စမတ်ဖုန်းသုံးစွဲမှုမှာ စည်းကမ်းမထားခဲ့ရင် ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။

လူထူထူရှိတဲ့ နေရာမှာ ဖုန်းသံအကျယ်ကြီး ဖွင့်ပြီး ဂိမ်းဆော့တဲ့သူတွေ မြင်ရင် စိတ်ထဲနည်းနည်းတော့ တင်းသွားကြမှာပါ။ အလိုက်ကမ်းဆိုး မသိလိုက်တာလို့လည်း တွေးမိတတ်ပါတယ်။ တချို့စည်းကမ်းတွေက လူမှုကျင့်ဝတ်တွေ ဖြစ်လို့ မပြောဘဲလည်း သိသင့်ပါတယ်။ မပြောဘဲ သိထားသင့်တဲ့ အရေးတကြီးလူမှုရေးစည်းတွေကလည်း အများသား။

           ဒီထဲမှာ ကျွန်တော်တို့ နေ့စဉ်ကိုင်ဆောင်နေတဲ့ စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်တွေလည်း ပါပါတယ်။ စမတ်ဖုန်းဆိုတာ အလုပ်မှာ ၊ အိမ်မှာ အပြင်မှာ ရောက်လေရာ ယူသွားတဲ့ အီလက်ထရွန်းပစ္စည်းဖြစ်ပြီး စမတ်ဖုန်းကျင့်ဝတ်ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။



 (၁) အလုပ်ခွင်မှာ စမတ်ဖုန်းသုံးမယ်ဆိုရင်

Photo: Unsplash

            လုပ်ငန်းခွင်မှာ ဖုန်းသုံးတော့မယ်ဆိုရင် အလုပ်ခဏနားဖို့ Break ပေးတဲ့ အချိန်ကျမှ ဖုန်းကို စစ်ကြည့်သင့်ပါတယ်။ အလုပ်ချိန်မှာ ဂိမ်းဆော့တာ ၊ Social Media သုံးတာကတော့ အတော်လေး စည်းကမ်းဖောက်ရာကျပါတယ်။ ရုံးဆိုတာ အလုပ်ချိန်နာရီတိုင်းအတွက် ပိုက်ဆံပေးနေတဲ့ နေရာဖြစ်လို့ ကိုယ့်အလုပ်ကို လေးစားသမှုပြုတဲ့အနေနဲ့ အလုပ်ကိစ္စမှမဟုတ်ရင် Personal ကိစ္စအတွက် ဖုန်းမသုံးဖြစ်အောင် ရှောင်သင့်ပါတယ်။

 (၂) သူငယ်ချင်းတွေနဲ့ တွေ့ချိန်မှာ ဖုန်းသုံးမယ်ဆိုရင်


Photo: Unsplash

 

           တကယ်တော့ သူငယ်ချင်းတွေနဲ့ ဆုံချိန်မှာ ဖုန်းလုံးလုံး မထုတ်တာ အကောင်းဆုံးပါပဲ။ သူငယ်ချင်းတွေနဲ့မှ မဟုတ်ပါဘူး။ တခြားသူတွေနဲ့အတူ စကားဝိုင်းမှာ ရောက်နေရင် ဖုန်းပွတ်နေတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ အများနဲ့အတူ ရှိနေချိန်မှာ ဖုန်းကိုပဲ အာရုံရောက်နေတာဟာ တခြားသူတွေကို မလေးစားရာရောက်သလို လူမှုရေးအားနည်းသူအဖြစ်ပါ ကိုယ့်ကို မြင်သွားနိုင်ပါတယ်။ တကယ်လို့ အရေးတကြီး ဖုန်းသုံးစရာပေါ်လာရင်လည်း ခွင့်တောင်းပြီးမှ သုံးတဲ့ ယဉ်ကျေးမှုကို ကျင့်သုံးသင့်ပါတယ်။

 

(၃) လူကြားထဲ ဖုန်းသုံးမယ်ဆိုရင်

Photo: Unsplash

           အပြင်ရောက်နေတုန်း ဖုန်းသုံးမယ်ဆိုရင် ကိုယ့် Volume ကို သတိထားပါ။ အများသူငါ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် အသံအကျယ်ကြီးနဲ့ ဖုန်းပြောတာ ၊ ဖုန်း Speaker ဖွင့်ပြီး ဂိမ်းဆော့တာ ၊ လူမှုကွန်ရက်သုံးတာ ၊ ဗွီဒီယိုကြည့်တာမျိုး ရှောင်ပါ။ Ringtone Volume ကအစ နားခံသာမယ့်အသံမျိုး ပြောင်းထားသင့်ပါတယ်။

           နောက်တစ်ခုက ကိုယ်ရောက်နေတဲ့ နေရာပေါ်လိုက်ပြီး ဖုန်းယဉ်ကျေးမှုကို မြှင့်တင်ထားပါ။ဥပမာ_ ရုပ်ရှင်ရုံထဲ သွားမယ်ဆိုရင် ဖုန်း Silent လုပ်တာ ၊ ဖုန်းမပြောဘဲ နေတာမျိုး ဖြစ်ပါတယ်။ ဘတ်စ်ကားတို့ ရထားတို့လို အများပြည်သူနဲ့ အတူ သွားလာနေချိန်မှာ ၊ အခမ်းအနားပွဲတွေ တက်နေချိန်မှာ ၊ အစည်းအဝေးခန်းထဲမှာ စတဲ့စတဲ့ နေရာလိုက်ယဉ်ကျေးမှုကိုလည်း နားလည်ထားဖို့ လိုပါတယ်။

 

(၄) အိမ်မှာ ဖုန်းသုံးမယ်ဆိုရင်



           ကိုယ့်အိမ်မှာကိုယ် ဖုန်းသုံးတာပဲ ဘာစည်းကမ်းများ ထားစရာလိုမှာမို့လဲ ဆိုပြီး မေးချင်နေမှာပါ။ ကိုယ်တစ်ယောက်တည်း နေတာဆိုရင်တော့ ကိစ္စမရှိပေမယ့် မိသားစုနဲ့အတူ နေတယ်ဆိုရင် ကိုယ့်မိသားစုကို လေးစားမှုရှိဖို့ လိုပါတယ်။ အိမ်မှာထားသင့်တဲ့ ဖုန်းစည်းကမ်းတွေထဲမှာ အချိန်နဲ့အခါနဲ့ ဖုန်းသုံးတာ ၊ အပျင်းပြေ မိုဘိုင်းလ်ဂိမ်းကစားမယ်ဆို အသံတိုးကစားတာ ၊ ဖုန်းချည်း မသုံးဘဲ မိသားစုအရေးအတွက် အချိန်ပေးတာမျိုးလည်း ကိုယ့်ဘာသာ စည်းကမ်းသတ်မှတ်ထားသင့်ပါတယ်။

           ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ စမတ်ဖုန်းတွေဟာ မပါမဖြစ်အသုံးအဆောင်တစ်ခုအဖြစ် ကိုယ်နဲ့မကွာ ရှိနေကြပါတယ်။ စမတ်ဖုန်းသုံးစွဲမှုမှာ စည်းကမ်းမထားခဲ့ရင် ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေး ထိခိုက်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းလာပါတယ်။ ဒါကြောင့် အခုကတည်းက စမတ်ဖုန်းစည်းကမ်းတွေနဲ့ နေထိုင်သွားဖို့ တိုက်တွန်းချင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က