ဒေါ်လာသန်းချီတန် အာကာသခရီးသွားဖို့ မဖြစ်နိုင်တောင် မြန်မာငွေ ၁ သိန်းကျော်တန် Blue Origin ဒုံးပျံဝယ်ပြီး စိတ်ဖြေလို့ ရနေပါပြီ။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေး ဂျက်ဖ်ဘီဇော့စ်ဟာ သူ့ပိုင် Blue Origin ကုမ္ပဏီဒုံးပျံ New Shepard နဲ့ ကမ္ဘာ့အပြင်ဘက်ကို ပထမဆုံးအကြိမ် ရီးထွက်ခဲ့ပါတယ်။ New Shepard ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၆၂ မိုင်ရောက်ခဲ့ပြီး အာကာသနယ်စပ်ကို ရောက်ခဲ့တယ်လို့ ဘီလျံနာ ဂျက်ဖ်ဘီဇော့စ်က ဆိုပါတယ်။ သူနဲ့အပြိုင် သူ့အရင် ရက်ပိုင်းအလိုမှာ ဗြိတိန်ဘီလျံနာ ရစ်ချတ်ဘရန်ဆင်ကလည်း ကိုယ်ပိုင်အာကာသယာဉ်နဲ့ မြေပြင်အထက် ၅၃ မိုင်မှာ ရှိတဲ့ အာကာသထဲ တက်ခဲ့တာပါ။
Photo: mashable
ဘီလျံနာတွေရဲ့ အာကာသခရီးသွားပြိုင်ဆိုင်မှုတွေကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေချိန်မှာ Blue Origin ဒုံးကျည် New Shepard ရဲ့ ပုံတူအရုပ်တစ်ခု ဈေးကွက်ထဲ ရောက်လာခဲ့ပါတယ်။ ဒုံးပျံမော်ဒယ်ဖန်တီးတဲ့ Estes က New Shepard ရဲ့ ၆၆ ပုံ ၁ ပုံ စကေးအချိုးမော်ဒယ်ဗားရှင်းတစ်ခု ထုတ်လိုက်ပါတယ်။ Estes ဒုံးပျံငယ်ဟာ လေထဲ ပေ ၄၀၀ အမြင့် ပျံတက်နိုင်မှာ ဖြစ်ပြီး ပြန်အဆင်းမှာ မပျက်စီးအောင် လေထီးငယ်တစ်ခုနဲ့ ထိန်းပေးသွားမယ်လို့ Gizmodo သတင်းက ဆိုပါတယ်။
ဒီဒုံးပျံငယ်ကို Estes က ၆၉.၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ။ လွှင့်တင်တဲ့စင် ၊ ထိန်းချုပ်တဲ့ Controller ၊ Estes ရဲ့ C5-3 အင်ဂျင် pack နဲ့ အခံ recovery wadding တစ်ထုပ် ပါ ပါမယ်ဆို ၁၀၉.၉၉ ဒေါ်လာ ကျသင့်မှာပါ။ နိုဝင်ဘာ ၁ ရက်နေ့ဈေးကွက်ထဲ ထွက်ရှိမှာ ဖြစ်ပြီး preorder မှာနိုင်ပြီလို့ ဆိုပါတယ်။