန်ထက် (၂)ဆနီးပါးရှိရပါမယ်။

(၂) တစ်နေ့ကို ရှုးရှုး ၆ ကြိမ်ထက်မနည်း ပေါက်ပါမယ်။

(၃) နို့စိုရင် စို့တဲ့အသံ၊ မြိုချတဲအသံ စည်းချက်ညီညီ အချက်ကျကျလှုပ်ရှားနေမယ်။ 

ဒီလိုလက္ခဏာတွေရှိမယ်ဆိုရင်တော့ ကလေးက နို့ကို ၀၀လင်လင်သောက်သုံးရတယ်လို့ ဆိုရမှာပါ။ 

မိခင်အများစုက ကလေး (၆)လကျော်ပြီးရင် ကလေးကို ဖြည့်စွက်စာကျွေးတာနဲ့အတူ မိခင်နို့အစား နို့မှုန့်ပြောင်းတိုက်ဖို့ ကြိုးစားချင်ကြပါတယ်။ ဒါပေမယ့် နို့မှုန့်ပြောင်းတိုက်တာမလုပ်သင့်ပါဘူး။ ဘာလို့ နို့မှုန့်ပြောင်းမတိုက်သင့်သလဲဆိုရင် မိခင်နို့သီးခေါင်းကို အသားကျနေတဲ့ ကလေးတစ်ယောက်အတွက် နို့ဘူးနဲ့ သောက်တဲ့အခါ မိခင်ရဲ့ နို့သီးခေါင်းနဲ့ နို့ဘူးနို့သီးခေါင်းကြားမှာ ကလေးက ဇဝေဇဝါဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် (၆) လကျော်လာရင်လည်း မိခင်နို့ကိုဆက်တိုက်ပါ။ အာဟာရရှိတဲ့ဖြည်စွက်စာတွေ ကျွေးပါ။

နို့မှုန့်သောက်ရတဲ့ကလေး (၆)လကျော်လည်း နို့မှုန့်မပြောင်းသင့်ပါ။ မွေးကတည်းက နို့မှုန်ကူသောက်ရတဲ့ကလေးတွေကို (၆)လကျော်လာပြီဆိုရင် ကလေးကို ပိုပြီးထွားစေချင်တဲ့ စိတ်စေတနာနဲ့ မေမေတွေက နို့မှုန့်ပြောင်းတိုက်ချင်လာကြတာတွေ့ရပါတယ်။ နို့မှုန့်သောက်ရတဲ့ကလေး အများစုက ဝမ်းချုပ်ပြီး အစာမချေနိုင်ကြပါဘူး။ မေမေတို့ တိုက်နေကျ နို့မှုန့်ဟာ ကလေးလည်း ပုံမှန်ကြီးထွားနေတယ်။ ပုံမှန်အစာချေလွယ်တယ်ဆိုရင် နို့မှုန့်ကို အထူးတလည်ပြောင်းတိုက်စရာမလိုပါဘူး။ 

Photo: Healthline

ကာကွယ်ဆေးပုံမှန်ထိုးနှံပါ

(၆) လပြည့်တဲ့အခါကျရင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ငါးမျိုးစပ်ကာကွယ်ဆေး စသဖြင့် ပုံမှန်သင့်လျော်တဲ့ကာကွယ်ဆေးထိုးပေးပါ။ ကာကွယ်ဆေးကို ကလေးရဲ့ အသက်အရွယ်အလိုက် သတ်မှတ်ထားတဲ့အတိုင်း ပုံမှန်ထိုးပေးပါ။ အခြားဆေးတွေ အထူးတလည်ကူတိုက်စရာမလိုပါဘူး။ မေမေတွေက ကလေးကို အားဆေးတိုက်ချင်တယ်ဆိုရင်လည်း ဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်နိုင်ပါတယ်။ ဒါပေမယ့် မဖြစ်မနေတိုက်ဖို့တော့ မလိုအပ်ပါဘူး။

Photo: Healthline

ဦးနှောက်ဖွံဖြိုးလာတဲ့ (၁) နှစ်မှာ ဒါတွေလုပ်ပေးပါ

ဘေဘီလေးတွေက (၁) နှစ်လောက်ရောက်ပြီဆိုရင် သူတို့ရဲ့ ဦးနှောက်ဖွံဖြိုးလာပြီး အသိဉာဏ်ရှိလာပါတယ်။ လူကြီးတွေရဲ့ စကားသံကို နားလည်စပြုလာတဲ့အရွယ်လေးတွေကို ရောက်လာပါတယ်။ အဲဒီလိုဆို ဖေဖေမေမေတို့က သူတို့ရဲ့ဖွံဖြိုးမှုအပေါ်လိုက်ပြီး ဝိုင်းဝန်းကူညီပေးဖို့လိုပါတယ်။

(၁) နှစ်အရွယ်လောက်မှာ ကလေးက သူတို့ရဲ့ ဖွံဖြိုးတိုးတက်မှုအတွက် တော်တော်လှုပ်ရှားနေပြီဖြစ်တဲ့အတွက် သူတို့ရဲ့ သွားလာလှုပ်ရှားမှုအတွက် အိမ်မှာ အဆင်ပြေအောင် ပြင်ဆင်ရပါမယ်။ 

ကလေးက လေးဘက်ထောက်သွားမယ်ဆိုရင် ကြမ်းပြင်မှာ အခင်းခင်းထားပေးတာ၊ မတ်တပ်စမ်းရပ်ဖို့ စားပွဲခုံလေးတွေ ပြင်ပေးထားတာ၊ စားပွဲခုံကို ကိုင်ပြီးမတ်တပ်ရပ်ခိုင်းတာ၊ ရပ်နိုင်ပြီဆိုပြီး အားပေးတာ စသဖြင့်လေ့ကျင့်ပေးပါ။လမ်းလျှောက်ဖို့ စမ်းပြီဆိုရင်လည်း သူတို့ကို အားပေးစကားနဲ့ မြူပေးတာ၊ သူတို့ လျှောက်မယ့်နေရာတစ်ဝိုက်ကို မထိခိုက်မိအောင် ရှင်းလင်းပေးထားတာ၊ အကူပစ္စည်းလေးတွေသုံးပြီး လမ်းလျှောက်တတ်အောင် စသဖြင့် ပြင်ဆင်ပေးထားဖို့လိုပါတယ်။

(၁) နှစ်ခွဲ (၂) နှစ်အရွယ် တောက်တောက်နဲ့ ပြေးတတ်လာပြီ။ စကားလေးတွေ ပြောတတ်လာပြီဆိုရင် သူတို့နဲ့ အတူတူ စကားလေးတွေ ပြောပေးတာ၊ တူတူဆော့ပေးတာမျိုးတွေ လုပ်ပေးပါ။ အရာရာကိုစူးစမ်းချင်လာကြတဲ့ သူတို့နားမှာ သူတို့အတွက် အန္တရာယ်ရှိစေမယ့် ပစ္စည်းမျိုးတွေကို ဝေးဝေးမှာထားပေးဖို့ လိုအပ်ပါတယ်။ မီးပလက်ပေါက်တွေကို သူတို့မကိုင်မိအောင် တိပ်နဲ့ပတ်ထားတာ၊ ဆေးပုလင်း၊အရက်ပြန်၊ ကတ်ကြေး၊ ဓား စသဖြင့် သူတို့အန္တရာယ်ရှိနိုင်မယ့် အရာဝတ္တုတွေကို ဝေးဝေးမှာထားပေးပါ။

အသက် (၂) နှစ်အရွယ်ဟာ ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အလေးချိန်၊ အရပ်အမြင့်တွေက အရေးကြီးတဲ့ အချိန်ဖြစ်တဲ့အတွက် သူတို့ရဲ့ ကြီးထွားဖွံဖြိုးမှုအတွက် အထူးဂရုစိုက်ဖို့လိုပါတယ်။ အသက် (၃) နှစ်အရွယ်ရောက်ရင်တော့ လူကြီးခေါင်းအရွယ်အစားလောက်ရောက်လာမှာ ဖြစ်ပါတယ်။ အသက် (၂) နှစ်ကနေ (၃) နှစ်ကြားမှာ ဦးနှောက်ကြီးထွားမှု မြန်နေသေးတဲ့အတွက် ဒီလိုအရွယ်မှာ ကလေးကို ဆက်လက်ဂရုစိုက်ပေးပါ။ ဒါမှသာ ဉာဏ်ကောင်းတဲ့ကလေးတစ်ဦး ဖြစ်လာမယ်လို့ ကလေးအထူးကုဆရာဝန်ကြီးတွေက အကြံပြုထားပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို ကလေးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာမြင့်နီလာက အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က