မိဘဟာ သူကိုယ်တိုင် ဘယ်အရာမှာ ဝါသနာပါလဲဆိုတာကို မသိခဲ့တာ၊ အဲဒီဝါသနာပါတဲ့ အလုပ်နဲ့ ဘဝခရီးကို မဖြတ်သန်းခဲ့ရတဲ့အတွက် ကလေးရဲ့ ဝါသနာကို နားမလည်နိုင်တာမျိုးဖြစ်တတ်ပါတယ်။

မိဘတွေဟာ ကလေးတွေရဲ့ဝါသနာကို လျစ်လျူရှုတတ်ကြတဲ့ အလေ့အထက ဆင်းရဲတဲ့နိုင်ငံအများစုမှာ ဖြစ်တတ်ကြပါတယ်။

Photo: Child Therapy in Boston

လွယ်လွယ်ပြောရရင် ပိုက်ဆံမရတဲ့ ဝါသနာလို့ ပြောလို့ရတဲ့ ပန်းချီဆွဲတာ ၊ ကဗျာရေးတာ စသဖြင့် အရမ်းရုန်းကန်ရတဲ့ အနုပညာအလုပ်တွေမှာ နိုင်ငံရဲ့ အခြေအနေအရ ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်းနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီလိုအခြေအနေတွေကြောင့် မိဘတွေက ကလေးရဲ့ ဝါသနာကို လျစ်လျူရှုတတ်လာကြပြီး ကလေးကို အတန်းပညာသင်ကြားမှုကိုသာရှေ့တန်းတင်လာတတ်ကြတာပါ။ ယနေ့ခေတ်မှာတော့ ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို ထပ်တူကြနိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီးနိုင်သလို မိဘတွေအနေနဲ့လည်း ကလေးရဲ့ ဝါသနာအတွက် အားပေးထောက်ပံ့ဖို့ လိုအပ်ပါတယ်။

Photo: FirstCry Parenting

မိဘတွေ ဘာကြောင့်ကလေးရဲ့ ဝါသနာကိုလျစ်လျူရှုကြတာလဲ

မိဘတွေက သူကိုယ်တိုင်ဝါသနာပါတဲ့အလုပ်တွေကို မလုပ်ခဲ့ရလို့ ဖြစ်ပါတယ်။ မိဘဟာ သူကိုယ်တိုင် ဘယ်အရာမှာ ဝါသနာပါလဲဆိုတာကို မသိခဲ့တာ၊ အဲဒီဝါသနာပါတဲ့ အလုပ်နဲ့ ဘဝခရီးကို မဖြတ်သန်းခဲ့ရတဲ့အတွက် ကလေးရဲ့ ဝါသနာကို နားမလည်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် မိဘကိုယ်တိုင်က ဝါသနာပါတဲ့အလုပ်တွေ ရှိခဲ့ပေမယ့် အဲဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ အခြေအနေမပေးတဲ့အတွက် သားသမီးရဲ့ ဝါသနာကိုလည်း ဘယ်လိုထောက်ပံ့ပေးရလဲဆိုတာကို မသိတော့ဘဲ လျစ်လျူရှုလိုက်သလိုမျိုးဖြစ်တတ်ပါတယ်။ 

Photo: FamilySafe

အတ္တကြီးလွန်းတဲ့ မိဘ

 မိဘတွေက အတ္တစိတ်ကြီးမားမှုကြောင့်လည်း ကလေးရဲ့ ဝါသနာကို လျစ်လျူရှုတတ်ကြပါတယ်။ မိဘကိုယ်တိုင်က ငယ်ငယ်တုန်းက ဆရာဝန်မဖြစ်ခဲ့ရလို့ ကလေးရဲ့ ဝါသနာကို ရှေ့တန်းမတင်တော့ဘဲ ကလေးကို ဆရာဝန်ဖြစ်ရမယ်ပြီး တွန်းအားပေးတာမျိုးတွေက မိဘရဲ့ အတ္တစိတ်လွန်ကဲမှုကြောင့်ပါ။ ယနေ့ခေတ် Globalization ခေတ်မှာတော့ အသိအမြင်ပွင့်လင်းလာပြီး မိဘတွေအနေနဲ့လည်း အင်တာနက်ကတဆင့် အတွေးအခေါ်၊ ဗဟုသုတတွေ ရလာတာကြောင့် ဒီပြဿနာကိုတော့ ဖြေရှင်းရလွယ်ကူနိုင်ပါတယ်။

Photo: PopSugar

ကလေးရဲ့ဝါသနာကိုဘယ်လိုသိနိုင်မလဲ

တစ်ချို့ကလေးတွေကတော့ မွေးကတည်းက ပင်ကိုပါရမီပါတာကြောင့် ဘယ်အရာမှာ ဝါသနာပါလဲဆိုတာကို ထင်ထင်ရှားရှားသိမြင်နိုင်ပါတယ်။ တစ်ချို့ကလေးတွေကတော့ ထူးထူးခြားခြားဝါသနာပါတာကို မသိနိုင်တဲ့အတွက် မိဘတွေက ဆန်းစစ်ပေးဖို့ လိုပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးရဲ့ အထုံဝါသနာကို စစ်ဆေးနိုင်တဲ့ Aptitude Test (ပင်ကိုယ်စွမ်းရည်ကို စစ်ဆေးခြင်း) နဲ့ စစ်ဆေးနိုင်ပါတယ်။ အထူးသဖြင့် အထက်တန်းအဆင့်အောင်မြင်ပြီးသားကလေးတွေဆိုရင် စစ်ဆေးရတာပိုမိုလွယ်ကူနိုင်ပါတယ်။ Aptitude Test တွေကို စစ်ကြည့်ပြီးတော့ ကလေးရဲ့ ဝါသနာကိုရှာဖွေနိုင်ပါတယ်။ Aptitude Test ကို ပုဂ္ဂလိကကျောင်းအချို့၊ သင်တန်းအချို့မှာ စစ်ဆေးနိုင်မှာပါ။ အချို့သင်တန်းတွေ တက်ရောက်ရင် သင်တန်းဝင်ခွင့်မှာကို Aptitude Test စစ်ဆေးမှုတွေ ပါဝင်တာကို တွေ့ရမှာပါ။ ဒီလိုနည်းလမ်းနဲ့ ကလေးရဲ့ ဝါသနာကို သိနိုင်မှာပါ။ ဒါ့အပြင် အင်တာနက်မှာလည်း စစ်ဆေးကြည့်နိုင်တဲ့ Website တွေရှိတာကြောင့် ဝင်ရောက်စစ်ဆေးပြီး ကလေးရဲ့ ဝါသနာကို ရှာဖွေပေးဖို့ လိုပါတယ်။

Photo: Mom Junction

ကလေးရဲ့ဝါသနာနဲ့ ဖြစ်နိုင်ခြေရှိတာကို ထိန်းညှိပေးပါ

ကလေးတွေက ပန်းချီဆွဲတာ၊ ရေကူးတာ၊ ဂိမ်းဆော့တာ၊ ဘောလုံးကန်တာမျိုးကို ဝါသနာပါကြပေမယ့် မိဘတွေက အားမပေးကြတာများပါတယ်။ ဒါတွေက ဘာကြောင့်လဲဆိုတာ့ နိုင်ငံရဲ့ အခြေအနေအရ အဖက်ဖက်က ထောက်ပံ့ပေးမှု အားနည်းနေသလို ဒီအလုပ်တွေနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ အခက်အခဲတွေ ရှိနေတာကြောင့်ပါ။ ဒါပေမယ့် ကလေးက ပန်းချီဆွဲချင်တာ၊ ဘောလုံးကန်ချင်တာကို မိဘတွေအနေနဲ့ ဒါက အလုပ်မဟုတ်ဘူးဆိုပြီး ပိတ်ပင်တားဆီးလိုက်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကလေးရဲ့ ဝါသနာကို အတတ်နိုင်ဆုံးလွတ်လပ်စွာ လုပ်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ ဝါသနာနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အရာကို ထိန်းညှိပေးပြီး ကလေးရဲ့ ဝါသနာကို အတတ်နိုင်ဆုံး ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။

Share

က္က