ကလေးတွေကို အစားအသောက် ကျွေးတဲ့အခါ ပုံစံမျိုးစုံ၊ ကြည့်လိုက်တာနဲ့ ကလေးအကြိုက် ချစ်စဖွယ်ဖြစ်အောင်၊ လှနေအောင်လည်း ပြင်ပေးဖို့ လိုအပ်ပါတယ်။

“ကလေးက ထမင်းလည်း မစားဘူး။ အစားကျွေးရတာ ခက်လိုက်တာ” လို့ မေမေတွေက အမြဲတစေ ညည်းညူတတ်ကြပါတယ်။ 

Photo: The Asian Parent



ကလေးတွေကို အစားကျွေးရတာ ခက်ခဲတာကို ကြုံရတာက ကမ္ဘာပေါ်မှာ ရှိတဲ့ မိဘတိုင်း ကြုံရတဲ့အခက်အခဲပါ။ အထူးသဖြင့် အသက် (၂) နှစ်အရွယ်ကနေ အသက် (၄) နှစ်အတွင်းကလေးငယ်တွေကို အစာကျွေးရတာ အရမ်းကိုခက်ပါတယ်။ 

အဲဒီအရွယ်မှာ ကလေးတော်တော်များများက အစားဂျီးများလာပါတယ်။ ဟိုဟာမစား ဒီဟာမစား ဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်ကျရင် ဘာလုပ်ရမလဲဆိုတော့ သူတို့တွေကိုပုံစံမတူတာတွေ ကျွေးပေးဖို့ လိုအပ်ပါတယ်။ အဲဒီအချိန်မှာ မိဘတွေလည်းကမ္ဘာကျော်စားဖိုမှူးတွေ ဖြစ်သွားပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့က နည်းမျိုးစုံ၊ ပုံစံမျိုးစုံနဲ့ ကျွေးရတာကြောင့်ဖြစ်တယ်လို့ အာဟာရဆရာဝန် ဒေါက်တာ ညီညီကျော်က ပြောပါတယ်။ 

Photo: Cook for Your Life

ကလေးတွေအစားစားဖို့ တီထွင်ဖန်တီးရတဲ့ မေမေတွေ

အစားမစားတဲ့ကလေးကို အစားအစာ တစ်သမတ်တည်းမကျွေးဖို့ လိုအပ်ပါတယ်။ ဥပမာ- ကလေးကို ခေါက်ဆွဲ ကျွေးမယ်။ ခေါက်ဆွဲမစားရင် ကြာဆံကျွေးမယ်။ အိမ်မှာလုပ်တဲ့ မြူစွမ်၊ ပေါင်မုန့် ၊ ဘာဂါ၊ မျိုးစုံပေါ့နော်။ အဲဒီလိုလေးတွေ လုပ်ပြီး ပြောင်းကျွေးပါ။ အဓိကကတော့ မိဘရဲ့ တီထွင်ကြံဆမှု၊ အပေါ် အများကြီးမူတည်ပါတယ်။ 

“ ကလေးမေမေတို့ကိုပြောချင်တာက တစ်ခုခုဆိုရင် တစ်ခါလောက်လေး ကျွေးရုံနဲ့ ကလေးက မကြိုက်ဘူးဆိုတာမလုပ်သင့်ပါဘူး။ ကလေးကို အသီးတစ်ခုခုကျွေးကြည့်တယ်။ ကလေးက ဒီအသီးဆို မစားဘူးဆိုတာမျိုး ပြောကြတယ်။ဘယ်နှစ်ခါကျွေးဖူးလဲမေးလိုက်ရင် တစ်ခါလောက်ပဲကျွေးဖူးကြပါတယ်။ လူကြီးတွေတောင် ပထမဦးဆုံးစားရတဲ့အစားအစာဆိုရင် တစ်ခါတလေကျ စားဖို့ တွန့်သွားတတ်ပါတယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့အစားအစာ၊ အခြားဒေသတစ်ခုရောက်သွားရင် ကိုယ့်ပါးစပ်က စားနေကျ အရသာမဟုတ်ဘူးဆိုရင် လူကြီးတွေ ကိုယ်တိုင်တောင် နည်းနည်းလေးတွန့်သလို ဖြစ်သလိုပဲ ကလေးတွေ ဆိုတာကလည်း ပထမတစ်ကြိမ်လေး ကျွေးရုံနဲ့ မစားတာကို မစားဘူးလို့ ယူဆလို့ မရပါဘူး။ ကလေးတစ်ယောက်ကို အစားတစ်ခု စကျွေးမယ်ဆိုရင် တစ်ပတ်တိတိ သေချာလေးကျွေးဖို့ လိုအပ်တယ်။ “ လို့ အာဟာရ ဆရာဝန်ဒေါက်တာ ညီညီကျော်က အကြံပြု တိုက်တွန်းပါတယ်။

အဲဒီလို ကျွေးကြည့်လိုက်ရင် ကလေးက သူတို့မကြိုက်ဘူးဆိုတာတွေကို တစ်ဖြည်းဖြည်းချင်း စားလာမှာပါ။

Photo: hello

စားချင်စဖွယ်ဖြစ်အောင်၊ ချစ်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးပါ

ကလေးတွေကို အစားအသောက် ကျွေးတဲ့အခါ ပုံစံမျိုးစုံ၊ ကြည့်လိုက်တာနဲ့ ကလေးအကြိုက် ချစ်စဖွယ်ဖြစ်အောင်၊ လှနေအောင်လည်း ပြင်ပေးဖို့ လိုအပ်ပါတယ်။ အရသာလေးတွေလည်း မတူအောင် ပြင်ပေးဖို့ လိုအပ်ပါတယ်။ ပုံစံခွက်ကြီးနဲ့ မကျွေးပါနဲ့။ ကလေးကို အစားအသောက်တစ်ခုကို စပြီး မိတ်ဆက်ကျွေးတဲ့အခါ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ကလေးကို ဒီအစားအစာနဲ့ တစ်ရက်တည်း မိတ်ဆက်ပေးရုံနဲ့တော့ ဘာမှ ထူးခြားမှာမဟုတ်သလို ကလေးလည်းစားမှာမဟုတ်ပါဘူး။ အစားအသောက်တစ်ခု စကျွေးတဲ့အခါ ကလေးကို တစ်ပတ်လောက်တော့ စိတ်ရှည်ရှည်နဲ့ ကျွေးပေးပါ။ အဓိကက ကလေးအစားစားချင်စိတ်ဖြစ်ပေါ်ဖို့က မေမေချက်တဲ့ဟင်းပုံစံက သူစားချင်တဲ့ ဟင်းပုံစံဖြစ်အောင်လုပ်ထားလားဆိုတာတွေအပေါ်မှာ အများကြီး မူတည်တာပါ။

Photo: Oprah Daily

ကလေးတွေကို လှည့်ဖျားနိုင်တဲ့အပြင်စာများ

ကလေးတွေ အဓိက ရှောင်သင့်တဲ့အစားအစာရယ်လို့ မရှိပေမယ့် အပြင်ကရလာတဲ့အစားအစာတွေ ကို ရှောင်ဖို့ လိုအပ်ပါတယ်။ ဆီတွေအများကြီးနဲ့ ကြော်ထားတဲ့မုန့်တွေ၊ အပြင်စာတွေကို ပဲ အဓိကထား ကျွေးလိုက်တယ်ဆိုရင်တော့ ကလေးက အဲဒီအရသာကိုပဲ အရမ်းကြိုက်သွားပြီးတော့ အိမ်မှာချက်တဲ့အစားအစာတွေကို မစားတော့ပါဘူး။

ဥပမာပြောရရင် - ဆိုင်ကဝယ်လာတဲ့ ကြေးအိုးကို အသက် (၅) နှစ်မကျော်သေးတဲ့ ကလေးတစ်ယောက်ကို ကလေးက ကြည့်နေလို့ဆိုပြီး တော့ အမေက ကြေးအိုးထဲပါတဲ့ အသားလေးတစ်ဖတ်ကို ကလေးပါးစပ်ထဲ ထည့်ပေးလိုက်ပါတယ်။ အဲဒီအချိန်ကျရင် ကလေးပါးစပ်ထဲမှာ ဘာဖြစ်သွားလဲဆိုတော့ အချို့မှုန့်၊ အသားမှုန့်တွေ အရမ်းများတဲ့ အစားအစာတစ်ခုကို အရင်ဆုံးစစားလိုက်ရတဲ့အချိန်မှာ ဒီအရသာကို စွဲလမ်းသွားပါတယ်။ အဲဒါရဲ့ နောက်ဆက်တွဲက ကလေးက ဒါပဲ ကျွေးလို့ရတော့တာပါ။ အိမ်မှာ သန့်သန့်ရှင်းရှင်းနဲ့ ချက်ပေးတဲ့အစားအစာတွေကို ကလေးက လုံးဝမစားတော့ပါဘူး။ ဒါကို အထူးသတိပြုဖို့ လိုအပ်ပါတယ်။ 

အာဟာရဆရာဝန်ဒေါက်တာညီညီကျော်က “ ဖေဖေမေမေတွေကို သတိပေးချင်တာက အသက် (၅) နှစ်မကျော်မချင်း အပြင်က အစားအစာတွေကို တို့ကနန်းဆိတ်ကနန်းလုံးဝမကျွေးပါနဲ့။ ကိတ်မုန်ု့၊ ဘာဂါစသဖြင့် ဘာမှ မကျွေးပါနဲ့။ အိမ်မှာပဲ အာဟာရရှိတာတွေ ကျွေးပါ။ ငါးနှစ်ကျော်တော့မှ အဆီမများတာ၊ အချိုမများတာလေး စကျွေးလို့ရပါတယ်။ အဲဒါကို မိဘတွေအနေနဲ့ ကလေးရောကိုယ်ပါ အလေ့အကျင့်လုပ်ပေးပါ။ “ လို့ အကြံပြုပြောဆိုပါတယ်။

ဒါကြောင့် ကလေးတွေအစားမစားချင်တဲ့ပြဿနာကိုကြုံလာရပြီဆိုရင် စားဖိုမှူးမေမေတွေအနေနဲ့ အစွမ်းကုန်လက်စွမ်းပြပါ၊ စားချင်စဖွယ်ဖန်တီးတည်ခင်းပါ။ ကလေးတွေကို အပြင်စာမကျွေးမိဖို့ဂရုစိုက်ရမှာဖြစ်သလို အိမ်ချက်လက်ရာကိုမက်မောတတ်လာစေဖို့အတွက်လည်း စားဖိုမှူးမေမေတွေကြိုးစားကြဖို့အတွက် အကြံပြုတိုက်တွန်းလိုပါတယ်။ 

သတင်းဆောင်းပါးပါ အချက်အလက်များသည် Dr. Nutrition Page မှအာဟာရဆရာဝန်ဒေါက်တာညီညီကျော်က ဆွေးနွေးအကြံပြုဝေမျှပေးထားခြင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က