လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၂ နှစ်မှာ စတင်မှတ်တမ်းတင်ခဲ့ပြီးနောက်ပိုင်း အပူဆုံးလဖြစ်လာခဲ့ပါတယ်

ယခုနှစ် ဇူလိုင်လဟာ ကမ္ဘာ့အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အမေရိကန်သိပ္ပံဌာနက ဩဂုတ် ၁၃ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ရာသီဥတုပြောင်းလဲမှု အကျပ်အတည်းဆိုင်ရာ နောက်ဆုံး အချက်အလက်အရ သိရှိရပါတယ်။

"ဇူလိုင်လက ယခုနှစ် ကမ္ဘာ့အပူဆုံးလဖြစ်ပါတယ်၊ ၂၀၂၁ ဇူလိုင်က အပူဆုံး ဇူလိုင်လနဲ့ အပူဆုံးလအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်" လို့ အမေရိကန် National Oceanic and Atmospheric Administration (NOAA) မှ တာဝန်ရှိသူ ရစ်ခ်စပင်ရက်ဒ်က ပြောပါတယ်။



NOAA ရဲ့ အဆိုအရ မြေပြင်နဲ့ ရေပြင် အပူချိန်ဟာ ၂၀ ရာစု ပျမ်းမျှအပူချိန် ၁၅.၇ ဒီဂရီဆဲလ်စီးယပ်အထက် ၀.၉၃ ဒီဂရီဆဲလ်စီးယပ် မြင့်တက်ခဲ့ရာ ဇူလိုင်လက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၂ နှစ်မှာ စတင်မှတ်တမ်းတင်ခဲ့ပြီးနောက်ပိုင်း အပူဆုံးလဖြစ်လာခဲ့ပါတယ်။ ယခုနှစ် ဇူလိုင်က ယခင် စံချိန်တင် အပူဆုံးဖြစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လထက် ၀.၀၂ ဒီဂရီဖာရင်ဟိုက် အပူချိန်ပိုမြင့်ခဲ့တာ ဖြစ်ပါတယ်။

(Photo: AFP)

သို့သော် ဥရောပသမဂ္ဂရဲ့ Copernicus Climate Change Service က ထုတ်ပြန်တဲ့ အချက်အလက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်က တတိယအပူဆုံး ဇူလိုင်လဖြစ်ခဲ့တယ်လို့ ဖော်ပြထားပြီး ကွဲလွဲမှုရှိနေပါတယ်။ အမေရိကန်အခြေစိုက် သုတေသနဌာန Breakthrough Institute မှ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Zeke Hausfather က သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေမှာ အနည်းငယ်ကွဲလွဲမှုရှိခြင်းက အထူးအဆန်းမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

မည်သို့ဆိုစေ ကမ္ဘာတစ်ဝန်း အပူချိန်များ မြင့်တက်လာမှုက မိုးသည်းထန်စွာရွာသွန်းခြင်းမှ တောမီးလောင်ကျွမ်းခြင်းအထိ ဖြစ်ရပ်တွေနဲ့ ဆက်နွယ်နေကြောင်း ၎င်းကဆိုပါတယ်။ ကမ္ဘာတစ်ဝန်း ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လုံးဝ မရှိတဲ့အထိ လျှော့ချရန် အပြင်းအထန် ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိပ္ပံပညာရှင် Zeke Hausfather က ပြောပါတယ်။

Source: AFP

Share

Loading Next Article...
က္က