အမျိုးသမီးတိုင်းလိုလို ခံစားရတဲ့ အလှအပဆိုင်ရာပြဿနာတွေထဲမှာ ဆံပင်ကျွတ်ခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ စိတ်ရှုပ်စရာကောင်းလောက်အောင်၊ သည်းမခံနိုင်လောက်အောင် ဆံပင်တွေ အများကြီးကျွတ်နေပြီဆိုရင်တော့ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့လိုအပ်လာပါပြီ။ ဘာ့ကြောင့် ဆံပင်ကျွတ်ရသလဲဆိုတာကို သိသွားရင်တော့ ဆံပင်မကျွတ်အောင် ထိန်းသိမ်းနိူင်သွားမှာပါ။
၁။ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ခြင်း
ဆံပင်ကို လက်နဲ့ သပ်လိုက်ရုံနဲ့ ၊ ခေါင်းဖြီးလိုက်ရုံနဲ့ ဆံပင်တွေ အထွေးလိုက်ကျွတ်နေတယ်ဆိုရင် ဒါဟာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းအနည်းအများပေါ်မူတည်ပြီး ဆံပင်ကျွတ်တတ်ပါတယ်။
health.harvard.edu
၂။ရောဂါနှင့် သောက်သုံးနေသောဆေးဝါးများကြောင့် ဆံပင်ကျွတ်ခြင်း
တချို့ဆံပင်ကျွတ်တာတွေကတော့ ဖြစ်နေတဲ့ ရောဂါတွေ ၊ သောက်သုံးနေတဲ့ ဆေးဝါးတွေကြောင့် ကျွတ်တာဖြစ်ပါတယ်။ သောက်သုံးနေတဲ့ ပဋိသန္ဓေတားဆေးတွေကြောင့် ဆံပင်ကျွတ်နိုင်သလို ၊ ပိုးသတ်ဆေးတွေ သောက်သုံးနေရတာ ၊ ကင်ဆာဆေးဝါးတချို့ သောက်သုံးနေရတာ ၊ သွေးအားနည်းရောဂါ ။ အဆုတ်ရောင်ရောဂါ ခံစားနေရတာ ၊ အသည်းရောဂါခံစားနေရတာ စတာတွေကလည်း ဆံပင်တွေ ကျွတ်စေနိုင်ပါတယ်။
၃။ဗီတာမင်ဓာတ်များချို့တဲ့ကြောင့် ဆံပင်ကျွတ်ခြင်း
အာဟာရပြည့်ဝစေမယ့် အစားအစာတွေကို လုံလောက်စွာ မစားသုံးခြင်းကြောင့် အာဟာရချို့တဲ့တာ ၊ ဗီတာမင်ဓာတ်ချို့တဲ့တာတွေကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဗီတာမင်အေဓာတ်လွန်ကဲတာ ၊ ဗီဝာာမင်ဘီဓာတ်လျော့နည်းတာ စတာတွေကလည်း ဆံသားတွေကို ကျွတ်စေပါတယ်။
၄။ခေါင်းဖြီး ၊ ခေါင်းလျှော်တာ များလွန်းတာကြောင့် ဆံပင်ကျွတ်ခြင်း
တစ်ခါတရံမှာ ခေါင်း အားနေဖြီးနေတာ ၊ ခေါင်းကို မကြာခဏလျှော်နေတာတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါသေးတယ်။ ခေါင်းဘီးကို အသွားတုံးပြီး ကြဲတဲ့ ဘီးတွေကိုသာ အသုံးပြုသင့်ပါတယ်။ အသွားချွန်ထက်ပြီး စိပ်လွန်းတဲ့ ဘီးတွေဟာ ဆံသားကို အားနဲ့ ဆောင့်ဆွဲသလို အထိနာစေပါတယ်။ ခေါင်းလျှော်ရာမှာလည်း တစ်ပတ်ကို (၁) ကြိမ်မှ (၃) ကြိမ်ထိသာ လျှော်သင့်ပါတယ်။ ဆံပင်ရေစိုနေချိန်မှာ ဘီးနဲ့ အတင်းဖြီးချတာ ၊ အဝတ်နဲ့ ကြမ်းတမ်းစွာ သုတ်တာတွေက ဆံပင်တွေ ကျွတ်စေပါတယ်။
priceline.com
၅။ဆံပင်ကို အလွန်အကျွံပြုပြင်တာကြောင့် ဆံပင်ကျွတ်ခြင်း
ဆံပင်ကို အမြဲတမ်း တစ်ခုမဟုတ်တစ်ခု လုပ်နေသူတွေက တခြားသူတွေထက် ဆံပင်ပိုကျွတ်စေပါတယ်။ ဆံပင်မကြာခဏဖြောင့်တာ ၊ မကြာခဏကောက်တာ ၊ ဆံပင်မကြာခဏဆေးဆိုးတာ စတာတွေက ဆံသားကို ပိုမိုပျက်စီးလွယ်ပါတယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ ဆေးဖြစ်ပါစေ၊ ဓာတုဆေးဝါးတွေ ပါဝင်တဲ့အတွက် ဒီလို မကြာခဏ ဆံပင်ကို လုပ်နေမယ်ဆိုရင် ဆံပင်တွေ ကျွတ်နေမှာပါပဲ။
၆။တင်းကြပ်စွာချည်နှောင်ထားတာကြောင့် ဆံပင်ကျွတ်ခြင်း
ဆံပင်ကို အမြဲတမ်းတင်းကြပ်စွာ ချည်နှောင်ထားသူတွေ၊ ပိုနီတေးစည်းနေကျသူတွေ ၊ ကျစ်ဆံမြီးပုံစံ အမြဲကျစ်ထားတတ်သူတွေဟာလည်း ဆံပင်အမြောက်အမြားကျွတ်တတ်ပါတယ်။
rmcgeorgia.com
၇။စိတ်ဖိစီးမှု များနေတာကြောင့် ဆံပင်ကျွတ်ခြင်း
အလွန်အမင်း စိတ်ဓာတ်ကျနေချိန်၊ စိတ်ဖိစီးမှုများနေချိန်တွေမှာ ဆံပင်တွေကျွတ်တတ်ပါတယ်။ စိတ်ကြီးတာ ၊ ဒေါသကြီးတာတွေကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တာက အများစုပိုမိုဖြစ်တတ်တဲ့ အကြောင်းရင်းတစ်ခုပါ။
ဒီအချက် (၇) ခုထဲက ကိုယ်က ဘယ်အချက်ကြောင့် ဖြစ်နိုင်သလဲဆိုတာကို ဆန်းစစ်ပြီး ကိုယ့်ရဲ့အပြုအမူ ၊ အနေအထိုင် ၊ အစားအသောက်တွေကို ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ ဆံပင်ကျွတ်တာ သက်သာသွားပါလိမ့်မယ်။