အခုနောက်ပိုင်းမှာဆိုရင် ဆိုင်မှာခေါင်းလျှော်တာကို ယောကျ်ား ၊ မိန်းမ မရွေး ၊ ကလေး လူငယ် လူကြီးမရွေး ပြုလုပ်လာကြပါတယ်။ အိမ်မှာလျှော်တာထက် ပိုပြီးချေးပြောင်တာ ၊ လူသက်သောင့်သက်သာရှိတာ ၊ အညောင်းအညာပြေတာကြောင့် အတော်များများက ဆိုင်မှာခေါင်းလျှော်ကြပါတယ်။
ဒါပေမယ့် ဆိုင်ဟာ လူတိုင်းကို ဝန်ဆောင်မှုပေးရတဲ့နေရာဖြစ်လို့ ရောဂါကူးစက်နိုင်ခြေအများဆုံးဖြစ်ပြီး ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလျှော်မယ်ဆို ဒီအချက်တွေကို သတိပြုသင့်ပါတယ်။
၁။ ဆိုင်အနေအထား
Photo-bizwatchnigeria.ng
ဆိုင်ကို ကြည့်တာနဲ့ သန့်ရှင်းသပ်ရပ်တဲ့ဆိုင်လား ၊ ညစ်ပတ်တဲ့ဆိုင်လားကို ခွဲခြားသိနိုင်ပါတယ်။ ဆိုင်အတွင်း အသုံးအဆောင်တွေ ရှုပ်ပွနေတာ ၊ ခေါင်းလျှော်စင်တွေ ညစ်ပတ်နေတာ ၊ ဆိုင်အတွင်းထဲဝင်လိုက်တာနဲ့ သန့်ရှင်းတယ်လို့ မခံစားရတဲ့ဆိုင်တွေမှာ ခေါင်းမလျှော်ပါနဲ့။
၂။ ခေါင်းလျှော်ရည်အမျိုးအစား
ဆိုင်မှာ ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်အမျိုးအစားက ကိုယ်နဲ့အဆင်ပြေတဲ့ အမျိုးအစားဖြစ်တာကို ရွေးချယ်ဖို့ လိုပါတယ်။ ဓာတ်မတည့်တဲ့ အမျိုးအစားနဲ့ လျှော်မိတဲ့အခါ ဖောက်ထတာ ၊ ဆံပင်တွေကြမ်းတာ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပေးမယ့်သူကို ခေါင်းလျှော်ရည်အမျိုးအစားမေးမြန်းပြီး ကိုယ်နဲ့အဆင်ပြေမယ့် အမျိုးအစားဆိုမှသာ လျှော်ပါ။ အိမ်ကနေ ကိုယ်လျှော်နေျ ခေါင်းလျှော်ရည်ကို ယူသွားပြီး လျှော်မယ်ဆိုရင်လည်း သင့်တော်ပါတယ်။
၃။ ရေအသုံးပြုခြင်း
ဆိုင်မှာ ကိုယ့်ကိုခေါင်းလျှော်ပေးတဲ့ ရေဟာ သန့်ဖို့လိုပါတယ်။ ခေါင်းမလျှော်ခင်မှာ ဆိုင်က ရေဟာ ဝါညစ်နေတာမျိုးရှိလား ၊ သန့်စင်ရဲ့လားဆိုတာမျိုးကို လေ့လာကြည့်သင့်ပါတယ်။
၄။ လျှော်မယ့်လူရဲ့ တကိုယ်ရေသန့်ရှင်းရေး
Photo-shutterstock.com
ကိုယ့်ကိုခေါင်းလျှော်ပေးမယ့်လူရဲ့ တကိုယ်ရေသန့်ရှင်းရေးနဲ့ လက်တွေရဲ့ သန့်ရှင်းမှုကို သတိပြုသင့်ပါတယ်။ဒါ့အပြင် လက်သည်းတွေအရှည်ကြီးဖြစ်နေလားဆိုတာကိုလည်း သတိထားကြည့်ရှုသင့်ပါတယ်။ ဒါမှသာ ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ရောဂါပိုးမကူးစက်တာ ၊ ဦးရေပြားထိခိုက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။
၅။ အသုံးပြုတဲ့ပဝါတွေ
ဆိုင်မှာ အသုံးပြုတဲ့ ပဝါတွေဟာ လာသမျှလူအများကို အသုံးပြုတဲ့ပဝါတွေပါ။ ဒီပဝါတွေ သန့်ရှင်းမှုမရှိရင် မှိုရောဂါ ၊ အရေပြားရောဂါတွေ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် တစ်ယောက်ကို အသုံးပြုပြီး သေချာသန့်စင် ခြောက်သွေ့ထားခြင်းမရှိတဲ့ ပဝါတွေဟာ ရောဂါတွေကူးစက်လွယ်တာမို့ အသုံးပြုပေးတဲ့ ပဝါတွေကိုလည်း သတိထားကြည့်ပါ။
၆။ ခေါင်းဖြီးဘီး သန့်ရှင်းပါစေ
Photo-gettyimages.in
ဘီးတွေဟာ တစ်ကိုယ်ရေသုံး ပစ္စည်းဖြစ်ပါတယ်။ သီးသန့်အသုံးပြုသင့်တဲ့ ဘီးတစ်ချောင်းဟာ လူအများကို သုံးပြီး ညစ်ပတ်နေမယ်ဆိုရင် ရောဂါတွေကူးစက်ဖို့ အလွန်ရာခိုင်နှုန်းများပါတယ်။အိမ်ကနေ ဘီးယူသွားမယ်ဆိုရင်တော့ ပိုပြီးကောင်းပါတယ်။
၇။ နားကို သတိထားပါ
Photo-bbc.com
ဆိုင်မှာခေါင်းလျှော်တဲ့အခါ နားဆေးတာ လိုမျိုး အန္တရာယ်များတဲ့ အပြုအမူတွေမလုပ်ပါနဲ့ ။ နားအတွင်းဟာ ရေမဝင်အောင် အထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်က ပဝါတွေနဲ့ နားနဲ့ နားအတွင်းထဲရေသုတ်တာကိုလည်း သတိထားပါ။ ဒါတွေက နားအတွင်း မှိုရောဂါဖြစ်ခြင်း ၊ ပိုးဝင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။နားကြပ်တံနဲ့ ကြပ်တာမျိုးကိုလည်း အထူးဂရုပြုပါ။
၈။ အနှိပ်ခံတဲ့အခါ သတိထားပါ
ဆိုင်မှာ ခေါင်းလျှော်တဲ့အခါ အနှိပ်ခံပြီး လျှော်ရတာ ဇိမ်ပါပဲ။ ဒါပေမယ့် ခေါင်းနဲ့ ဇက်ပိုးတွေကို အသာအယာ နှိပ်နယ်တာမျိုးပဲပြုလုပ်သင့်ပါတယ်။ အကြောတွေနားလည်ပြီး နှိပ်တာမျိုးမဟုတ်ဘဲ အားစိုက်ပြီး နှိပ်တာတွေ ၊ ဇက်ချိုးတာတွေကြောင့် အကြောတင်တာ ၊ အုံးလွဲတာတွေ ဖြစ်နိုင်တဲ့အတွက် ဒါကိုလည်း ဂရုပြုပါ။
၉။ အပူချိန်ကို သတိထားပါ
ဆိုင်မှာ ခေါင်းလျှော်တဲ့အခါ နေပူထဲကလာပြီး ချက်ချင်းလျှော်တာမျိုး ၊ ရေပူပူနဲ့ လျှော်တာမျိုး ၊ ရာသီဥတုအေးချိန် ရေအေးနဲ့လျှော်တာတွေတင်မက ဆိုင်ရဲ့ အပူချိန်ကိုလည်း ဂရုပြုပါ။ ကိုယ်နဲ့အနီးဆုံးမှာ ပန်ကာဖွင့်ထားတာမျိုး ၊ အဲကွန်းရှိနေတာမျိုးဆိုရင် နေရာရွှေ့ဖို့ ၊ ဒါမှမဟုတ် အအေးလျှော့ဖို့ ဆိုင်ကိုပြောတာမျိုး လုပ်ပါ။
ဆံပင်ကို တစ်ပတ် ဘယ်နှကြိမ်လျှော်သင့်တယ်ဆိုတာကို တိတိကျကျ ပြောထားတာမျိုးမရှိပေမယ့် ကိုယ့်ရဲ့ ဆံသားအမျိုးအစားနဲ့ လူနေမှုပုံစံကိုလိုက်ပြီး ခေါင်းလျှော်သင့်ပါတယ်။အသက်ကြီးသူတွေအနေနဲ့တော့ ဦးရေပြားအဆီထွက်မှုနည်းလာတဲ့အတွက် မကြာခဏ ခေါင်းလျှော်ဖို့ မလိုအပ်ပါဘူး။
အဆီပြန်သောဆံပင်- ဖုန်မှုန့်တွေ ၊ အညစ်အကြေးတွေကပ်လွယ်တာကြောင့် နေ့စဉ်အပြင်ထွက်တဲ့အခါ ခေါင်းကို အကာကွယ်ပြုလုပ်ပါ။
ခြောက်သွေ့ပျက်စီးနေသောဆံပင်- ဆံပင်ရဲ့ သဘာဝအဆီအချို့ ဦးရေပြားပေါ်မှာရှိနေဖို့ ၅-၇ရက်မှ ခေါင်းလျှော်ပါ။
ပါးလွှာသောဆံပင် - ဆံပင်ကို အစိုဓာတ်အလုံအလောက်ပေးနိုင်ဖို့ တစ်ရက်ခြားလောက် လျှော်နိုင်ပါတယ်။
လှိုင်းတွန့်ဆံပင်- ဆံပင်ရဲ့ သိပ်သည်းဆအပေါ် မူတည်ပြီး ၄-၅ ရက်တိုင်း ခေါင်းလျှော်နိုင်ပါတယ်။