မြန်မာလူမျိုးတွေက အာရှတစ်ဝန်းမှာ အားနာဖော်ရွေမှု အမြင့်ဆုံးပါ။

အားနာတဲ့ခံစားချက်ကို လူအတော်များများ ကြုံဖူးကြမှာပါ။ ဘယ်လိုအချိန်မျိုးတွေမှာ အားနာတတ်ကြတာလဲ၊ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း ၊ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုကြောင့် တစ်ဖက်သားထိခိုက်နာကျင်မှာစိုးရိမ်တဲ့အတွက် အားနာစိတ်တွေဖြစ်ပေါ်တတ်ကြပါတယ်။

ကိုယ့်စိတ်တိုင်းကျလုပ်ချင်ပေမယ့် တစ်ဖက်သားစိတ်ကွက်သွားမှာစိုးတဲ့အခါမျိုးမှာလဲ အားနားစိတ်က ကပ်ပါလာစမြဲပါပဲ။အားနာတတ်တဲ့စိတ်လွန်ကဲလာတဲ့ခါ စိတ်ရောဂါတစ်ခုများဖြစ်နေမလားလို့ တွေးလာတတ်ကြပါတယ်။ တကယ်တော့ အားနာတတ်တဲ့စိတ်က စိတ်ရောဂါတစ်မျိုးတော့မဟုတ်ပါဘူး။ ယေဘုယျသဘောအရဆိုရင်တော့ အားနာတတ်တဲ့စိတ်ဟာ သူတစ်ပါးမိမိကြောင့် စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်တဲ့ စိတ်သာဖြစ်ပါတယ်။

Photo: iStock

အားနာတတ်တဲ့စိတ်ရှိခြင်း

စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေရဲ့ ပြောကြားချက်အရ အားနာတတ်တဲ့စိတ်ရှိခြင်းကကောင်းလားလို့မေးတဲ့အခါ မကောင်းဘူးလို့ပြန်ဖြေကြပါတယ်။ အားနာလို့မပြောလိုက်ပေမယ့် စိတ်ထဲမှာ မကျေနပ်မှုတွေများပြီး ပေါက်ကွဲတဲ့အခါ ကိုယ်ပဲဒုက္ခရောက်မှာပါ။ အားနာတတ်တဲ့စိတ်ကြောင့် ဖွင့်မပြောဘဲ မြိုသိပ်ထားရတာတွေက အားမနာတတတ်သူနဲ့တွေတဲ့အခါမှာ အကုန်ပေါက်ကွဲတတ်ကြပါတယ်။ လူတွေက အားနာတတ်တဲ့သူတွေကို ပိုပြီး အခွင့်အရေးယူတတ်ကြစမြဲပါ။ ယနေ့ခေတ်ကာလမှာ ကိုယ်ချင်းစာစိတ်နဲ့ အားနာမှုရှိတဲ့သူအပေါ် အခွင့်အရေးယူတာက များလာကြပါတယ်။ အဓိက သူငယ်ချင်းတွေကြားနဲ့ လုပ်ငန်းခွင်တွေမှာ အများဆုံးကြုံတွေ့ရတတ်ပါတယ်။

Photo: iStock

နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ အားနာစိတ်

မိဘနဲ့သားသမီး၊ အထက်လူကြီးနဲ့ အောက်လက်ငယ်သား၊ ရောင်းသူနဲ့ ဝယ်သူတွေအကြားမှာ အားနာမှုတွေက နေ့စဉ်နဲ့အမျှရင်ဆိုင်ကြုံတွေ့နေကြရတာပါ။ ဒီလိုအားနာမှုတွေက တော်ရုံပဲကောင်းပါတယ်။ လိုတာထက်ပိုပြီး အားနာလွန်းတဲ့အခါ တစ်ဖက်သားမှာ နစ်နာမှုရှိလာနိုင်ပါတယ်။ အားနာခြင်းရဲ့ နောက်ကွယ်မှာ မလိုလားအပ်တဲ့ စိတ်ရှုပ်ထွေးရခြင်းတွေကလည်း ကပ်ပါလာတတ်လို့ တော်ရုံပဲ အားနာပါ။ တချို့က အားနာစိတ်ကို လိုက်လျောမှုနဲ့ပြသပြီး တစ်ချို့ကတော့ ငြင်းဆိုခြင်းနဲ့ပြသကြတဲ့အတွက် လူတိုင်းအားနာစိတ်ရှိပုံခြင်းကတော့မတူညီကြပါဘူး။ ကိုယ့်ကို ကူညီပေးတဲ့သူရှိပေမယ့် အားနာလို့ ငြင်းဆန်ရတာမျိုး၊ အားနာလွန်းလို့ စိတ်ထဲမပါပဲ လိုက်လျောလိုက်ရတာမျိုး စသဖြင့် တွေ့ကြုံနေကြရတာပါ။ တချို့ကကြတော့ အားနာရတာများလွန်းတဲ့အခါ သည်းခံပြီးရှောင်တယ်၊ ဒီထက်ပိုအားနာရတဲ့အခါကျတော့ ဆက်ဆံရေးကိုကိုယ့်ဘက်ကစပြီး ဖြတ်လိုက်ရတာမျိုးတွေလဲရှိတတ်ကြပါတယ်။

Photo: Bridges to Recovery

မြန်မာလူမျိုးတွေရဲ့ အားနာစိတ်

မြန်မာလူမျိုးတွေက အာရှတစ်ဝန်းမှာ အားနာဖော်ရွေမှု အမြင့်ဆုံးပါ။ မျက်နှာပျက်မယ့် ကိစ္စတွေလုပ်မိမှာကြောက်ကြသလို လုပ်မိသွားရင်လည်း တသသ ပြောမဆုံးဖြစ်တတ်ကြပါတယ်။ ဒါပေမယ့် သူစိမ်းတွေပေါ်မှာ အားနာစိတ်ရှိကြပေမယ့် အရင်းနှီးဆုံးလူရင်းတွေကြတော့ အားနာရကောင်းမှန်းမသိကြပါဘူး။ အရင်းနှီးဆုံး မိဘဆွေမျိုး အပေါင်းအသင်းတွေကြားမှာ အားနာတတ်တဲ့စိတ်ဆိုတာ မနည်းရှာယူရတတ်ပါတယ်။ တချို့တွေက အားမနာတမ်းခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောတတ်ကြတာကြောင့် ဒီလို အားမနာတမ်းပြောသူတွေကျတော့လည်း လူမုန်းများကြပါတယ်။ လူတွေမှာ မချိုးဖောက်သင့်တဲ့ စည်းတစ်ခု အမြဲရှိတဲ့အတွက် ဒီစည်းကိုကျော်လွန်သွားတဲ့အခါ အခင်အမင်ပျက်ကုန်ကြတာကလည်း ကြုံကြဖူးစမြဲပါ။

အားနာစိတ်များလွန်းတာ မကောင်းသလို အားနာစိတ် ခေါင်းပါးသွားရင်လည်းဘေးဖြစ်တတ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦးက အပြန်အလှန်လေးစားမှုရှိကြတယ်ဆိုရင်တော့ အားနာစိတ်က အလိုလိုပျောက်ကွယ်သွားမှာပါ။ တစ်ပါးသူရဲ့ အားနာစိတ်ကို သိနေလျက်နဲ့ တစ်ဖက်သတ်ဖိအားပေးလုပ်ဆောင်ခိုင်းတာတွေက လူ့ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာတော့ မလုပ်သင့်တဲ့ အလုပ်တစ်ခုပါပဲ။ တစ်ဖက်လူရဲ့ အားနာစိတ်ကိုငဲ့ပြီး အဆင်ပြေလိုက်လျောညီထွေစွာ နေထိုင်သင့်သလို လူတိုင်းအပေါ်မှာလည်း အထိုက်အလျောက် အားနာစိတ်ရှိရုံမျှနဲ့ လူတစ်ဦးနဲ့တစ်ဦးပေါင်းသင်းဆက်ဆံရေးက အဆင်ပြေနေမှာပါလို့ စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးသူတစ်ဦးဖြစ်တဲ့ ဆရာမဒေါ်နန်းကြည်ပြာမော်က အကြံပြုပြောကြားပါတယ်။ 


သတင်းဆောင်းပါးပါအချက်အလက်များကို စိတ်ကျန်းမာရေးအကြံပေးပုဂ္ဂိုလ် ဒေါ်နန်းကြည်ပြာမော်က အကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က