ဖြည့်စွက်စာကျွေးပြီး မိခင်နို့ကို ဖြတ်လိုက်သင့်သလား။ ဖြည့်စွက်စာကျွေးတဲ့အခါ လိုက်နာရမယ့်နည်းလမ်းတွေ ကို ဖေဖေမေမေတို့သိထားဖို့လိုပါတယ်။

ဘေဘီလေးတွေ (၆) လပြည့်ပြီဆိုရင်တော့ မိခင်နို့အပြင် ဖြည့်စွက်စာ ဘာတွေကျွေးရမလဲဆိုတာ ဖေဖေမေမေတို့က စဉ်းစားလာကြပါပြီ။

ဖြည့်စွက်စာ ကျွေးတော့မယ်ဆိုရင် ဘာတွေကျွေးသင့်သလဲ။ ဖြည့်စွက်စာကျွေးပြီး မိခင်နို့ကို ဖြတ်လိုက်သင့်သလား။ ဖြည့်စွက်စာကျွေးတဲ့အခါ လိုက်နာရမယ့်နည်းလမ်းတွေ ကို ဖေဖေမေမေတို့သိထားဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက် (၆)လကနေ (၂) နှစ်အတွင်း ကလေးတွေကို ဖြည့်စွက်စာ ဘယ်လိုကျွေးမလဲ။ ဖြည့်စွက်စာ ကျွေးတဲ့အခါ လွဲနေတဲ့ အယူအဆလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။


Photo: India Time

ဘယ်လိုဖြည့်စွက်စာမျိုးကျွေးမလဲ

အသက် (၆)လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးပြီး (၆)လပြည့်ပြီဆိုရင်တော့ ကလေးကို ဘယ်လိုဖြည့်စွက်စာကျွေးရမလဲဆိုတာကို ကြည့်ရပါတယ်။ ဖြည့်စွက်စာကျွေးတဲ့အခါ မြန်မာပြည်ရဲ့ ထုံးစံအရ ထမင်းစားမှ အားရှိမှာဆိုပြီး ထမင်းကိုအခြေခံကျွေးကြတာများပါတယ်။ အားရှိအောင်ဆိုပြီး သွားမရှိတဲ့ကလေးရဲ့ပါးစပ်ထဲကို ထမင်းစေ့တွေခွံထည့်တတ်ကြပါတယ်။ ကလေးကို ထမင်းကျွေးတဲ့အခါ အရင်ဆုံးထမင်းကိုပျော့သွားအောင်လုပ်ပါ။ ပြီးရင် ဇကာနဲ့ စစ်ပါ။ ဇကာနဲ့ စစ်တဲ့အခါမှာ သံတိုသံစတွေပါလာနိုင်တာကို သတိပြုပါ။ ဖြည့်စွက်စာကျွေးတဲ့အခါ ကလေးကို အာဟာရစုံအောင် အသား၊ငါး၊ အသီးအရွက် စသဖြင့် ကလေးစားနိုင်အောင် ကြိတ်ချေပြီး ကျွေးနိုင်ပါတယ်။ ထမင်းပျော့ပျော၊ အသား၊ ငါးတွေ နွှင်ပြီး ဟင်းချိုလေးနဲ့ တွဲဖက်ကျွေးပါ။ 

Photo: Formuland

ဘာကြောင့် ဖြည့်စွက်စာကျွေးဖို့လိုတာလဲ

မိခင်နို့ဟာ အသက် (၆)လကနေ (၁) နှစ်မပြည့်သေးတဲ့ ပူတူးတူးလေးတွေ လိုအပ်တဲ့အာဟာရဓာတ်တစ်ဝက်ခန့်သာ ဖြည့်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ အသက် (၁) နှစ်ကနေ (၂) နှစ်မပြည့်သေးတဲ့ဘေဘီလေးတွေအတွက်တော့ မိခင်နို့ဟာ သူတို့လေးတွေ လိုအပ်တဲ့ အာဟာရဓာတ်သုံးပုံတစ်ပုံခန့်သာ ဖြည့်ဆည်းပေးနိုင်တော့လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကလေး (၆)လပြည့်ရင် အလုပ်လုပ်တဲ့မိခင်တွေအနေနဲ့ ကိုယ့်ရင်သွေးငယ်လေးနဲ့ အမြဲအတူမရှိနိုင်တဲ့အတွက် မိခင်နို့အပြင် တစ်ခြားအစားအစာတွေကို ဖြည့်စွက်စာအဖြစ် ကျွေးမွေးကြရတာဖြစ်ပါတယ်။

Photo: Happy Family

ဖြည့်စွက်စာ ကျွေးတဲ့အခါ ကြုံရတဲ့အခက်အခဲ

ကလေးတွေဟာ အသက် (၆)လအထိ မိခင်ရဲ့ နို့အရသာကို ကောင်းကောင်းသိနေတဲ့အတွက် ဖြည့်စွက်စာ ကျွေးတဲ့အခါ အရသာာမသိတော့ ထွေးထုတ်တတ်ကြပါတယ်။ အစာသစ်ကို လက်မခံတတ်သေးတဲ့သဘောပါ။ အမေက စိတ်ရှည်ရပါတယ်။ ကလေးကို ဒါက စားရတဲ့ အရာ ဆိုပြီး သိအောင်လုပ်ပေးရပါမယ်။ အဲဒီလိုမဟုတ်ဘဲ ကလေးက သူအရသာသိနေတဲ့မိခင်နို့နဲ့တူတဲ့ အရည်တွေကိုသာ စွတ်တိုက်နေမယ်ဆိုရင် ကလေးရဲ့ ခန္ဓာကိုယ်ဖွံဖြိုးမှုကို ထိခိုက်စေနိုင်ပြီး အာဟာရမပြည့်ဝနိုင်ပါဘူး။ ဖြည့်စွက်စာကျွေးတဲ့အခါ မိခင်ရဲ့ နို့နဲ့ သဏ္ဍာန်တူအောင်တော့ ထမင်း၊ အသားနဲ့ငါးစတာတွေကို အရည်ကျဲကျဲဖြစ်အောင်လုပ်ကျွေးရာကနေ တဖြည်းဖြည်းနဲ့ ပျစ်လာတာကို ကျွေးရပါမယ်။

Photo: UNICEF

မိခင်နို့လုံးဝဖြတ်လိုက်ရမှာလား

(၆)လအထိ မိခင်နို့တစ်မျိုးတည်းကို ပြည့်ပြည်၀၀ တိုက်ကျွေးရမယ်ဆိုတာကိုတော့ မေမေတွေအားလုံးသိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် (၆)လကျော်လို့ ဖြည့်စွက်စာကျွေးရပြီဆိုတာနဲ့ မိခင်နို့ကို တိခနဲ ဖြတ်လို့မရပါဘူး။ မိခင်တွေက ဖြည့်စွက်စာပိုပြီးကျွေးနိုင်အောင်ဆိုပြီးနို့ကို တန်းဖြတ်ဖို့စဉ်းစားကြပါတယ်။ ကလေးကို အဲဒီလိုလုပ်လို့မရပါဘူး။ နို့ဖြတ်လိုက်လို့ဆိုပြီး ကလေးက ဖြည့်စွက်စာတွေကို ပိုစားမှာမဟုတ်ပါဘူး။ နို့နဲ့ ဖြည့်စွက်စာကို တွဲကျွေးပြီးမှ ဖြည်းဖြည်းချင်း အမေနို့ကို ဖြတ်ပေးရတာဖြစ်ပါတယ်။ ဒါ့အပြင် မိခင်နို့ကို အသက် (၂) နှစ်အထိ တိုက်ကျွေးနိုင်ပါတယ်လို့ ကလေးဆရာဝန်ကြီးတွေက အကြံပြုထားပါတယ်။

Photo: FirstCry Parenting

ဖြည့်စွက်စာကျွေးတဲ့အခါ ရှောင်ရမယ့်အရာ

ကလေးကို ဝါးကျွေးတာ လုံး၀ (လုံးဝ) မလုပ်ပါနဲ့။ သွားတိုက်ထားတယ်ဆိုရင်တောင် ပိုးတွေက မိမိရဲ့ ပါးစပ်မှာ ကျန်နေတတ်ပါတယ်။ အစာကို ဝါးလိုက်ရင် ပါးစပ်ထဲက သွားရည်တွေအရင်ဆုံးထွက်လာပါတယ်။ အဲဒီလိုဝါးရင်းနဲ့ အာဟာရဖြစ်တဲ့အရာတွေက လူကြီးရဲ့ ဗိုက်ထဲကို အရင်ရောက်ပြီး တံတွေးတွေ၊ ပိုးတွေနဲ့ရောပြီး အာဟာရနည်းတဲ့အရာတွေက ကလေးရဲ့ ပါးစပ်ထဲကို ရောက်သွားတာပါ။ ဒါကြောင့် ကလေးမှာ အာဟာရလည်း မရတဲ့အပြင် အခန့်မသင့်ရင် ရောဂါပိုးဝင်နိုင်တဲ့အတွက် ဝါးကျွေးတာမျိုးကို ဖေဖေ၊မေမေတို့ မလုပ်မိပါစေနဲ့နော်။ ဘေဘီလေးတွေကို ဝါးကျွေးမယ့်အစား ချေကျွေးတာ၊ ကြိတ်စက်နဲ့ ကြိတ်တာဖြစ်ဖြစ် လုပ်ပြီးမှ ကျွေးသင့်ပါတယ်။

Photo: Healthline

အသက် (၆)လမပြည့်ခင် ဖြည့်စွက်စာမကျွေးသင့်ပါ

တစ်ချို့ ဖိုးဖိုးဖွားဖွားတွေက ကလေး (၆)လကျော်ရင် အမေက အလုပ်သွားရတော့မယ်။ ကလေးကို နို့တိုက်နိုင်မှာမဟုတ်ဘူး။ ကျင့်သားရအောင်ဆိုပြီး ကလေးတွေကို (၆)လ မကျော်ခင်ကတည်းက ဖြည့်စွက်ကျွေးချင်ကြတာ တွေ့ရပါတယ်။ ကလေးကို အားရှိအောင်ဆိုပြီး အိုှဗာတင်း၊ ဟောလစ်၊ နွားနို့၊ ဆိတ်နို့ စသဖြင့်တိုက်ချင်ကြပါတယ်။ ကလေးတွေကို မွေးစကနေ (၆)လအတွင်း မိခင်နို့ (သို့မဟုတ်) မိခင်နို့မထွက်တဲ့အခါ ဖော်မြူလာနို့မှုန့်တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။ (၆)လမပြည့်သေးဘဲ အချိန်မတန်ခင် ကလေးတွေကို ဖြည့်စွက်ကျွေးတဲ့အခါ ကလေးတွေဟာ မိခင်နို့သောက်သုံးတာ နည်းသွားပါတယ်။ (၆)လမပြည့်ခင်အရွယ်မှာ ဘေဘီလေးတွေ ဉာဏ်ရည်ထက်မြက်ဖို့၊ ကြီးထွားဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေက မိခင်နို့ထဲမှာသာရှိတာပါ။ ဒါကြောင့် မကျွေးသင့်တဲ့အရွယ်မှာ ဖြည့်စွက်စာကျွေးတဲ့အတွက် ကလေးရဲ့ ဉာဏ်ရည်၊ခန္ဓာကိုယ်ဖွံဖြိုးမှုကိုထိခိုက်စေပါတယ်။ ဒါတင်မကသေးပါဘူး။ အစာခြေဖျက်နိုင်စွမ်းမရှိသေးတဲ့ အရွယ်လေးမှာ ဖြည့်စွက်စာတွေ စားရတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ဝေဒနာတွေကို ခံစားရစေနိုင်ပါတယ်။ နောက်ဆက်တွဲအဖြစ် အသက်ရှုကျပ်တာ၊အဝလွန်၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေ ဖြစ်စေနိုင်ပြီး အသက် သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်ပါတယ်။ ဒါကြောင့် အသက် (၆)လမပြည့်ခင် ဖြည့်စွက်စာလုံးဝမကျွေးမိစေဖို့ မိဘတွေအနေနဲ့ အထူးသတိပြုဖို့ လိုပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို ကလေးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာမြင့်နီလာက အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က