ကိုယ့်ရဲ့ အပြုအမူက တခြားလူတွေကို စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင် ဒါကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြည့်သင့်ပါတယ်။

လူတိုင်းမှာ ကိုယ့်ရဲ့ မသိစိတ်က စွဲလမ်းနေပြီး ကိုယ်တိုင်သတိမထားမိဘဲ လူရှေ့မှာ ပြုလုပ်တတ်တဲ့ အမူအကျင့်တွေရှိတတ်ပါတယ်။ တချို့အကျင့်တွေက ငယ်ဘဝထဲကနေ ပြုလုပ်လာတဲ့အကျင့်ဖြစ်ပြီး တချို့အကျင့်တွေကတော့ အနေနီးစပ်ပြီး မြင်ပါများရာကနေ ကူးစက်တာမျိုးလည်း ရှိတတ်ပါတယ်။ ဘယ်လိုအပြုအမူတွေလဲဆိုတာ သတိချပ်စေဖို့ ပြောပြပေးမယ်နော်။

၁။ လက်စုပ်ခြင်း

ဒါဟာ မြင်ရသူအနေနဲ့ ရွံရှာဖွယ်ကောင်းသလို ကိုယ်တိုင်အတွက်လည်း အန္တရာယ်များပါတယ်။ လက်က မသန့်ရှင်းနေခဲ့ဘူးဆိုရင် ရောဂါပိုးမွှားတွေကို ကိုယ်ခန္ဓာထဲရောက်အောင် ကိုယ်တိုင် သယ်ယူသလို ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လက်စုပ်တာဟာ မရင့်ကျက်တဲ့အပြုအမူဖြစ်လို့ အရွယ်ရောက်သူ တစ်ယောက်အနေနဲ့ လူမှုဆက်ဆံရေးမှာ သူများရဲ့ ကိုယ့်အပေါ်အထင်မြင်သေးမှုကို ဖြစ်စေနိုင်ပါတယ်။ တချို့က အစားစားပြီးချိန်မှာ လက်စုပ်တတ်သလို တချို့ကတော့ ဒီတိုင်းနေနေရင်းကို သတိလက်လွတ်ပြုမူတတ်ကြလို့ ဒါကို သတိထားဆင်ခြင်သင့်ပါတယ်။



၂။ သွားကြားထိုးခြင်း

သွားကြားထဲမှာ အစာညပ်နေတာမျိုးကြောင့် နေရထိုင်ရခက်တဲ့အခါ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သွားကြားထိုးတာကို လုပ်ဖူးကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ခက်ခဲတဲ့အခြေအနေမဟုတ်လည်း အကျင့်တစ်ခုလို သွားကြားထိုးကြပါတယ်။ အဲဒီအပြင် သွားကြားထိုးပြီး ထွက်လာတဲ့ အစကို ပြန်နမ်းကြည့်တာမျိုးက အလွန်ရွံစရာကောင်းပါတယ်။ ဒါက လူတစ်ဖက်သားအနေနဲ့ မြင်ရတာ အလွန်ရွံရှာစရာဖြစ်ပြီး ကိုယ့်အပေါ်အထင်မြင်သေးသွားနိုင်ပါတယ်။ဒါကြောင့် လူရှေ့မှာ သွားကြားထိုးဖို့လိုအပ်တဲ့အခါ ပါးစပ်ကို လက်နဲ့ကာပြီးမှ သွားကြားထိုးသင့်ပါတယ်။

၃။ ခေါင်းကုတ်ပြီး နမ်းကြည့်ခြင်း

ခေါင်းကုတ်ပြီး နမ်းကြည့်တာဟာ မြင်ရသူအတွက် အလွန်စိတ်အနှောင့်အယှက်ဖြစ်စေပြီး ကိုယ့်ရဲ့ ပုံရိပ်ကို ကြီးကြီးမားမားထိခိုက်စေတဲ့ အပြုအမူဖြစ်ပါတယ်။ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကိုလည်း ပေါ်လွင်စေပါတယ်။ ခေါင်းမှန်မှန်လျှော်ပြီး ဦးရေပြားသန့်ရှင်းနေတဲ့အခါ ခေါင်းယားယံတာ သက်သာစေပြီး ဒီလို လူကြားထဲ ကုတ်ရတဲ့အဖြစ်ကို လျော့ကျစေပါလိမ့်မယ်။

၄။ ကုတ်ခြင်း

လူတွေက သတိမထားမိဘဲ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ ကုတ်မိတတ်ကြတယ်လို့ သုတေသနစစ်တမ်းတွေက ဆိုပါတယ်။ဒါပေမယ့် လူတစ်ဦးတစ်ယောက်နဲ့ တွေ့ဆုံစဉ် ခဏခဏကုတ်နေတာက တစ်ဖက်လူကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သလို သူ့ကိုပါ ယားယံစိတ်ဖြစ်စေပါတယ်။

၅။ တင်ပါးကုတ်ခြင်း

Photo-wordpress.com

လူကြားထဲမှာတောင် တင်ပါးကုတ်ကုတ်နေတဲ့လူတွေကို တွေ့တဲ့အခါ စိတ်ထဲမှာ ရွံပြီး ခံစားချက် တော်တော်မကောင်းတာမျိုး ဖြစ်ကြမယ် ထင်ပါတယ်။ ဒါက လူမြင်လို့ မသင့်တော်တဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ မကြာခဏ တင်ပါးယားယံတတ်တယ်ဆိုရင် ကိုယ့်မှာ အရေပြားပြဿနာတစ်ခုခုရှိနေလားဆိုတာလည်း စစ်ဆေးသင့်ပါတယ်။

၆။ လက်သည်းကိုက်ခြင်း

Photo - Freepik

လက်သည်းကိုက်တာဟာ မရင့်ကျက်တဲ့ အပြုအမူဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း အလွန်အန္တရာယ်များပါတယ်။ လက်သည်းကြားထဲမှာ ကပ်တွပ်နေတဲ့ ပိုးတွေဟာ ဝမ်းရောဂါတွေအပြင် အခုချိန်မှာဆို ကိုဗစ်၁၉ လိုဗိုင်းရပ်စ်တွေဟာ လက်သည်းမှာ ကပ်တွယ်နေနိုင်ပါတယ်။ဒါကြောင့် လက်သည်းကိုက်တဲ့ အကျင့်ကို ထိန်းချုပ်သင့်ပါတယ်။ နောက်ပြီး လက်သည်းကိုက်တဲ့အကျင့်ရှိရင် လက်သည်းအတို အမြဲတမ်းညှပ်ပြီး လက်ကို မကြာမကြာ ဆေးကြောသင့်ပါတယ်။

၇။ နှာခေါင်းနှိုက်ခြင်း

လူရှေ့မှာ နှာခေါင်းနှိုက်တတ်တဲ့ အကျင့်ဟာ ဖျောက်သင့်တဲ့ အကျင့်တစ်ခုပါ။ လူမှုဆက်ဆံရေးအနေနဲ့ ကိုယ့်ကို အထင်မြင်သေးတာ ၊ ရွံရှာတာမျိုးဖြစ်ပြီး ကိုယ့်ပုံရိပ်ထိခိုက်နိုင်ပါတယ်။ကျန်းမာရေးအရ မသန့်ရှင်းတဲ့ လက်နဲ့ နှာခေါင်းကို နှိုက်မိတဲ့အခါ ပိုးဝင်ပြီး ယောင်ယမ်းတာ ၊ အမြဲ နှာခေါင်းနှိုက်တဲ့အတွက် နှာခေါင်းအတွင်း နံရံတွေ ယောင်ယမ်းတာ ဖြစ်နိုင်ပါတယ်။ နှာခေါင်းအတွင်းကို မနက်မျက်နှာသစ်ချိန်မှာ ရေနဲ့ထိတွေ့ပြီး သန့်စင်ပေးခြင်းမျိုးကိုသာ လုပ်သင့်ပါတယ်။ တကယ်လို့ အခြားအချိန်မှာ သန့်ရှင်းချင်တဲ့အခါ တစ်ရှူး ၊ လက်ကိုင်ပဝါနဲ့ သန့်စင်တာမျိုးသာ ပြုလုပ်သင့်ပါတယ်။

အခုပြောပြသွားတဲ့ အချက်တွေထဲက စ်ချက်ချက်ကို ကိုယ်က စွဲစွဲလန်းလန်းလုပ်နေမိတယ်ဆိုရင် ဒါကို ပြင်ဖို့လိုနေပါပြီ။ ဒါတွေကြောင့် ကိုယ့်ရဲ့ လူမှုဆက်ဆံရေးထိခိုက်တာ ၊ ပုံရိပ်ထိခိုက်တာ ၊ ရသင့်တဲ့အခွင့်အရေးတွေ မရတာမျိုးတွေ ဖြစ်နိုင်တာကြောင့် သတိထား ဆင်ခြင်သင့်ပါတယ်။


Ref: rosalindarandall.com

Share

Loading Next Article...
က္က