ကင်ဆာထဲမှာ ကာကွယ်လို့အရဆုံး ရောဂါဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ '၂မိနစ်' တိုင်းမှာ သားအိမ်​ခေါင်းကင်ဆာ​​ကြောင့် အမျိုးသမီးတစ်ဦး​ အသက်ဆုံး​ရှုံး နေပါတယ်လို့ ဆေးသုတေသနလေ့လာချက်တွေအရသိရပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေအဖြစ်အများဆုံး ရောဂါဖြစ်ပြီး ကာကွယ်လို့ရတဲ့ ကင်ဆာ‌ရောဂါလည်းဖြစ်ပါတယ်။ ဘယ်လိုကာကွယ်လို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  





timesnownews.com

ရွှေ​ရောင်နှင်းဆီကင်ဆာ​ဖောင်​​ဒေးရှင်းရဲ့ ဒုဥက္ကဌသားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါ​မောက္ခ​ဒေါက်တာ​ဒေါ်ရင်ရင်​ဇော်က သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး သိထားသင့်တာတွေကို ခုလို ပြောပြပါတယ်။ 

“သားအိမ်ခေါင်းကင်ဆာက တခြားကင်ဆာတွေနဲ့မတူဘဲနဲ့ မျိုးရိုးလိုက်တာအင်မတန်ရှားပါတယ်။ ဒါဆိုဘာလို့ဖြစ်လဲဆိုတော့ တရားခံက HPV လို့အတိုကောက်ခေါ်တဲ့ Human Papillomavirus ပါ မြန်မာလိုဆို ကြွက်နို့ပိုး လို့ခေါ်ပါတယ်။ ကြွက်နို့ပိုးဝင်ပြီး ကင်ဆာအကြိုအဆင့်ကနေ ကင်ဆာအဆင့်​ပြောင်းလဲလာပါတယ်။ အိမ်ထောင်ဆက်များခဲ့ရင်/လိင်ဆက်ဆံဖော်များရင် ကူးစက်နိုင်ခြေပိုများပါတယ်။ အသက် ၁၈ နှစ်အောက်မှာ လိင်ဆက်ဆံမှုစတင်ခဲ့ရင်/ အိမ်ထောင်ကျခဲ့ရင်/ ကလေးမွေးခဲ့ရင်လည်း ပိုးဝင်ဖို့ပိုလွယ်ပါတယ်။ တခြားလိင်ဆက်ဆံရာကနေကူးစက်တဲ့ရောဂါတွေ (ဥပမာ- ကာလသားရောဂါ၊ syphilis ရောဂါ၊ HIV ပိုး) တို့ရှိနေရင်လည်း ကြွက်နို့ပိုးပါရှိနေဖို့ပိုများပါတယ်။ ဟော်မုန်းပါတဲ့ပဋိသန္ဓေတားဆေးတွေကို ငါးနှစ်နဲ့အထက် အကြာကြီးစွဲသုံးမယ်ဆိုရင်လည်း ကြာကြာနေဖို့အားပေးသလိုပါပဲ။ ဆေးလိပ်သောက်တာကလည်း ကင်ဆာတော်တော်များများဖြစ်ဖို့ အားပေးတဲ့အတွက် ရှောင်သင့်တဲ့အထဲကတစ်ခုပါ”  

သားအိမ်ခေါင်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ 

သားအိမ်ခေါင်းကင်ဆာဖြစ်နေတယ်လို့ ဘယ်လိုသိနိုင်မှာလဲ၊ သားအိမ်ခေါင်းကင်ဆာရဲ့ သံသယလက္ခဏာတွေက ဘာတွေလဲဆိုတာ အရင်ပြောပြပေးချင်ပါတယ်။ 

 -ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်း

ရာသီလာချိန်မဟုတ်ဘဲနဲ့ သွေးဆင်းလာတာ ၊ အမျိုးသားနဲ့ ဆက်ဆံပြီးနောက် သေွးဆင်းလာတာ ၊ သွေးဆုံးပြီးမှသွေးဆင်းလာတာ စတာတွေ ဖြစ်လာပြီဆိုရင်တော့ ဒါဟာ ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာပါပဲ။  

-ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်း

အမျိုးသမီးတိုင်းအဖြူဆင်းတတ်ကြပါတယ်။ အကြည်ရောင် / အဖြူရောင်ဆင်းပြီး အနံ့အသက်မဆိုးဝါးဘူးဆိုရင် ဒါကို အဖြူပုံမှန်ဆင်းတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ဒီလိုမှမဟုတ်ဘဲ လစဉ်သုံးပစ္စည်း (pad/ tampon/ panty-liner) သုံးရလောက်အောင် အဖြူအဆင်းများပြီး အရောင် နောက်နောက်တွေ ၊ မခန့်မှန်းနိုင်လောက်တဲ့ အရောင်တွေ ဖြစ်လာသလို တစ်လလုံးနေ့တိုင်း အဖြူတွေဆင်းနေတယ်ဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ 

ဒီလို သံသယရှေ့ပြေးလက္ခဏာနှစ်ခုထဲက တစ်ခုခုကို ခံစားလာရပြီဆိုရင် နီးစပ်ရာသားဖွားမီးယပ်ဆရာဝန်နဲ့ပြဖို့ လိုနေပါပြီ။  

whmcenter.com

သားအိမ်ခေါင်းကင်ဆာကို ဘယ်အသက်အရွယ်မှာ စစ်ဆေးကြမလဲ 

မြန်မာနိုင်ငံမှာ သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံးအရွယ်က အသက် ၃၀ ကနေ ၄၉ နှစ်ကြားလို့ သိရပါတယ်။ အဲ့ဒါကြောင့် လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတိုင်း အသက် ၃၀ ပြည့်ပြီဆိုရင် (၃)နှစ်တစ်ခါ စစ်ဆေးကြည့်သင့်ပါတယ်။ အသက် (၄၉)နှစ်ကျော်ရင်တော့ (၅)နှစ်တစ်ခါ စစ်ဆေးကြည့်သင့်ပါတယ်။ 

သုံးနှစ်တစ်ခါ မစစ်ဖြစ်ရင်တောင် အသက် (၃၀) ကနေ (၄၉)နှစ်ကြားမှာ အနည်းဆုံး (၂)ခါတော့ စစ်ဆေးဖူးသင့်ပါတယ်။ 

သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုစစ်ဆေးနိုင်မလဲ 

သားအိမ်ခေါင်းကင်ဆာကို နည်းလမ်းသုံးမျိုးနဲ့ စစ်ဆေးနိုင်ပါတယ်။ 

၁။သားအိမ်ခေါင်း အချွဲမြှေးရည်ကို ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးတဲ့နည်း (Pap-smear or LBC)

၂။ သားအိမ်ခေါင်းကို Acetic acid နဲ့တို့ပြီးတော့ စစ်ဆေးတဲ့နည်း (VIA) နဲ့ 

၃။ ကြွက်နို့ပိုး ရှိမရှိ စစ်ဆေးတဲ့နည်း (HPV DNA test) စတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးလို့ ရပါတယ်။  

ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး ရွှေ​ရောင်နှင်းဆီကင်ဆာ​ဖောင်​​ဒေးရှင်းရဲ့ ဒုဥက္ကဌသားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ပါ​မောက္ခ​ဒေါက်တာ​ဒေါ်ရင်ရင်​ဇော်က ခုလို ရှင်းပြပါတယ်။ 

“ အခုလက်ရှိမှာတော့ Cervarix, Gardasil နဲ့ Gardasil-9 ဆိုပြီးသုံးမျိုးရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ Cervarix နဲ့ Gardasil နှစ်မျိုးပဲ ရနိုင်ပါသေးတယ်။ နှစ်မျိုးလုံးမှာ အားသာချက်နဲ့အားနည်းချက်ကိုယ်စီရှိတာမို့ မထိုးခင်မှာ သားဖွားမီးယပ်ဆရာဝန်နဲ့အရင် တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။ ၁၅ နှစ်ကနေ ၂၆ နှစ်အတွင်းဆိုရင်တော့ စုစုပေါင်းသုံးကြိမ်ထိုးဖို့ လိုအပ်ပါတယ်။   ဒုတိယတစ်လုံးကို Cervarix ပထမအကြိမ်ပြီးလို့ တစ်လကျော်ရင်ထိုးရပါမယ်။ Gardasil ဆိုရင်တော့ ၂ လကျော်ရင်ထိုးရပါမယ်။ တတိယတစ်လုံးကိုတော့ ပထမအကြိမ်ကနေ ခြောက်လကျော်သွားရင်ထိုးရပါမယ်။   အရေးကြီးတာက ကာကွယ်ဆေးတစ်မျိုးကိုပဲ သေချာအကြိမ်ရေပြည့်အောင်ထိုးဖို့ပါပဲ။ ပထမအကြိမ်ထိုးပြီးရင် ဆေးနာမည်နဲ့ရက်စွဲနဲ့ကို သေချာမှတ်ထားဖို့အရမ်းအရေးကြီးပါတယ်။ သတ်မှတ်ထားတဲ့အချိန်တွေမတိုင်ခင်ထိုးရင်လည်း လိုသလောက်ထိရောက်မှု မရှိတတ်ပါဘူး”  

 

epainassist.com

ကာကွယ်​ဆေးကိုဘယ်အသက်အရွယ်တွေမှာ ထိုးရမလဲ 

လိင်ဆက်ဆံမှု မရှိသေးတဲ့ အသက် ၉ နှစ်ကနေ ၁၄ နှစ်အရွယ်တွေက ကာကွယ်ဆေးထိုးဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ဒီအသက်အရွယ်တွေ အနေနဲ့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံဖို့ လိုအပ်ပါတယ်။ ဒုတိယအကြိမ်ထိုးနှံမယ့် ကာကွယ်ဆေးကို ပထမအကြိမ်ထိုးပြီး ၆လကနေ တစ်နှစ်အတွင်း ထိုးနှံရမှာပါ။ အသက် ၁၅ နှစ်ကနေ ၂၆ နှစ်အတွင်း အသက်အရွယ်တွေကတော့ ကာကွယ်ဆေး ၃ ကြိမ်ထိုးဖို့ လိုပါတယ်။ အသက် ၂၆ နှစ်ကျော်သွားရင်တော့ ကာကွယ်ပေးမယ့် antibody ထွက်တဲ့နှုန်း သိသိသာသာ လျော့ကျသွားတဲ့အတွက် မထိုးတော့တာ အကောင်းဆုံးပါပဲ။ 

သားအိမ်​ခေါင်းကင်ဆာဆိုတာ ကာကွယ်လို့အ​ရဆုံးကင်ဆာ​ရောဂါတစ်ခု ဖြစ်​ပေမယ့်လည်း သားအိမ်​ခေါင်းကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတနည်းတာ၊ ဘယ်လိုကာကွယ်ရမှန်းမသိတာ၊ ရှက်တာ၊ ​ကြောက်တာ​၊ ​ဖွင့်မ​ပြောဘဲဖွက်ထားတာ၊ ဆေးမီးတိုနဲ့ကုတာ​ ၊ ရောဂါအဆင့်​နောက်ကျမှ ​ဆေးရုံ​ဆေးခန်း ပြသတာ​တွေ​ကြောင့် ကုသရခက်သွားပြီး အသက်ဆုံးရှုံးမှု​တွေကြုံတွေ့ခဲ့ကြရပါတယ်။ 

ဒါ့ကြောင့် သားအိမ်ခေါင်းကင်ဆာရောဂါနဲ့ အသက်ဆုံးရှုံးရတာတွေ မဖြစ်ရလေအောင် အခုပြောပြတဲ့ ကာကွယ်ဆေးထိုးနှံတာ ၊ ဆေးစစ်တာတွေ အပြင် ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 

Share

က္က