ဒီနည်းလမ်းတွေက ငွေကြေးမကုန်ကျဘဲ သဘာဝအတိုင်း လှပစေမယ့်နည်းလမ်းတွေပါ။

အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ အလှအပကို ငွေကုန်ကြေးကျခံပြီး လှသထက်လှအောင် ပြုပြင်တတ်ကြတာက သဘာဝပါပဲ။ ဒါပေမယ့် ငွေကုန်ကြေးကျမခံဘဲ ကိုယ့်ကိုယ်ကိုယ် လှပအောင်ပြုလုပ်လို့ရတယ်ဆိုတာကိုလည်း မေ့မထားကြပါနဲ့။ 



ဒီနေ့တော့ ငွေကုန်ကြေးကျမများဘဲ ဆိုးကျိုးလည်း ဘာမှမရှိတဲ့ သဘာဝအတိုင်း လှပစေမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ 

၁။နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ 

လှပဖို့ဆိုတာ ကျန်းမာနေမှ ဖြစ်မှာပါ။ ဒါ့ကြောင့် သဘာဝအတိုင်း လှပပြီး နုပျိုချင်တယ်ဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေလို့ မရပါဘူး။ နေ့စဉ်မနက်ခင်းတိုင်းကို နာရီဝက်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့နေရာမှာလည်း ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်စရာမလိုပါဘူး။ လမ်းလျှောက်တာ ၊ စက်ဘီးစီးတာ ၊ ယောဂကျင့်တာ ၊ ပြေးတာ ၊ ကြက်တောင်ရိုက်တာ စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေကို လေ့ကျင့်ခန်းအနေနဲ့ ပြုလုပ်လို့ ရပါတယ်။ ဒီလိုသာ နေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ကျန်းမာကြံ့ခိုင်ပြီး လှပနုပျိုနေမှာသေချာပါတယ်။ 

 

freepik.com

၂။ အာဟာရပြည့်တဲ့ မနက်စာကို စားသုံးပါ

အိပ်ယာနိုးထချိန်မှာ နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ပြီးပြီဆိုရင်တော့ မနက်စာစားသုံးရမယ့် အချိန်ရောက်ပါပြီ။ လှပလိုတဲ့ မဒီတွေအတွက် ကိုယ့်ရဲ့ မနက်စာကို ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ အာဟာရပြည့်ဝအောင် စားသုံးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်အတွက် ကျန်းမာပြီး အာဟာရပြည့်ဝစေတဲ့အပြင် အလှအပအတွက်ကိုလည်း အများကြီး အထောက်အကူပြုမှာဖြစ်ပါတယ်။ 

၃။ဟင်းသီးဟင်းရွက်နေ့စဉ်ပါဝင်အောင်စားသုံးပါ 

အသားအရေကို သဘာဝအတိုင်း ကြည်လင်လှပစေချင်တဲ့ မဒီတို့အနေနဲ့ ကိုယ့်ရဲ့ နေ့စဉ်စားသုံးမှုတွေထဲမှာ ဟင်းသီးဟင်းရွက်ကို မပါမဖြစ်အနေနဲ့ စားသုံးဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေဟာ အံ့သြစရာကောင်းလောက်အောင် အကျိုးကျေးဇူးများပြားပြီး အလှအပကို ထောက်ပံ့ပေးတဲ့ အစားအစာတွေရဲ့ ထိပ်ဆုံးမှာရှိနေပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေကို ဖြည့်တင်းပေးတဲ့အပြင် အမျှင်ဓာတ်တွေလည်း အများကြီးပါဝင်တာကြောင့် အလှအပ အတွက်ရော ကျန်းမာရေး အတွက်ပါ အထောက်အကူပြုနိုင်ပါတယ်။

၄။ရေဓာတ်ပြည့်ဝအောင်နေပါ 

အသားအရေကြည်လင်ပြီး လှပလိုသူတွေအနေနဲ့ ရေဓာတ်ပြည့်ဝဖို့လည်းလိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝစေတဲ့ အသားအရေထိန်းသိမ်းခရင်မ်တွေ အများကြီးရှိပေမယ့် သဘာဝအတိုင်း ရေဓာတ်ပြည့်ဝချင်သူတွေအနေနဲ့ကတော့ ရေများများသောက်သုံးရင်ကို အဆင်ပြေနေပါပြီ။ သွာ‌းလေရာ ရေဘူးဆောင်တာဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ တစ်နေ့ကို ရေ ၈ ဖန်ခွက်လောက် သောက်သုံးမယ်ဆိုရင် အသားအရေဟာ မယုံနိုင်လောက်အောင် ကြည်လင်လာတာကို လက်တွေ့ မြင်ရပါလိမ့်မယ်။ 

freepik.com

၅။အစာစားချိန်မှန်အောင် စားပါ 

လှပလိုတဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ အစာစားချိန်ကို သတ်သတ်မှတ်မှတ် စားသုံးဖို့ လိုအပ်ပါတယ်။ အစာစားချိန်မမှန်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို က‌ေမာက်ကမ ဖြစ်စေပြီး မလိုအပ်ဘဲ အစာတွေ ပိုစားမိကာ အလေးချိန်တွေ တက်လာတာမျိုး၊ ရောဂါတွေ ဝင်ရောက်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ အလှအပကို ဂရုစိုက်တဲ့ အမျိုးသမီးတွေအနေနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အချိန်မှန်မှန်စားတတ်အောင် လေ့ကျင့်ယူပါ။

၆။အိပ်ရေးဝဝအိပ်ပါ။ 

အိပ်ချိန်လုံလောက်စွာ မအိပ်တာ ၊ ကောင်းကောင်း မအိပ်ဖြစ်တာ၊ အိပ်ရေးမဝတာ စတာတွေဟာ ဝက်ခြံထွက်ခြင်း ၊ အသားအရေ လျော့ရဲလာခြင်း စတဲ့ အလှအပပြဿနာတွေအပြင် ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။ Beauty Sleep လို့ တင်စားခေါ်ဝေါ်ကြတဲ့ အိပ်ချိန်ကတော့ ည (၁၀) နာရီကနေ မနက် (၄) နာရီ အချိန်တွင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအချိန်တွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမယ်ဆိုရင် အသားအရေက သိသိသာသာ ကြည်လင်လာမှာပါ။

businessinsider.com

ဒီ (၆) ချက်ကတော့ ငွေကုန်ကြေးကျမများသလို လူလည်းမပင်ပန်းဘဲ သဘာဝအတိုင်း လှပလာစေမယ့် လျှို့ဝှက်ချက် (၆) ချက်ဖြစ်ပါတယ်။ သေချာ လိုက်နာဆောင်ရွက်ပြီး မဒီလေးတို့ လှသထက် လှလာနိုင်ကြပါစေ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က