စိတ်ဖိစီးမှုလို့ဆိုလိုက်ရင် လူကြီးတွေမှာပဲ ခံစားတတ်တယ်လို့ ထင်ကြပေမယ့် ကလေးငယ်တွေမှာလည်း ရှိတတ်ပါတယ်။
Photo: The Indian Express
သုတေသနတွေအရ စိတ်ဖိစီးမှုနဲ့ ပတ်သက်ရင် မွေးစကနေ သေဆုံးတဲ့အထိ လူတိုင်းမှာ သူ့အရွယ်နဲ့သူ စိတ်ဖိစီးမှုတွေ ရှိပါတယ်။ လူမှုရေးကိစ္စတွေ များပြားတဲ့ လူကြီးတွေမှာ စိတ်ဖိစီးကို ခံစားရနိုင်သလို ကလေးတွေမှာလည်း သူ့အရွယ်နဲ့သူ သူဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး စိတ်ဖိစီးမှု ခံစားရတတ်ပါတယ်။
Photo: The Indian Express
ကလေးတွေရဲ့ စိတ်ဖိစီးမှု ဘယ်ကလာသလဲ
ကလေးတွေရဲ့ စိတ်ဖိစီးမှုက မိဘတွေရဲ့ စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်။ အိမ်မှာ မိဘက အကြောင်းတစ်ခုခုကြောင့် စိတ်ရှုပ်၊ စိတ်ညစ်နေတာမျိုးခံစားနေရရင် ဒါကို အနီးကပ်မြင်နေရတဲ့ ကလေးမှာလည်း မပျော်နိုင်တော့ပါဘူး။ မိဘရဲ့ (Mood) မကောင်းနေရင် ကလေးရဲ့ (Mood) ကိုလည်း သွားပြီး အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
စာသင်ကျောင်း၊ သူငယ်ချင်း၊ ပတ်ဝန်းကျင်တို့ကြောင့်လည်း စိတ်ဖိစီးမှုကို ခံစားရတတ်ပါတယ်။ စာသင်ကျောင်းကို စတက်ရမယ့် ကလေးငယ်ငယ်လေးတွေအတွက်ဆိုရင် ပတ်ဝန်းကျင်အသစ်ကို သွားရမှာဖြစ်တာကြောင့် ကလေးတွေမှာ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရတတ်ပါတယ်။ နောက်ပြီး အတန်းထဲမှာ အဆင့် ထိပ်ဆုံးရောက်ချင်တဲ့ စိတ်ဖိစီးမှုတွေ ခံစားရတတ်ပါတယ်။ သူငယ်ချင်းအချင်းချင်း မတည့်တာ၊ စနောက်ခံရတာ၊ အနိုင်ကျင့်ခံရတာ စသဖြင့်ကြောင့်လည်း စိတ်ဖိစီးမှုတွေ ခံစားရတတ်ပါတယ်။
Photo: The Indian Express
ကလေးငယ်မှာ စိတ်ဖိစီးမှုရှိနေတာကို သိနိုင်တဲ့အခြေအနေ
ကြိုက်နှစ်သက်တဲ့အရာတွေကို မကြိုက်ကြောင်းပြလာတတ်ပါတယ်။ ဥပမာ ပုံမှန်သောက်နေကျ ကြိုက်တဲ့ နွားနို့ကို မကြိုက်ဘူး မသောက်ချင်ဘူးဆိုပြီး ဖယ်ပစ်လိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုများနေတာကြောင့် ကလေးငယ်တွေဟာ သူတို့ကြိုက်နှစ်သက်တဲ့အရာတွေကို မကြိုက်တဲ့အရာအဖြစ် ပြောင်းပစ်လိုက်ကြတာပါ။
စိတ်ဖိစီးမှုဒဏ်ကို ပိုမိုခံစားရလာပြီဆိုရင် အော်ငိုလိုက်တာ၊ ရန်လိုပြုမူတတ်လာတာ၊ ပစ္စည်းတွေ လွှင့်ပစ်လိုက်တာ စသဖြင့် ဒါတွေက သူတို့ စိတ်ခံစားချက်မကောင်းတာ၊ စိတ်ဖိစီးနေတာကို ပြသတာပါပဲ။
နောက်ထပ်စိုးရိမ်ရတာက ကလေးက ဘာစကားမှ မပြောတော့ဘဲ ထောင့်တထောင့်မှာ မှိုင်တွေငြိမ်သက်နေတာ၊ ကြိတ်ပြီး မျက်ရည်ကျနေတာ၊ အရောင်တွေကို အနက်ရောင်ခြယ်ပစ်တာ တွေက ကလေးရဲ့ စိတ်ဖိစီးမှု ပြင်းထန်နေတာကို ဖော်ပြနေတာပါ။ ပုံမှန်ဆိုရင် ကလေးတွေက သူတို့ရဲ့ စိတ်ဖိစီးမှုကို ပေါက်ကွဲတဲ့နည်းနဲ့ ဖော်ပြတတ်ကြတာပါ။ ဒါပေမယ့် ငြိမ်တဲ့နည်းနဲ့ ဖော်ပြနေတယ်ဆိုရင် ကလေးရဲ့ စိတ်ဖိစီးမှု အခြေအနေက စိုးရိမ်စရာကောင်းနေပြီး အရမ်းကို သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။ မိဘက ဘာများမှာထားသလဲ။ ပတ်ဝန်းကျင်မှာရော ဘာတွေဖြစ်ခဲ့သလဲ။ အဆုံးစွန်ထိ ကလေးက Rape လုပ်ထားခံထားရတဲ့ အခြေအနေလားဆိုတာကို သေချာမေးမြန်းရမယ့် အဆင့်ကို ရောက်ရှိနိုင်တာကြောင့် ဒီလို ငြိမ်သက်လာပြီဆိုရင် မိဘတွေ အထူးသတိပြုဖို့ လိုအပ်ပါတယ်။
Photo: Times of India
အသက်အရွယ်အလိုက်စိတ်ဖိစီးမှုကို ပြသတဲ့အမူအရာတွေ
မွေးစကနေ အသက် (၂) နှစ်အရွယ်မှာ ကလေးက စိတ်ဖိစီးမှုရှိလာပြီဆိုရင် ငိုတယ်၊ အော်တယ်ဆိုတဲ့ အပြုအမူကို ပြသပါတယ်။ (၂) နှစ်ကနေ (၄) နှစ်အရွယ်မှာတော့ ပစ္စည်းတွေကို လွှင့်ပစ်တာ၊ ကန်တာ၊ ခန္ဓာကိုယ်ကို ရုန်းပစ်တာတွေ လုပ်တတ်ကြပါတယ်။ (၄) နှစ်ကနေ (၆) နှစ်ဆိုရင် စကားပြောတတ်လာပြီး ပြောပြောပြီးအော်ငိုတာ၊ မိဘက ဒါဆိုရင် ဟိုဟာဆိုပြီး ငြင်းဆန်တတ်လာတာ တွေ လုပ်ကြပါတယ်။ (၆) နှစ်ကနေ (၁၁) (၁၂) နှစ်အရွယ် ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုရင်တော့ ဒီထက်ပိုပြီး အရွဲ့တိုက်လာတာ၊ ပြန်မပြောနားမထောင်တဲ့ပုံစံတွေ လုပ်တတ်လာတာ ဒီလို အမူအရာတွေနဲ့ သူတို့ရဲ့ စိတ်ဖိစီးမှုကို ဖော်ပြတတ်ကြပါတယ်။
Photo: Healthline
စိတ်ဖိစီးမှုဒဏ်ကိုခံရတဲ့ကလေးငယ်တွေရဲ့ အန္တရာယ်
စိတ်ဖိစီးမှုဒဏ်ကိုခံရတဲ့ ကလေးငယ်တွေအနေနဲ့ စိတ်ဒဏ်ရာခံစားရမှု ပိုမိုပြင်းထန်လာပြီဆိုရင် မိဘက အထူးသတိထားစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကလေးတွေက ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်မှု လုပ်ဖို့အထိတော့ အသိဉာဏ်မပြည့်စုံသေးပါဘူး။ ဘယ်အရာက သူ့ကို သေစေနိုင်သလဲဆိုတာ ကလေးက မသိနိုင်သေးပါဘူး။ ဒါပေမယ့် သေကြောင်းကြံစည်တဲ့နည်းလမ်းကို မသိလို့ မလုပ်နိုင်ပါဘူးဆိုတာလည်း မဟုတ်ပြန်ပါဘူး။ စိတ်ဒဏ်ရာတွေ တဖြည်းဖြည်းများလာပြီး စုသွားရင် သေကြောင်းကြံစည်တဲ့နည်းလမ်းကို သိလာတဲ့အရွယ်ရောက်ရင် သေကြောင်းကြံသွားတတ်ပါတယ်။ (၅) နှစ် (၆) နှစ်အရွယ်ငယ်ငယ်မှာ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံရတာ၊ နှိပ်စက်ခံရတာမျိုးတွေ ကြုံခဲ့ရင် အချိန်ကြာလာရင် ကလေးကစကားမပြောတတ်တာ၊ ချိတုံချတုံဖြစ်တတ်တာ စသဖြင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံရသလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုလည်း ကြုံရပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဆိုတာ အပြင်ပန်းကကြည့်ရင် ထင်သာမြင်သာမရှိပါဘူး။ ကလေးကို ကြည့်ရင် ပုံမှန်အခြေအနေလို့ ထင်ရပေမယ့် စိတ်ဖိစီးမှုတွေက စိတ်ဒဏ်ရာအဖြစ် ပြောင်းလာခဲ့ပြိး အရွယ်တစ်ခုရောက်လာပါက သေကြောင်းကြံစည်မှုတွေ ဖြစ်ပေါ်နိုင်တာ သတိပြုဖို့ လိုပါတယ်။
Photo: Healthline
ကလေးရဲ့ စိတ်ဖိစီးမှုကို ဘယ်လိုဖြေဖျောက်ပေးမလဲ
လူကြီးတွေစိတ်ဖိစီးတာမျိုးကြုံရရင် များသောအားဖြင့် သီချင်းနားထောင်တာ၊ တရားထိုင်တာ၊ ကိုယ်နှစ်သက်တဲ့အရာတစ်ခုခုလုပ်လိုက်တာ စတဲ့နည်းလမ်းတွေနဲ့ ဖြေဖျောက်တတ်ကြပါတယ်။ ဒါပေမယ့်ကလေးတွေကျတော့ သူတို့စိတ်ဖိစီးမှုဒဏ်ကို ဒီလိုနည်းလမ်းတွေနဲ့ ဖြေဖျောက်ရမယ့် အရွယ်မဟုတ်တဲ့အတွက် သူတို့စိတ်ဖိစီးမှုကို ဖြေလျှော့ပေးနိုင်ဖို့ မိဘတွေက လုပ်ပေးဖို့ လိုပါတယ်။ ကလေးကို အစားများများကျွေးတာ၊ အိပ်ခိုင်းပြီး အားရှိအောင်ပေးနေတာ၊ ချစ်တယ်ဆိုတာကို ပြသပေးတာ၊ သူတို့စိတ်ကြိုက် ပေးဆော့တာ ၊ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်းပေးတာ စသဖြင့်နည်းလမ်းတွေနဲ့ ကလေးရဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ပေးလို့ရပါတယ်။ ပြောဆိုဆုံးမလို့ရနိုင်တဲ့အရွယ်ရောက်လာရင်တော့ ကလေးကို လက်ခံတတ်လာအောင် ပြောပြပေးဖို့လည်း လိုအပ်ပါတယ်။
ကလေးမှာ စိတ်ဖိစီးမှုမရှိဖို့ဆိုရင် မိဘကိုယ်တိုင်ကလည်း စိတ်ဖိစီးမှုတွေ လျော့ဖို့လိုအပ်ပါတယ်။ အခုလို ကိုဗစ်ကာလ၊ နိုင်ငံရေးပြဿနာတွေကြားမှာ လူတိုင်းစိတ်ဖိစီးမှုဒဏ်ကို ခံစားနေကြရတာအမှန်ပါပဲ။ ဒါပေမယ့် ကလေးမိဘတွေအနေနဲ့ ကိုယ့်ရဲ့ စိတ်ဖိစီးမှုအခြေအနေကို စနစ်တကျစီမံခန့်ခွဲနိုင်မှသာ ကလေးရဲ့ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်မယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။