မိဘနဲ့ သားသမီးကြား အပြန်အလှန်ဆက်ဆံရေးကောင်းမွန်ဖို့ဆိုတာ တကယ်ကိုမရှိမဖြစ်အရာတစ်ခုပါ။
Photo: Parenting for Brain
မိဘနဲ့ ကလေးတွေကြား ဆက်ဆံရေးကောင်းမွန်ပါမှ ကလေးတွေဟာ သူတို့ရဲ့ကျောင်း၊ သူတို့ကျင်လည်မယ့် ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးဆိုတာဖြစ်လာမှာပါ။ မိဘနဲ့သားသမီးကြား ဆက်ဆံရေးကောင်းမွန်ဖို့ဆိုတာ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုရှိဖို့ အဓိကလိုအပ်ပါတယ်။ ယုံကြည်မှု၊ လေးစားမှုလို့ ဆိုရာမှာ သားသမီးကပဲ မိဘကို ရှိရမှာမဟုတ်ဘူး။ မိဘကလည်း သားသမီးအပေါ် ယုံကြည်လေးစားမှုရှိဖို့ လိုအပ်ပါတယ်။
ယုံကြည်မှု (Trust) လို့ ပြောရင် မိဘတွေက မိမိရဲ့ကလေး မိမိကိုယ် ယုံကြည်အောင်နေထိုင်ရမှာဖြစ်သလို ကလေးကိုလည်း ယုံကြည်မှု အပြည့်ပေးဖို့လိုပါတယ်။ နောက်တစ်ခုကလေးစားမှု (Respect)ပါ။ ကလေးကို ကြောက်အောင်ခြောက်လိုက်ရင် ကလေးက ကြောက်ပြီး လေးစားတယ်လို့ ထင်ရပေမယ့် တကယ်တော့ အဲဒါက စစ်မှန်တဲ့လေးစားမှုမျိုးမဟုတ်ပါဘူး။ ကလေးရှေ့မှာ မိဘက Role Model တစ်ယောက်လို ဖြစ်အောင်နေထိုင်ဖို့ လိုပါတယ်။ ကလေးမှာလည်း ကလေးအခွင့်အရေးရှိတဲ့အတွက် မိဘကလည်းကလေးကို ပြန်ပြီး လေးစားမှုရှိရပါမယ်။
Photo: Parenting for Brain
သားသမီးက မိဘကို ယုံကြည်မှုတိုးစေဖို့
သားသမီးက မိဘကို ယုံကြည်မှုရှိဖို့ဆိုတာ မိဘအနေနဲ့ အဓိကက စကားတည်ဖို့ လိုပါတယ်။ မိဘက ကလေးကို လုပ်ပေးမယ်လို့ပြောထားတဲ့စကားကို တည်ရပါမယ်။ ကလေးမို့လို့ ပေါ့ပေါ့တန်တန် အမှုမဲ့အမှတ်မဲ့ထားလိုက်တာမျိုးမလုပ်သင့်ပါဘူး။ ဥပမာ- မိဘက ကလေးကို မွေးနေ့ကျရင် ဘာလုပ်ပေးမယ်၊ ဘာဝယ်ပေးမယ်လို့ ပြောပြီး ကလေးပဲ မဝယ်ပေးလဲဘာမှမဖြစ်ပါဘူးဆိုပြီး ထားလိုက်တာမျိုး လုပ်တတ်ကြပါတယ်။ ဒါဆိုရင် ကလေးက မိဘအပေါ်ယုံကြည်မှုကျဆင်းစေပါတယ်။ နောက်ပြီး လိမ်တာက လွယ်လွယ်လေးပဲလို့ ထင်သွားတတ်ပါတယ်။ ဒါကြောင့် မိဘအပေါ် ယုံကြည်မှုရှိဖို့ဆိုတာ မိဘက သားသမီးကိုပေးထားတဲ့ကတိတည်ပါ။
ကလေးကို စည်းကမ်းပေးမယ်ဆိုရင်လည်း မိဘက ကိုယ်တိုင် အဲဒီစည်းကမ်းအတိုင်းလိုက်နာဖို့ လိုပါတယ်။ ဥပမာ ဖိနပ်ကို ညီညီထားနော်လို့ ဆုံးမလိုက်ရင် မိဘကိုယ်တိုင်ပါ အဲဒီလို ညီညီထားတတ်ရပါမယ်။ မိဘက သားသမီးရှေ့မှာ Role Model တစ်ယောက်လို နေထိုင်သင့်ပါတယ်။ ကလေးကို ဆုံးမထားတဲ့ အရာကို မိဘကိုယ်တိုင်လည်း လိုက်နာတယ်ဆိုရင် ကလေးက မိဘအပေါ် ယုံကြည်မှု တိုးစေမှာပါ။
Photo: Verywell Family
ကလေးအပေါ်ထားရမယ့် ယုံကြည်မှု
မိဘတွေနေနဲ့ ကိုယ့်ရဲ့ကလေးကို ပြန်ပြီးယုံကြည်မှုထားဖို့ လိုပါတယ်။ မိဘက ကလေးအပေါ် ယုံကြည်မှုထားဖို့ဆိုတာ ကလေးရဲ့ လုပ်နိုင်စွမ်းကို သိရမှာဖြစ်ပြီး လွန်ကဲတဲ့ဂရုစိုက်မှု မပေးသင့်ပါဘူး။ ဥပမာ- ကလေးက ပန်းကန်ဆေးပေးမယ်ဆိုရင် မလုပ်ပါနဲ့ ကျကွဲလိမ့်မယ်။ တစ်ခုခုဝိုင်းကူပေးမယ်ဆိုရင် ကလေးက မလုပ်တတ်ပါဘူးဆိုပြီ မလုပ်ခိုင်းတာမျိုးတွေက ကလေးကို ယုံကြည်မှုမပေးတဲ့သဘောသက်ရောက်စေပါတယ်။ ကလေးက ဒီအသက်အရွယ်မှာ ဒီလောက်တော့ လုပ်နိုင်တယ်ဆိုပြီးယုံကြည်မှုပေးဖို့ လိုပါတယ်။
Photo: Verywell Family
အပြန်အလှန်လေးစားမှု
မိခင်နို့တိုက်ချိန်မှာ ကလေးရဲ့ ဦးနှောက်ကို ဆက်သွယ်ထားတဲ့အတွက် မွေးလာတည်းက ကလေးဆိုတာ မိဘကို အလိုအလျောက်လေးစားပြီးသားလို့ ဆိုနိုင်ပါတယ်။ လေးစားမှုပိုမိုခိုင်မြဲစေဖို့ မိဘက သားသမီးကိုချစ်ကြောင်းပြပေးပါ။ ကလေးက မိဘလို ပြုမူနေထိုင်တတ်စိတ်တွေ ဖြစ်လာအောင် စည်းကမ်းတွေကို ကိုယ်တိုင်လိုက်နာရမှာဖြစ်ပါတယ်။
ဒါ့အပြင် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ ကလေးကိုလည်း လေးစားမှုရှိဖို့လိုအပ်ပါတယ်။ လေးစားမှုလို့ ဆိုလိုက်ရင် ကလေးရဲ့ ဖြစ်တည်မှုကို လက်ခံပေးရမှာဖြစ်ပါတယ်။ ဥပမာ- ကလေးက (၄) (၅) နှစ်ပဲရှိသေးတဲ့အရွယ်မှာ ကလေးကို ဒါလေးတောင် မသိ၊ နားမလည်ဘူးလားလို့ပြောတတ်ကြပါတယ်။ ဒါကကလေးရဲ့ အသက်အရွယ်နဲ့ သူ့ရဲ့ ဖြစ်တည်နေမှုကို မိဘက သေချာနားမလည်လို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သားသမီးမို့ ကိုယ်ပြောချင်တာ ပြောလိုက်မယ်ဆိုတာမျိုးမဖြစ်သင့်ပါဘူး။ မိဘက ကလေးရဲ့ အသက်အရွယ်မှာ ဖြစ်တည်မှုကို နားလည်လက်ခံပြီး လေးစားမှုရှိဖို့ လိုအပ်ပါတယ်။
Photo: The Indian Express
ယုံကြည်မှု၊ လေးစားမှုရှိခြင်း၊ မရှိခြင်းရဲ့ သက်ရောက်မှု
မိဘနဲ့ သားသမီးအပြန်အလှန်လေးစားမှု ရှိခြင်းကြောင့် ကလေးမှာ သက်ရောက်မှုများစွာရှိနိုင်ပါတယ်။ မိဘနဲ့သားသမီးကြားကောင်းမွန်တဲ့ ဆက်ဆံရေးဟာ ကလေးရဲ့ စိတ်ကို ပျော်ရွှင်ရစေပါတယ်။ ကြီးပြင်းလာတဲ့အခါမှာလည်း အဆင်ပြေအောင် ဖြတ်သန်းနေထိုင်တတ်ပြီး ရလာတဲ့ဘဝကို ကျေနပ်တတ်တဲ့စိတ် ရရှိစေနိုင်ပါတယ်။
အပြန်အလှန်လေးစားမှုမရှိခြင်းကြောင့် ရလဒ်ကတော့ ပထမဆုံးအချက်အနေနဲ့ အရင်ဆုံးအိမ်တွင်းပဋိပက္ခတွေ ဖြစ်တတ်တယ်။ ဒီလိုဖြစ်စဉ်ကြောင့် ကျောင်းမှာ ဆက်ဆံရေးအဆင်မပြေတာတွေရှိလာတတ်ပါတယ်။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့မတည့်တာ၊ မပေါင်းချင်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒါတွေက ကလေးရဲ့ စိတ်အဆင်မပြေတာကြောင့်ပါ။ အိမ်မှာအဆင်မပြေတဲ့ပြဿနာကြောင့် ကျောင်းမှာပါ အဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။ နောက်တစ်ချက်ကတော့ ကလေးက ငြိမ်သက်နေတာ၊ ဘယ်သူနဲ့မှစကားမပြောတော့တာမျိုးဖြစ်တတ်ပါတယ်။ ယုံကြည်လေးစားမှုမရှိတဲ့ မိဘနဲ့ သားသမီးကြား အပြန်အလှန်ဆက်ဆံရေးကြောင့်ကလေးက မပျော်ရွှင်ရဘဲ စိတ်ပိုင်းဆိုင်ရာ၊ ကလေးရဲ့ ပညာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များကို Nway Oo Homeschooling အဖွဲ့မှအကြံပြုမျှဝေထားခြင်းဖြစ်ပါသည်။